နေပြည်တော် ဖေဖော်ဝါရီ ၂၀
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀)နာရီ မိနစ် (၄၀)တွင် အထူး လေယာဉ်ဖြင့် နေပြည်တော်မှ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ လေဆိပ်သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် ရဟတ်ယာဉ်များဖြင့်
ချင်းပြည်နယ် ဟားခါးမြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပသည့်
ဝမ္မသူးမောင် အားကစားကွင်းသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိရာ နိုင်ငံတော် သမ္မတအား
ပြည်နယ် ဝန်ကြီးချုပ်က ချင်းတိုင်းရင်းသား ရိုးရာ အင်္ကျီ၊ ခေါင်းပေါင်း၊ လွယ်အိတ်နှင့်
ရိုးရာဓားတို့ကို ဂါရ၀ပြု ဝတ်ဆင်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား
ချင်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသား စာပေနှင့်
ယဉ်ကျေးမှု ကော်မတီမှ ကျောင်းသားကျောင်းသူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များ၊
ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိနေကြသည့် တိုင်းရင်းသား ပြည်သူများနှင့်
နိုင်ငံခြားသား ခရီးသွား ဧည့်သည်များက သောင်းသောင်းဖြဖြ ကြိုဆိုကြရာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့က
ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ချင်းရိုးရာ ဘွေ့တိုင်(ခေါ်) အကြီးအကဲ တိုင်အား စိုက်ထူကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များသည် (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို တက်ရောက် လာကြသူများနှင့်
အတူတကွ တပျော်တပါး ပါဝင်ဆင်နွှဲသည်။
ထို့နောက် ချင်းအမျိုးသားနေ့
ကျင်းပရေး ကော်မတီဝင်များအား နိုင်ငံတော်သမ္မတက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ
ပေးအပ် လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်
သမ္မတက နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် မိမိတို့ တိုင်းရင်းသား ညီအကိုများ၏ ချင်းအမျိုးသား
နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့သည် ပထဝီ အနေအထား
အရ လည်းကောင်း၊ လူမျိုး ကိုးကွယ်သည့် ဘာသာအရ လည်းကောင်း ကွဲပြားခြားနားမှုများ ရှိနိုင်သော်လည်း
မိမိတို့နိုင်ငံကို ချစ်မြတ်နိုးသည့်စိတ်၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန် လိုလားသည့်
စိတ်များတွင် တူညီပါ ကြောင်း။
ထိုအချက်(၂)ခုအပေါ်
အခြေခံပြီး ချင်းပြည်နယ်နှင့် ပြည်ထောင်စု တစ်စုလုံး တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုး
တိုးတက်အောင် ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်
သမ္မတနှင့် အဖွဲ့ဝင်များသည် (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ချင်းတိုင်းရင်းသားရိုးရာ
ကပြဖျော်ဖြေမှုများအား ကြည့်ရှု အားပေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များသည် ဟားခါး ပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ်ခန်းနှင့် သားဖွား အဆောင်သစ်ဖွင့်ပွဲ
အခမ်းအနားသို့တက်ရောက်သည်။
အခမ်းအနားတွင် အဆောင်သစ်အား
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် လွှတ်တော်
ကိုယ်စားလှယ် ဦးရိုဘင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်
သမ္မတသည် ခွဲစိတ်ခန်းနှင့် သားဖွားခန်းတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များသည် ဟားခါးမြို့ မြို့မ သာသနာပြုကျောင်းသို့ ရောက်ရှိပြီး ဆရာတော် ဦးပဏ္ဍဝ
အမှူးပြုသည့် ဆရာတော် သံဃာတော်များအား လှူဖွယ် ဝတ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်
သမ္မတသည် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဆရာတော်များအား ညနေ(၄)နာရီတွင် ပြည်ထောင်စု ရိပ်သာ၌
တွေ့ဆုံခဲ့သည်။
No comments:
Post a Comment