Thursday, February 26, 2015

မြလေယာဉ်စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၅
မိတ္ထီလာမြို့နယ်ရှိ မြလေယာဉ်စေတီတော်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ရွှေထီးတော်တင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်သြဝါဒါစရိယ မိတ္ထီလာမြို့ အသောကာရုံရေလည်ကျောင်းတိုက် ပဓာန နာယကဆရာတော်
အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တလာဘာဝတ အမှူးပြုသော ပင့်သံဃာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ် ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊ လေတပ်စခန်းဌာန ချုပ်အသီးသီးမှ ဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့မှူးများ၊အရာရှိ စစ်သည် မိသားစုဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထား သူများနှင့်ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အသောကာရုံ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာဘာဝတထံမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဧည့်ပရိ သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် များက မေတ္တသုတ်နှင့်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
ထို့နောက် အသောကာရုံ ဆရာတော်ထံ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ ကို တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့်ဇနီး အမှူးပြုသော အလှူရှင်များက ဆက်ကပ်လှူဒါန်းကြပြီး နောက် ဆရာတော် ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချ အမျှပေး ဝေကြသည်။
ယင်းနောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်အလှူရှင် များသည် စေတီတော်အထွတ်၌ တင်လှူ ပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံဆင့်များကို ပင့်ဆောင်၍ စေတီတော်ကို လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အလှူရှင်များ သည် မြလေယာဉ်ထီးတော်တင် အဖွဲ့၏ မင်္ဂလာရထားပျံဖြင့် ထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်နှင့်ရတနာစိန်ဖူးတော်တို့ကို အစီအစဉ်အတိုင်း တင်လှူပူဇော်ကြပြီး နောက် ပရိတ်နံ့သာရေများဖြင့် ပက်ဖျန်း၍ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။ မြလေ ယာဉ် စေတီတော်ကို ထီးတော်ဘုံအဆင့်ဆင့် တင်လှူပူဇော်ပြီးနောက် အရံ စေတီများသို့ စိန်ဖူးတော်များတင်လှူ ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြ သည်။
ယင်းနောက် သံဃာတော်အရှင် သူမြတ်တို့က ဦးဆောင်၍ ဇယန္တောဗောဓိယာမူလေ အစချီသော ဇယမင်္ဂလာ အောင်ဂါထာကို ရွတ်ဆိုကြသည်။ဆက်လက်ပြီး သံဃာတော် အရှင်သူမြတ် များက မြလေယာဉ်စေတီတော်ကို ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။

ဆက်လက်၍ သံဃာတော်အရှင် သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းသည်။ လက်ရှိစေတီတော်နေရာ သည် ယခင်ကစေတီ ပျက်အုတ်ပုံတစ်ပုံသာ ဖြစ်ပြီး ၁၉၅၉ ခုနှစ်တွင် တောမရွာ သရက်တောကျောင်း ဆရာတော် ဦးမေဏ္ဍကမှဦးစီး၍ တပည့်ဒါယကာ၊ဒါယိကာမများဖြင့် လက်ရှိဉာဏ်တော် အမြင့် ၅၄ ပေရှိ စေတီကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် မြလေယာဉ် ထီးတော်တင်အဖွဲ့က စေတီတော်ကို ထပ်မံပြုပြင်မွမ်းမံပြီး ထီးတော်အသစ်တင် လှူ၍ စေတီတော်မြတ် ကို မြလေယာဉ်စေတီ တော်မြတ်ဟု ဘွဲ့အမည်ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment