ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ဆက်လက် ကျင်းပရာ ထန်းတစ်ပင်
မဲဆန္ဒနယ်မှ ဦးသိန်းရီ၏ "လယ်သမားများ အငြင်းပွားမှု ကိစ္စတွင် အနိုင်ရရှိသူလယ်သမား
များ အေးချမ်းစွာ ဆောင်ရွက်နိုင်ရေးနှင့် အုပ်စုဖွဲ့ အနိုင်ကျင့်မှုများကို ကာကွယ်နိုင်ရန်
ဥပဒေများ၊ နည်းဥပဒေများ အသစ်ပြဋ္ဌာန်းရန်နှင့် ပြင်ဆင်ရန် အစီအစဉ်ရှိ မရှိ" မေးခွန်းအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း က ပြန်လည် ရှင်းလင်းဖြေကြားသည်။
ထိုသို့ ဖြေကြားရာတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့်
စပ်လျဉ်း၍ အငြင်းပွားမှုများ ဖြစ်ပွားလာပါက လယ်ယာမြေ ဥပဒေပုဒ်မ ၂၂ အရ သက်ဆိုင်ရာရပ်ကွက်
/ကျေးရွာ အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည်မူလမှုခင်း ဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊
ကြားနာခြင်း၊ ဆုံးဖြတ်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ယင်းအဖွဲ့၏ ဆုံးဖြတ်ချက်
များကို ကျေနပ်မှုမရှိပါက လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ အဆင့်ဆင့် အယူခံ ၀င်ရောက်နိုင်ပါကြောင်း။
လယ်ယာမြေဥပဒေပုဒ်မ ၃၅ အရ လယ်ယာမြေလုပ်ပိုင်ခွင့်
အငြင်းပွားမှုတွင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်အနည်းဆုံး (၆)
လမှ အများဆုံး (၂) နှစ်ထိ ချမှတ်ရမည့်အပြင် ငွေဒဏ်အနည်းဆုံး ကျပ် (၃)သိန်းမှ အများဆုံး
ကျပ်(၅) သိန်းအထိလည်း ချမှတ်နိုင်ပါကြောင်း၊ ထို့အပြင် လယ်ယာမြေလုပ် ပိုင်ခွင့် အငြင်းပွားမှုတွင်
ရှုံးနိမ့်သူလယ်သမားက အဆိုပါ လယ်ယာမြေအတွင်း အဓမ္မ ၀င်ရောက်ထွန်ယက်ပါက သက်ဆိုင်ရာရဲစခန်းသို့
တိုင်ကြားနိုင်ပြီး ရဲစခန်းမှ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၄၄၇ (ရာဇ၀တ်မကင်းသော ကျော်နင်းမှု)
အရ လည်းကောင်း၊ ထိုကဲ့သို့ ကျူးလွန်မှုသည် သီးနှံပျက်စီးဆုံးရှုံးမှုရှိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ
၄၂၇ (အကျိုးဖျက် ဆီးမှု) အရလည်းကောင်း တရားစွဲဆိုနိုင်ပါကြောင်း။
သို့ပါ၍ လယ်သမားများ အေးချမ်းစွာ လယ်ယာလုပ်ငန်းများ
ဆောင်ရွက်နိုင်ရေး၊ လူအုပ်စုဖွဲ့ အနိုင်ကျင့်မှုများ ကာကွယ်နိုင်ရေးများနှင့် စပ်လျဉ်း၍
လယ်ယာမြေ ကျူးကျော်မှုများအတွက် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လူကိုသော်လည်းကောင်း၊ ပစ္စည်းကိုသော်လည်းကောင်း
ထိခိုက်နစ်နာစေသော ပြစ်မှုများ ကျူးလွန်လာပါက ပြစ်မှုဆိုင်ရာဥပဒေ ၊ အထူးနှင့် အထွေထွေဥပဒေများဖြင့်
ကာကွယ်ထားပြီး ဖြစ်ပါသဖြင့် ဥပဒေ၊ နည်းဥပဒေ အသစ်များ ပြဋ္ဌာန်းပေးရန် အစီအစဉ်မရှိသေးပါကြောင်းဖြင့်
ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏
" မြို့နယ်များတွင် အရက်လိုင်စင်စီကို မည်ကဲ့သို့ ခွင့်ပြုချထားပြီး အရက်ဆိုင်ဖွင့်လှစ်ရောင်းချရာ၌
ဥပဒေအရ မည်ကဲ့သို့ လိုက်နာဆောင်ရွက်မည်နှင့် အရည်အသွေးစံကို မည်သည့် အဖွဲ့အစည်းမှ မည်ကဲ့သို့
စစ်ဆေးမည်ကို သိလိုခြင်း" မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်
ကျော်ကျော်ထွန်းက ရှင်းလင်းဖြေကြားရာတွင် ယစ်မျိုး လိုင်စင် လျှောက်ထား သူများအနေဖြင့်
သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးထောက်ခံချက်များနှင့်အတူ မြို့နယ်
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် (ရုံးချုပ်)သို့ အဆင့်ဆင့် တင်ပြဆောင်ရွက်ပြီး
ခွင့်ပြုချက်ရရှိသော ယစ်မျိုးဆိုင်များအား သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများက
လိုင်စင်ထုတ်ပေးလျက် ရှိပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့်
မြန်မာနိုင်ငံ ယစ်မျိုးနည်းဥပဒေ (၄) တွင် လိုင်စင်အမျိုးအစားပေါင်း (၄၁)မျိုး ပြဋ္ဌာန်းထားသော်လည်း
နှစ်စဉ် ယစ်မျိုးအစီ အစဉ်အရ တစ်နှစ်ထက်တစ်နှစ် ယစ်မျိုး လိုင်စင်အရေအတွက်များကို လျှော့ချ၍
ခွင့်ပြုပေးလျက်ရှိပါကြောင်း၊မြန်မာနိုင်ငံအတွင်း ထုတ်လုပ်သော အရက် များကို ဖြန့်ဖြူး
ရောင်းချရာတွင် အရက်သောက်သုံးသူများအား ကျန်းမာရေးနှင့်ညီညွတ်သော အရက် များကို ဘေးအန္တရာယ်ကင်းရှင်းစွာ
သောက်သုံးနိုင်ရန်အတွက် ထုတ်လုပ်သည့် အရက်နမူနာများကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်
၊ ပြည်ထဲရေးဝန်ကြီးဌာန ဓါတုဗေဒစစ်ဆေးရေးဌာန သို့မဟုတ် ကျန်းမာရေး ၀န်ကြီးဌာန ၊ ဗဟိုအစားအသောက်
နှင့် ကွပ်ကဲရေးဦးစီးဌာနတို့တွင် သောက်သုံးရန် သင့် မသင့် စစ်ဆေးခံရန်နှင့် သောက်သုံးရန်သင့်သော
ထောက်ခံချက်ရရှိမှသာ အရက်များကို ဖြန့်ဖြူးရောင်းချ စေလျက် ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅
ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုထားရှိသည့် အရက် ချက်စက်ရုံလိုင်စင် D-1 (၇၃) ခု ၊ပေါင်းဖိုလိုင်စင်
CS-2 (၃၈၉) ခုတို့ကို ဓါတုဗေဒ စစ်ဆေးမှု ခံယူစေခဲ့ပြီး စစ်ဆေးမှု ခံယူခြင်းမရှိသော
D-1 လိုင်စင်(၆) ခု၊ CS-2 လိုင်စင် (၂၁) ခုတို့အား အရက်ချက်လုပ်မှု ယာယီပိတ်သိမ်းခဲ့ပါကြောင်း။
ဓါတုဗေဒစစ်ဆေးမှု ခံယူသည့် လိုင်စင်များအနက်
စစ်ဆေးသည့်ဌာနမှ သောက်သုံးရန် အရည်အသွေး မပြည့်မီကြောင်း စစ်ဆေးတွေ့ရှိရပါက ထုတ်လုပ်
ဖြန့်ဖြူးမှုကို ယာယီပိတ်ပင်ကာ ပြန်လည်စစ်ဆေးမှုကို ခံယူစေပါကြောင်း၊ ထို့နောက် သောက်သုံးရန်သင့်လျှော်သည့်
အရည်အသွေးရှိကြောင်း ထောက်ခံချက် ပြန်လည်ရရှိမှ သာ ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊
တရားမ၀င် အရက်ပုန်း ဆိုင်များ မရှိစေရေးနှင့် အရည်အချင်းပြည့်မီသော အရက်များကိုသာ ရောင်းနိုင်ရေး
အတွက် ယစ်မျိုးလုပ်ငန်း စိစစ်ကြပ်မတ်ရေးအဖွဲ့ငယ်၊ သတင်းစုံစမ်းဖော်ထုတ်ရေး အဖွဲ့ငယ်၊
တားဆီးနှိမ်နင်းရေး အဖွဲ့ငယ်များ ဖွဲ့စည်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီး တရားစွဲဆို
ဆောင်ရွက်လျက် ရှိပါကြောင်း၊ အရက်ဆိုင်အရေအတွက် လျှော့ချရေး၊ အရက်ပုန်းဆိုင်များပပျောက်ရေး၊
လိုင်စင်ခွင့်ပြုချက်ရရှိထားသော ယစ်မျိုးဆိုင်များမှ သတ်မှတ်စံချိန်စံညွန်းနှင့် ကိုက်ညီသော
အရက်များကိုသာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ ရေးများနှင့်စပ်လျဉ်း၍ ယစ်မျိုး အက်ဥပဒေနှင့်အညီ
ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးမြင့်စိုးက
" အဝေးပြေးလမ်းမကြီးများ ဖြစ်ကြသော AH-1 ,AH-2 လမ်းမများ ဘေးတွင် မူလ ကတည်းက မူလလမ်းမကြီး
အကျယ် ပေ(၁၀၀) သတ်မှတ်ချက်ဘေးတွင် နေထိုင်ကြ သော ပြည်သူများအား ယခုအခါ လမ်းမကြီးအကျယ်
ပေ (၂၃၀) သတ်မှတ်သဖြင့် လမ်းမကြီး ဥပဒေ သစ်အရ ကျူးကျော်ဟု သတ်မှတ်ပြီး တရားစွဲဆို အရေးယူအပြစ်
ပေးခြင်းများ ရှိလာနိုင်သဖြင့် မူလက တည်းက တည်ရှိသော မြို့/ရွာ လမ်းမဘေးနေ အိမ်ခြံဝန်းများအား
တရားစွဲဆို အရေးယူခြင်းမှ ကင်းလွတ် ခွင့်ပေးရန် နိုင်ငံတော် အစိုးရအားတိုက်တွန်းကြောင်း
" အဆိုကို တင်သွင်းရာ လွှတ်တော်က မှတ်တမ်း တင်သည်။
No comments:
Post a Comment