Saturday, February 14, 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့အထိမ်းအမှတ် ရာပြည့်ပွဲ နှင့် ဗိုလ်ချုပ်ကြေးရုပ် အုတ်မြစ်ချ အခမ်းနား မလှိုင်မြို့၌ ကျင်းပ

မလှိုင် ၊ ဖေဖေါ်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ် ရာပြည့်ပွဲ နှင့် ဗိုလ်ချုပ်ပုံတူ ကြေးရုပ် တည်ဆောက်ရန် အုတ်မြစ်ချမင်္ဂလာ အခမ်း အနား ကို ဖေဖေါ်ဝါရီ ၁၃ ရက် နံနက် ၈ နာရီက ပန်းလှိုင်ရွှေဝါ ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ နိုင်ငံတော်သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။



ထို့နောက် ဗိုလ်ချုပ်ကြေးရုပ် ပုံတူ တည်ဆောက်ရန် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကိုကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်၊ မြို့နယ် စည်ပင်သာယာကော်မတီ ဌက္ကဌ ဦးမြသန်း နှင့် ရာပြည့်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ ဦးသိန်း တို့က ရွှေအုတ် ၊ ငွေအုတ်၊ ပတ္တမြားအုတ်တို့ကို အုတ်မြစ်ချ ပေးပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့သည်။
ဗိုလ်ချုပ် အောင်ဆန်း ပုံတူကြေးရုပ် ကို အမြင့် ၇ ပေ ၊ အုတ်ခုံ အမြင့် ၅ ပေ ၊ စုစုပေါင်းအမြင့် ၁၂ ပေဖြင့် မြို့နယ်စည်ပင် သာယာပန်းခြံ အတွင်းတည်ဆောက်သွားမည်ဖြစ်သည်။ ဆက်လက်၍ ရာပြည့်ပွဲကို ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ရာပြည့်ပွဲ ကျင်းပရေးကော်မတီဥက္ကဌက ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့အထိမ်းအမှတ် ရာပြည့်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆရာမ ဒေါ်မိုးမိုးသိန်း က ဗိုလ်ချုပ် အထ္ထုပ္ပတ္တိ နှင့် ဂုဏ်ရည်များ ကိုဟောပြောခဲ့သည်။
ဆက်လက်၍ ဗိုလ်ချုပ်ပုံတူ ကြေးရုပ် တည်ဆောက်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အလှူငွေ ကျပ် သုံးသိန်း ၊ ပညာရေးမိသားစုက ငွေကျပ် ၅သိန်း ၊ ဦးသိန်းထိုက်+ဒေါ်အေးအေးနွယ်( ကြယ်ငါးပွင့် လက်ဖက်စပ်ချဉ် ) မိသားစုက ငွေကျပ်၂သိန်း၊ ဦးဖိုးချား +ဒေါ်တင်အေး မိသားစုကငွေကျပ် ၂ သိန်း၊ ဦးကိုကို+ဒေါ်ဖြူဖြူစိန် (မိသားစုဘော်ဒါ) မှငွေကျပ်၂ သိန်း ပေးအပ် လှူဒါန်းရာ၊ ရာပြည့်ပွဲ ကျင်းပရေးကော်မတီအတွင်းရေးမှူး ဦးသောင်းတင့်ကလက်ခံရယူခဲ့သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်း အမှတ် ရာပြည့်ပွဲ ပြခန်းများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်

No comments:

Post a Comment