မြေအရင်းအမြစ် စီမံခန့်ခွဲရာတွင်
စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လူမှုရေးဆိုင်ရာ ရှုထောင့်စုံမှ သုံးသပ်ပြီး
မှန်ကန် ပြည့်စုံသည့်မူဝါဒ၊ ခိုင်မာသည့် ဥပဒေမူဘောင်နှင့် စွမ်းရည်ရှိသော မြေစီမံအုပ်ချုပ်ရေး
စနစ်များကို ချမှတ်ကျင့်သုံး အကောင် အထည်ဖော်ရန် အလွန်အရေးကြီးပါသည်။
ထို့ကြောင့် မြေမူဝါဒကို
မျှမျှတတခွဲ ဝေခံစားမှု၊ မြေပိုင်ဆိုင် လုပ်ကိုင်ခွင့် လုံခြုံစိတ်ချ အာမခံနိုင်မှု၊
ရင်းနှီးမြှုပ်နှံမှုများ အတွက် ထုတ်လုပ်နိုင်စွမ်းရှိမှု၊ ရေရှည်တည်တံ့ ခိုင်မြဲသည့်
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှု၊ အမျိုးသားရေး လက္ခဏာ မပျောက်ပျက်ရေး၊ ယဉ်ကျေးမှု
ဓလေ့ထုံးတမ်းများ ထိန်းသိမ်းနိုင်မှု စသည့်ကောင်းမွန်သော ရည်ရွယ်ချက်များ ချမှတ် ဆောင်ရွက်လျက်ရှိပြီး
ပြည်သူများ လူမှုဘဝလုံခြုံရေးအတွက် အာမခံချက်ရှိသည့် မြေအသုံးချမှုမူဝါဒ ပြဋ္ဌာန်း နိုင်ရေးအတွက်
ဆောင်ရွက်လျက်ရှိရာပြည်သူ လူထုအား လက်ရှိအဆင့်ဆင့် ရေးဆွဲ ထားသည့် မူကြမ်းကို ချပြဆွေးနွေးပြီး
အကြံပြုချက်များအပေါ် မူဝါဒ (မူကြမ်း)ကို ကျစ်လျစ်ခိုင်မာစေရန် ပြင်ဆင်ရေးသား ပြုစုသွားမည်
ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြေအသုံးချမှုမူဝါဒ
(မူကြမ်း)နှင့် စပ်လျဉ်းသည်များကို ဇန်နဝါရီ ၃၁ ရက်တွင် သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ
ဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပခဲ့သည့် အမျိုးသား မြေအသုံးချမှုမူဝါဒ (မူကြမ်း)အပေါ်
ဆွေးနွေးသည့် ပထမအကြိမ် ကျွမ်းကျင်သူများ စားပွဲဝိုင်း ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်အား မေးမြန်းဖြစ်ခဲ့သည်။
ဒေါက်တာညီညီကျော် (ညွှန်ကြားရေးမှူးချုပ်၊သစ်တောဦးစီးဌာန)
အမျိုးသားမြေအသုံးချမှု မူဝါဒ
(မူကြမ်း)နဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်သူများ စားပွဲဝိုင်း ဆွေးနွေးရခြင်း ရည်ရွယ်ချက်
ကတော့ အမျိုးသားမြေ အသုံးချမှု မူဝါဒကို နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်နဲ့ ရေးဆွဲပြီးတိုင်း
ဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ မြို့ပေါင်း ၁၇ မြို့မှာရှိတဲ့ ပြည်သူလူထုကို
ဥပဒေမူကြမ်း အချက်အလက်တွေကို ရှင်းလင်းတင်ပြ ခဲ့ပါတယ်။ ရှင်းလင်း တင်ပြချက်များအပေါ်
မူတည်ပြီး ရရှိခဲ့တဲ့ အကြံပြုချက်တွေကို ကျွမ်းကျင်သူတွေကို ဖိတ်ကြားပြီး တော့ ဒီအစည်းအဝေးမှာ
တင်ပြတာ ဖြစ်ပါတယ်။ ထပ်မံပြီးတော့ ဖြည့်စွက်ဖို့ရှိရင်လည်း ဖြည့်စွက်လို့ ရအောင် ဒီနေ့ဆွေးနွေးပွဲကို
ကျင်းပရတာပါ။ ဆက်လက် ပြီးတော့လည်း ဒုတိယအကြိမ် ဆွေးနွေးပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ရေးဆွဲထားတဲ့ မူကြမ်းကို ထပ်မံပြုစု ရေးဆွဲပြီးတော့ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်မှာ
အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေပွဲကို ကျင်းပပြီး အမျိုးသား မြေအသုံးချမှု မူကြမ်းကို
ရှင်းပြသွားမှာ ဖြစ်ပါတယ်။ ဒါမှလည်း အများပြည်သူ သဘောတူတဲ့ မူဝါဒမူကြမ်းတစ်ခု ဖြစ်လာမှာ
ဖြစ်ပါတယ်။ အဖွဲ့အစည်းအသီးသီး၊ လယ်သမားအားလုံး ပူးပေါင်းပါဝင်ဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
''အမျိုးသား မြေအသုံးချမှု
မူဝါဒရေးဆွဲရေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြေအသုံးချမှုနဲ့ ပတ်သက်ပြီးတော့
ဝန်ကြီးဌာန အသီးသီး၊ အဖွဲ့အစည်း အသီးသီးကနေ တာဝန်ယူ စီမံခန့်ခွဲရတဲ့ မြေအမျိုးအစားအပေါ်
မူတည်ပြီးတော့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အဓိကကျတဲ့ အမျိုးသားအဆင့် မြေအသုံးချမှု
မူဝါဒ ကျွန်တော်တို့နိုင်ငံမှာ မရှိခဲ့ပါဘူး။ ဥပဒေအမျိုးမျိုး၊ လုပ်ထုံးလုပ်နည်း အမျိုးမျိုး၊
စီမံခန့်ခွဲမှု အမျိုးမျိုးနဲ့အတူ နိုင်ငံတော် အနေနဲ့ မြေအသုံးချမှု အတွက် အင်မတန်အရေးကြီးတဲ့
မူဝါဒတစ်ရပ် မဖြစ်မနေ ရေးဆွဲချမှတ် နိုင်ဖို့လည်း အရေးကြီးပါတယ်။
ပထမအဆင့်ကတော့ မူဝါဒတစ်ခု
ရေးဆွဲပြဋ္ဌာန်းပေးဖို့လိုပါတယ်။ မူဝါဒရရှိပြီဆိုရင် မူဝါဒအပေါ်အခြေခံပြီး တည်ဆဲဥပေဒ အားလုံးကို
လွှမ်းခြုံပြီးတော့ ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။ တည်ဆဲဥပဒေများနဲ့ လိုက်လျောညီ ထွေဖြစ်ဖို့
လိုသလို မူဝါဒအနေနဲ့လည်း ကိုက်ညီဖို့လိုပါတယ်။ မြေအရင်းအမြစ် ဥပဒေတစ်ခု ရေးဆွဲပြဋ္ဌာန်းရမှာ
ဖြစ်ပါတယ်။ အဲလို မြေအရင်းအမြစ်ဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီးပြီဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့
မြေအသုံးချမှုဆိုင်ရာ အခြေအနေတွေ၊ အငြင်းပွားမှု တွေကို ဥပဒေနဲ့အညီ စနစ်တကျ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်မို့ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ပထမအဆင့် မူဝါဒကို ရေးဆွဲရမှာ ဖြစ်ပါတယ်။
ဒုတိယအနေနဲ့တော့ အမျိုးသားမြေ အရင်းအမြစ် ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။
အမျိုးသားမြေအသုံးချမှု မူဝါဒ
(မူကြမ်း)ကို စတင်ရေးဆွဲခဲ့တာတော့ ၂ဝ၁၂ ခုနှစ်ကတည်းကပါ။ ပဉ္စမမူကြမ်း ကိုတော့ ၂ဝ၁၄ ခုနှစ်မှာ
ရေးဆွဲနိုင်ခဲ့ပါတယ်။ အခုဆိုရင် ပြည်သူလူထုနဲ့ ဆွေးနွေး အကြံပြုချက်များ ရရှိခဲ့ပြီးဖြစ်ပါတယ်။
ဒီနေ့ဆွေးနွေးတဲ့ ပထမအကြိမ် ကျွမ်းကျင်သူများ စားပွဲဝိုင်းကနေ ထပ်မံပြင်ဆင် ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့
ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒုတိယအကြိမ် ဆွေးနွေးပွဲကို လာမယ့်နှစ်ပတ်အတွင်း ဆောင်ရွက်ပြီးရင်တော့
အမျိုးသားအဆင့် အလုပ်ရုံဆွေး နွေးပွဲတစ်ခုကို ဖေဖော်ဝါရီလကုန်လောက်မှာ ဆောင်ရွက်ဖို့
ရည်မှန်း ထားပါတယ်။ အဲဒီရလဒ်အပေါ် မူတည်ပြီး အားလုံး သဘောတူညီတဲ့ အကြံပြုချက်တွေ ရပြီဆိုရင်
နိုင်ငံတော်အစိုးရကို တင်ပြပြီးတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်စတဲ့ လွှတ်တော်
အဖွဲ့အစည်း အသီးသီးကို တင်ပြသွားမှာ ဖြစ်ပါတယ်။'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်၏ အနာဂတ်တွင်
သွားလိုသည့် မြေအရင်းအမြစ် စီမံခန့်ခွဲမှုသည် ရိုးရိုးရှင်းရှင်းဖြစ်ရန် အရေးကြီး ပါကြောင်း၊
ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှုသို့ ရှေးရှုဦးတည်နေသည့် ကာလတွင် ပြည်သူများ လွယ်ကူစွာ နားလည်လက်ခံနိုင်မည့်
မူဝါဒဥပဒေနှင့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်သူ အကျိုးပြုနိုင်မည့်
လက်တွေ့ကျ သည့်မူဝါဒ၊ တရားမျှတသော ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စီမံခန့်ခွဲ မှုပုံစံများ
ဖြစ်လာအောင် ပြောင်းလဲပြုပြင် သွားရန် အချိန်တန်ပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
နိုင်ငံတော်၏မြေကို နိုင်ငံသား
အားလုံးအတွက် မျှမျှတတဖြင့် အကျိုးဖြစ်ထွန်းစွာ အသုံးချနိုင်ရေး ဦးတည် ဆောင်ရွက် သွားရမည်
ဖြစ်ကြောင်း၊ မြေအမျိုးအစား အလိုက် ပြည်သူလူထု၏ ပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်များကို
ဥပဒေကြောင်းအရ အခိုင်အမာ အကာအကွယ်ပေးရမည် ဖြစ်ပါကြောင်း၊ အသေးစား လုပ်ကွက်ငယ် တောင်သူ
လယ်သမားများ၏ မြေယာ ပိုင်ဆိုင်ခွင့်များကို ကာကွယ်ပေးပြီး ကျေးလက် မြေယာ ကုန်ထုတ်လုပ်ငန်းများ
ရှင်သန် ဖွံ့ဖြိုး တိုးတက်စေရမည် ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှု
စီမံကိန်းများဖော်ဆောင်ရန် မြေပိုင်ဆိုင် လုပ်ပိုင်ခွင့်များကိုလည်း အာမခံပေးရမည်ဖြစ်ပါကြောင်း၊
ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဓလေ့ ထုံးစံ၊ မိရိုးဖလာ ဆက်ခံပိုင်ခွင့်များကို လေးစားလက်ခံပြီး
ခေတ်နှင့်အညီ တရားဝင်မှုရှိအောင် ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ထိရောက်သည့် မြေယာစီမံ
ခန့်ခွဲ အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာအောင် မြှင့်တင်ပေးရန်နှင့် စီးပွားရေး၊ လူမှုရေး၊
သဘာဝ ပတ်ဝန်းကျင်နယ်ပင် (၃)ရပ် သဟဇာတဖြစ်လျက် နိုင်ငံတော်၏ မြေအရင်းအမြစ်များ ရေရှည်
တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများ
မြှင့်တင်ပေးရန် ဖြစ်ပါကြောင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က
အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
မြေဆိုသည်မှာ လူတိုင်းနှင့်
သက်ဆိုင်လျက်ရှိရာ အများပြည်သူ အကြံပြုချက်များ ပါဝင်မှသာလျှင် ပိုမိုပြည့်စုံသည့်
မူဝါဒတစ်ခုကို ရေးဆွဲနိုင်မည် ဖြစ်ခြင်းကြောင့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁ဝ ရက်မှ စတင်ကာ
၂၈ ရက်အထိ တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၇ ခုကို သွားရောက်ကာ ဆွေးနွေး အကြံပြုချက်များရရှိယူခဲ့ပြီး
တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ချပြ ဆွေးနွေး အကြံပြုခဲ့ရာ၌ အကြံပြုချက်
၈၈၅ ခုရရှိခဲ့ပြီး စာဖြင့် ပေးပို့လာသည့် အကြံပြုချက်၂၄ ချက် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စုစုပေါင်း အကြံပြုချက် ၉ဝ၉ ချက်နှင့် ပတ်သက်၍ ဒီဇင်ဘာလနှင့် ယခု ဇန်နဝါရီလတို့တွင်
အကြံပြုချက်များကို တူရာစုကာ သရုပ်ခွဲဆောင်ရွက်ခဲ့ပြီး ယခု ကျွမ်းကျင်သူများ စကားဝိုင်း
ကျင်းပလျက် ရှိသည်။ ကျွမ်းကျင်သူများ စကားဝိုင်းကို နောက်ထပ် တစ်ကြိမ် ထပ်မံကျင်းပသွားမည်
ဖြစ်ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးပါက အဆင့်ဆင့်တင်ပြ ဆောင်ရွက်မှုများကို
ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment