Saturday, February 14, 2015

လောက်ကိုင်ဒေသ ကြံစိုက်ခင်းများမှ နေရပ်ပြန်ကြမည့် ကြံခုတ်သမားများကို လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်း ဆရာတော်က ကူညီစောင့်ရှောက်ထား

လားရှိုး ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီးဝန်းကျင်ရှိ ကြံစိုက်ခင်း များမှ အလုပ်သမား များသည် နေရပ်ဒေသအသီးသီးသို့ပြန်ရန် လားရှိုးမြို့သို့ ရောက်ရှိလာရာ လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း ဆရာတော် ဘဒ္ဒန္တပုညနန္ဒက ကူညီစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။

''ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အလုပ်သမားတွေရောက်လာကြတယ်။ အားလုံးက မြန်မာပြည်အရပ်ရပ်က ကြံသွားခုတ်တဲ့ အလုပ်သမားတွေပါ။ သူတို့ဒုက္ခရောက်လာကြတယ်။ တချို့က အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ စောင် လည်းမပါ၊ အနွေးထည် လည်းမပါ အသက်လုပြေးလာကြရတယ်လို့ ပြောတယ်။ ပြန်စရာနေရာမရှိ၊ စားစရာ၊ တည်းစရာနေရာလည်းမရှိလို့ ဆရာတော် ဆီမှာ ခဏလာတည်းတာ ဆရာတော်ကစောင့်ရှောက် ကျွေးမွေးထားတာပါ။ အလှူရှင်တွေလည်း ရောက်လာပါတယ်''ဟု မန်ဆူရှမ်းကျောင်းဆရာတော်က မိန့်တော်မူသည်။
အဆိုပါ ကြံခုတ်အလုပ်သမားများသည် လောက်ကိုင်ဒေသဝန်းကျင်ရှိ ကြံခင်းများ၌ လူပေါင်းသောင်းချီ၍ အလုပ်လုပ်ကိုင်လျက် ရှိရာ ကိုးကန့်ဒေသ၌ မြန်မာ့တပ်မတော်နယ်မြေ ရှင်းလင်းဆောင်ရွက်စဉ် ဖုန်ကြားရှင် ခေါင်းဆောင်သော လက်နက်ကိုင် အဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်လာသဖြင့် ကြံခင်းများကိုစွန့်ခွာပြီး နေရပ်အသီးသီးသို့ ပြန်ကြရာမှ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူ (ရှမ်းကျောင်း) ၌ ဝင်ရောက်စောင့် ရှောက်မှုခံယူ နေရခြင်း ဖြစ်ကြောင်း သိရသည်။
''ဖေဖော်ဝါရီ ၉ ရက်၊ ၁ဝ ရက်မှာ တိုက်ပွဲဖြစ်သံတွေကြားရတယ်။ ၁ဝ ရက်နေ့ညမှာ ပိုပြီးတိုက်ပွဲဖြစ်တယ်။ ဒါကြောင့် ၁၁ ရက်နေ့ မနက်ခင်းမှာ ကြံခင်းတွေက အလုပ်သမား တစ်သောင်းကျော်လောက် လောက် ကိုင်ကို လမ်းလျှောက်ခဲ့ရတယ်။ လောက်ကိုင်မှာ ကားတွေမရှိတော့ဘူး။ ဒါကြောင့် မိုင် ၂ဝ ကျော်ကို ဆက်ပြီး လျှောက်လာတော့ ပါစင်ကျော်ရွာကို ရောက်လာကြတယ်။ အဲဒီမှာ တပ်မတော်က ၁၂ ဘီး ကားကြီးတွေနဲ့ တင်ပေးလိုက်တယ်။ လားရှိုးကို ည ၇ နာရီရောက်လာတာ ပြန်စရာငွေလည်းမရှိ၊ စားစရာလည်း မရှိ၊ လမ်းဘေး ပလက်ဖောင်းမှာ စုထိုင်နေတုန်း မန်ဆူဆရာတော်ဆီသွားဖို့ မိသားစုတစ်စုက ရောက်လာပြီး လမ်းညွှန်တာနဲ့ ဆရာတော် ကျောင်းကို သွားကြတာပါ'' ဟု အောင်လံမြို့အနီး ရမဲညိုရွာမှ ကိုမြမောင်က ပြောကြားသည်။
''ဒီမနက်မှာ ဆရာတော်နဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ စီစဉ်ပေးတဲ့ ကားတွေနဲ့ မြင်းခြံဘက်ကို ပြန်ပါမယ့်။ ဆရာတော်က မနက်စာ ကျွေးလိုက်တဲ့အပြင် ညစာပါထည့် ပေးလိုက်ပါတယ်။ သောက်ရေသန့် တွေကို Royal Heart သောက်ရေ သန့်က လာလှူတယ်'' ဟု မြင်းခြံ အနီး ရွာတစ်ရွာမှ ကိုဘမောင်က ပြောကြားသည်။
နေရပ်ပြန် ကြံခုတ်လုပ်ငန်း လုပ်ကိုင်သူများကို လားရှိုးသို့ ရောက်ရှိစဉ် တည်းခိုရေး၊ စားရေးအဆင်ပြေ စေရန်အတွက် ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးစိန်အုပ်က ဦးဆောင်၍ စီမံဆောင်ရွက်ပေး လျက်ရှိရာ တည်းခိုရေး အခက်အခဲ ရှိသူများ အတွက် သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်၊ ရတနာဇေယျုံ ကျောင်းတိုက်၊ အထက (၁) တို့၌ စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
တိမ်းရှောင်လာသော ပညာရေး ဝန်ထမ်းများအတွက် တွဲဖက်ပြည်နယ် ကြက်ခြေနီကြီးကြပ်ရေးကော်မတီက လှူဒါန်းသောစောင်၊ ခြင်ထောင်၊ ဆပ်ပြာ၊ ရေပုံးနှင့် အခြားအသုံး အဆောင်ပစ္စည်း ၁၁ မျိုးတို့ကို တစ် ဦးချင်းစီ အလိုက် ဥက္ကဋ္ဌ ဒေါက်တာ ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ပြီး နေရပ်ပြန်ရန် ရောက်ရှိ လာသူများအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းက ငွေ ကျပ် ၁ဝ သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလားတူ နေရပ်ပြန်ရန်ရောက် ရှိနေသောသူများ၏ စားသောက်ရေး အဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း (ရှမ်း/မြောက်) က ထမင်းနှင့် အခြားစားသောက်ဖွယ်ရာများကို လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။

ကိုးကန့်ဒေသမှ တိမ်းရှောင်လာ ကြသူများအနက် အချို့သည် လောက်ကိုင်မှ လားရှိုးအထိ ကားခများကို တစ်သိန်းဝန်းကျင်နှင့် ကွမ်းလုံမှ လားရှိုးသို့ ငွေကျပ် ၂ဝဝဝဝ ပေး၍သွားလာကြရကြောင်းနှင့် ပိုက်ဆံမတတ်နိုင် သူများကလည်း ခြေကျင်ခရီးဖြင့် လမ်းလျှောက်ပြန်လာ ခဲ့ကြရကြောင်း သိရသည်။ 

No comments:

Post a Comment