Thursday, February 26, 2015

၂၀၁၅ခုနှစ်၊ စတုတ္ထအကြိမ် အမျိုးသား အားကစားပွဲတော် (၂၆.၂.၂၀၁၅)ရက်နေ့ အားကစားပြိုင်ပွဲများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ)၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း လိုက်လံကြည့်ရှု အားပေး၍ ဆုများချီးမြှင့်




နေပြည်တော် ဖေဖော်ဝါရီလ ၂၆

မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး၊ (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အောင်မြင်မှုများ ထပ်မံရယူနိုင်ရေးနှင့် တစ်မျိုးသားလုံး ချစ်ကြည်ရင်းနှီးစွာ တည်ရှိနေစေရေးတို့ကို ရည်ရွယ်၍ ကျင်းပပြုလုပ်လျှက်ရှိသော ၂၀၁၅ ခုနှစ်၊ စတုတ္ထအကြိမ် အမျိုးသား အားကစားပွဲတော် (၂၆.၂.၂၀၁၅) ရက်နေ့ အားကစားပြိုင်ပွဲ များကို နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ဝင်းနှင့်
 


ပျဉ်းမနား မြို့နယ် ပေါင်းလောင်း အားကစားခန်းမ တို့၌ ယနေ့နံနက် (၈) နာရီအချိန်မှစတင် ယှဉ်ပြိုင်ကစားလျှက်ရှိရာ ကာကွယ်ရေး ဦးစီချုပ်ရုံး (ကြည်း)၊ တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ)၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်းနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က လိုက်လံ ကြည့်ရှုအားပေး ခဲ့ပြီး ဆုများချီးမြှင့်ကြပါသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းသည် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပလျှက်ရှိသော ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေကြပုံများကို ကြည့်ရှုအားပေးပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ) ဒုတိယ ဗိုလ်ချုပ်ကြီးစိုးသိန်းက အမျိုးသား မာရသွန်ပြိုင်ပွဲ တွင် ပထမဆုရရှိသော သောင်းအေး(တနင်္သာရီ)၊ ဒုတိယဆုရရှိသော ဝေလင်းထွန်း(မွန်)၊ တတိယဆုရရှိသော ဝဏ္ဏလင်း (စစ်ကိုင်း) တို့အားလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် အမျိုးသမီးသုံးဆင့်ခုန် ပြိုင်ပွဲတွင် ပထမဆုရရှိသော အေးအေးသန်း (စစ်ကိုင်း)၊ ဒုတိယဆုရရှိသော ဆုမြတ်သန္တာသိမ့် (မကွေး)၊ တတိယဆုရရှိသော နှင်းထက်ထက်လှိုင် (ကရင်) တို့အားလည်းကောင်း၊ မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီဝင် ဦးသန်းဝင်းမောင်က အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဒီရဲဂူ (ကချင်)၊ ဒုတိယဆုရရှိသော သိန်းဇော်မျိုး (ဧရာဝတီ)၊ တတိယဆုရရှိသော ကျော်ညီညီထွေး (ဧရာဝတီ) တို့အား လည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းနှင့် အမျိုးသား အားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီ ဒုတိယ ဥက္ကဌ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းတို့သည် ဝဏ္ဏသိဒ္ဓိ(ဗ)ရုံတွင် ကျင်းပလျက်ရှိကြသော အမျိုးသား/အမျိုးသမီး ကရာတေးဒိုပြိုင်ပွဲ ယှဉ်ပြိုင်နေကြပုံများ အားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ (B) ရုံတွင် ကျင်းပလျှက်ရှိကြသော အမျိုးသား/အမျိုးသမီး (၂) ယောက်တွဲ ပိုက်ကျော်ခြင်း ယှဉ်ပြိုင်နေကြပုံများအား လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ (ဃ) ရုံတွင် ကျင်းပလျှက်ရှိသော သိုင်းပြိုင်ပွဲ ယှဉ်ပြိုင်နေကြပုံများအား လည်းကောင်း၊ ဘော်လီဘော လေ့ကျင့်ရေးရုံတွင် ကျင်းပလျှက်ရှိသော အကြိုဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေကြပုံများကို လည်းကောင်း၊ ဘတ်စကက်ဘော အားကစားရုံတွင် ကျင်းပလျှက်ရှိသော ကွာတားဖိုင်နယ် ပွဲစဉ်များ ယှဉ်ပြိုင်နေကြပုံများအား လည်းကောင်း လိုက်လံ ကြည့်ရှုအားပေးခဲ့ပါသည်။
ထိုမှတစ်ဆင့် မွန်းလွဲ (၁) နာရီအချိန်တွင် ပျဉ်းမနားမြို့နယ် ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပလျှက်ရှိသော အလေးမပြိုင်ပွဲများ ယှဉ်ပြိုင်နေကြပုံများကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများအပြီးတွင်  အမျိုးသား (၆၉) ကီလိုတန်းတွင် ပထမဆုရရှိသော မြင့်ကြည် (စစ်ကိုင်း)၊ ဒုတိယ ဆုရရှိသော ဝေယံဖြိုး (နေပြည်တော်)၊ တတိယဆုရရှိသော မျိုးမြတ်အောင် (မွန်ပြည်နယ်) တို့အား ဒုတိယ ဗိုလ်ချုပ်ကြီးက ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းသည် ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ဝင်းသို့ ရောက်ရှိပြီး လက်ဝှေ့ အားကစားရုံတွင် ကျင်းပလျှက်ရှိသော လက်ဝှေ့ပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment