မိုးညှင်း ဖေဖော်ဝါရီ ၁၄
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု သာယာကုန်းကျေးရွာမှ လေးတန်ချောင်းကိုဖြတ်သန်းကာ
စစ်ကိုင်း တိုင်းဒေသကြီး အင်းတော်မြို့နယ် မံဟဲကျေးရွာ အုပ်စုသို့ ဆက်သွယ်သည့် ပြည်နယ်ချင်းဆက်
လှည်းကူး၊ ကားကူး သစ်သားတံတားကို ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စတင်တည် ဆောက်လျက်
ရှိကြောင်း သိရသည်။
''အရင်က ဒီသာယာကုန်းကျေးရွာက ပြည်နယ်ပြည်မ ပေါင်းကူး တံတားဟာ အသစ်ဆောက်ပြီး ဖွင့်ပွဲတောင်
မလုပ်ရ သေးခင် လေးတန်ချောင်းရေကြီးလို့ပျက်စီးခဲ့တဲ့အတွက် အသစ်ပြန်ဆောက်ဖို့ ဖေဖော်ဝါရီ
၁ဝ ရက်မှာ ပန္နက်ရိုက် ပြီးတော့ ဖေဖော်ဝါရီ ၁၁ ရက်မှာစတင်ဆောက်လုပ်ခဲ့တာပါ။ လူမျိုးပေါင်းစုံ
နေထိုင်တဲ့ ကျွန်တော်တို့ရွာမှာ ပြည်ထောင်စုနေ့မှာ စတင်တည်ဆောက်လို့ ဒီတံတားအသစ်ကိုလည်း
ပြည်ထောင်စု တံတားလို့ အမည်ပေးထားပါတယ်။တံတားကို ရက်ပေါင်း ၆ဝ နဲ့ ပြီးစီးအောင် ဆောက်လုပ်သွားမှာပါ''ဟု
သာယာ ကုန်းကျေးရွာမှ ရပ်မိရပ်ဖ ဦးအောင်ဖေက ပြောသည်။
သာယာကုန်း ကျေးရွာတွင် ယခင်က တည်ဆောက်ထားသော လှည်းကူး ကားကူးသစ်သားတံတားမှာ မိုးတွင်းကာလ
လေးတန်ချောင်း ရေကြီးရေလျှံမှု ကြောင့် ရေစီးနှင့်အတူ မျောပါပျက်စီးခဲ့သဖြင့် အဆိုပါ
နေရာတွင် အသစ် ပြန်လည် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ တံတား ပြန်လည် တည်ဆောက်ရန် အတွက်
ကချင်ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံ့သော ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု
လျှော့ချရေး ရန်ပုံငွေမှ ကျပ်သိန်း ၁၅ဝ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တံတားသည် အလျားပေ
၂၈ဝ အကျယ် ၁၈ ပေ ရှိပြီး သာယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှနှင့် အထောက်အကူပြုအဖွဲ့များ၊
တံတားဖြစ် မြောက်ရေး အကျိုးဆောင်ကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက
စုပေါင်း တည်ဆောက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
သာယာကုန်းကျေးရွာသည် အိမ်ထောင်စု ၁၁၃ စု၊ လူဦးရေ ၅၈ဝ ခန့်ရှိပြီး ရှမ်း၊ ကချင်နှင့်
ဗမာလူမျိုးများ နေထိုင်ကြကာ ဒေသခံအများစုမှာ လယ်ယာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြကြောင်း၊
တံတား တည်ဆောက်ပြီးစီး သွားပါက ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့
ရာသီမရွေး ဆက်သွယ် သွားလာနိုင်မည်ဖြစ်၍ ဒေသအတွင်း ပညာရေး၊ စီးပွားရေး၊ လူမှု ရေးကဏ္ဍများတွင်
များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
နီတိုး(မော်လူး)
No comments:
Post a Comment