Sunday, February 1, 2015

ကုလားပဲစားသူများ သတိထားစရာ

ကြည်လွင်မြင့်(မုဒြာ)
အမြန်လမ်း အဝေးပြေးလမ်းမကြီးပေါ်တွင် ကားမောင်းခဲ့သူ တစ်ဦးသည် နေ့ခင်းကြောင်တောင် လမ်းတစ်ဝက်တွင် အိပ်ငိုက်လာသဖြင့် အထူးသတိထားမောင်း ခဲ့ရသည်ဟုဆိုသည်။ မရသည့်အဆုံးတွင် ဆက်မမောင်းတော့ဘဲ မိမိကြောင့် အန္တရာယ်ဖြစ်မည် စိုးသဖြင့် အခြားသူတစ်ဦးကို ပြောင်းပြီး မောင်းခိုင်းရသည်ဟုဆိုသည်။ ကားမောင်းရင်း အိပ်ငိုက်ရသည့် ထိုသူမှာ စာရေးသူ၏မိတ်ဆွေဖြစ်သဖြင့် ကားမောင်းမလာမီက မည်သည့်အစာစားခဲ့သလဲ မေးကြည့်သောအခါ ရန်ကုန်မြို့မှ ထွက်လာပြီး ပဲခူးမြို့အဝင် ထမင်းဆိုင်တစ်ဆိုင်တွင် ရပ်နားပြီး ထမင်းစားရာတွင် ဆိတ်သားနှင့် ကုလားပဲဟင်းကို တစ်ဝစားခဲ့ကြောင်း ပြောပြသည်။

ပဲအမျိုးမျိုးတွင် ကုလားပဲသည် အနောက်တိုင်းဆေးပညာ အလိုအရ အာဟာရဓာတ်အပြည့်ပါပြီး ''ပရိုတင်း'' ခေါ်အသားဓာတ် အပြည့်အဝပါသော ပဲမျိုးဖြစ်သည်။ ခွန်အားကိုဖြစ် စေသည်။ ကြွက်သားအားကိုဖြစ်စေသည်။ ကလေးများကို ငယ်စဉ်က ကုလားပဲ(သို့မဟုတ်) ကုလားပဲနှင့်ပြုလုပ်ထားသော မုန့်၊ အစာအာဟာရများကျွေးမွေးခဲ့လျှင် ကြီးထွားလွယ်ပြီး အရပ်လည်း ရှည်စေနိုင်သဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုကို အလေးထားသောနိုင်ငံများတွင် မူလတန်းကျောင်းသား အရွယ်ကလေးများကို ကျောင်းများမှပင် အာဟာရအဖြစ် ကျွေးမွေးသည်။ ထိုသို့ပြုစုကျွေးမွေးရာတွင် ကုလားပဲသည် အဓိကထည့်သွင်းသော အစာဖြစ်သည်ဟု ရှေးယခင်နှစ် ၂ဝ ခန့်ကပင် ဖတ်ရှုခဲ့ရဖူးပါသည်။ ကုလားပဲကို နွားနို့နှင့်
တန်းတူထား၍ ကြီးထွားဖွံ့ဖြိုးမှုအတွက် ကျွေးမွေးနိုင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံရေးသမိုင်းတွင်လည်း လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးသည် ကုလားပဲအစိမ်းကို အခွံမချွတ်ဘဲ ရေစိမ်၍ နေ့စဉ်စားခဲ့သည်။ သူ၏ ဥပဓိရုပ်မှာလည်း တောင့်တင်းခိုင်မာသည့် ရုပ်မျိုးဖြစ်သည်ကို တွေ့ရသည်။ ထို့အတူပင် ခွန်အားတောင့်တင်းသည့် အိန္ဒိယလူမျိုးများ၊ တပ်မတော်သားများ၊ တိုက်ပွဲဝင်သူများသည် ကုလားပဲကို အဓိကရိက္ခာအဖြစ်ထား၍ စားသုံး ကြသည်ကို တွေ့ရသည်။ ကုလားပဲစားသုံးသူများသည် သန်မာတောင့်တင်းရုံမျှမက အပင်ပန်းဒဏ်၊ ဥတုဒဏ်များကို ခံနိုင်ရည်ရှိသည်ဟုဆိုသည်။ ကျွဲတစ်ကောင်ကို လှဲသတ်နိုင်သူတစ်ဦးသည် ကျွဲသားကို မစား၊ အမဲကိုမစား၊ ကုလားပဲကို စားသည်ဟု အဆိုရှိသည်။
သို့သော် ကုလားပဲကို ရိုးရာတိုင်းရင်းဆေးပညာ ရှုထောင့်မှ ကြည့်သောအခါ ဆေးပညာကျမ်းများအလိုအရ ကုလားပဲသည် ပဲအမျိုးမျိုးတွင် ''ဂရု'' ဂုဏ်ရှိသောပဲမျိုးဖြစ်သည်။ ''ဂရု'' ဆိုသည်မှာ လေးလံသည့် အနက်အဓိပ္ပာယ်ရှိသည်။ ဂရုဂုဏ် ရှိသော အစာသည် ကြေခဲသည်။ ရုပ်လေးသည်။ အိပ်ချင်ငိုက်မျဉ်းသည်။ သြဇာဓာတ်ကို တိုးပွားစေသည်။ များများစားလျှင် ထိုင်းမှိုင်းစေသည်။
ရိုးရာဆေးပညာရှုထောင့်မှ ဓာတ်စာပေး၍ကုသော ပညာရပ်တွင် အာဟာရဖြည့်တင်းရန်လိုသော လူနာအတွက် ကုလားပဲ၊ နို့နှင့် အသားအမျိုးမျိုးကို ပေးလေ့ရှိသည်။ ဂရုဂုဏ်ရှိသော ဓာတ်စာအဖြစ်ပေးခြင်းဖြစ်သည်။ ကုလားပဲနှင့် ဆန့်ကျင်ဘက် မှာ ပဲရာဇာ ခေါ်ပဲနီလေးကို ပေးလေ့ရှိသည်။ ထိုပဲသည် နူးညံ့ပြီး ကြေကျက်လွယ်သည်။ အသက်ကြီးသူများ အတွက် အစာကြေလွယ်သည်။ အာဟာရ ဖြစ်စေသည်။
ပဲရာဇာသည် ရုပ်ကိုပေါ့ပါးစေသော ''လဟု'' ဂုဏ်ရှိသည်ဟု ဓာတ်စာဆရာကြီးများက ဆိုသည်။ သွေးတိုးရှိသောလူနာ၊နှလုံးကြီးသောလူနာ၊ '' လဟု '' ဆိုလျှင် ပေါ့ပါးသောအနက် အဓိပ္ပာယ်ရှိသည်။ အစာချေအားနည်းသောလူနာ၊ လေဖြတ်ဝေဒနာ နှစ်ရှည်ခံစားနေရသော လူနာများကို ကုလားပဲကိုမပေး၊ ပဲရာဇာကိုသာ ဓာတ်စာအဖြစ်ပေးသည်။ ကုလားပဲ၊ မြေပဲ၊ ပဲကြီး၊ မတ်ပဲ၊ စွန်တာနီ၊ ပဲစာဥ၊ စားတော်ပဲ များသည် ကြေခဲ၍ လူနာများနှင့် မသင့်။ ပဲရာဇာ၊ ပဲနီလေး၊ ပဲဖြူလေး၊ ပဲစင်းငုံစသည့် ပဲများသာ နူးညံ့၍ကြေကျက် လွယ်သဖြင့် လူနာများ၊ သက်ကြီးရွယ်အို များနှင့် သင့်သည်။
မြန်မာတို့နှစ်သက်သော ရိုးရာအစားအစာဖြစ်သည့် မုန့်ဟင်းခါးချက်ရာတွင် ကုလားပဲထည့်ချက်လေ့ရှိသည်။ ထိုသို့ထည့်ရာတွင် အချို့က ကုလားပဲအစိမ်းမှုန့်၊ အကျက်မှုန့်များကို အသုံးပြုသော်လည်း အချို့က ကုလားပဲစေ့ကို ပြုတ်ချေပြီး ထည့်လေ့ရှိသည်။ အစိမ်းကိုပြုတ်၍ ထည့်ချက်သော မုန့်ဟင်းခါးဟင်းရည်သည် အခန့်မသင့်လျှင် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သည်။
ကုလားပဲအမှုန့်ကို လှော်ထားသည့် အကျက်မှုန့်ဖြင့် မုန့်ဟင်းခါးဟင်းရည် ချက်ခြင်းသည် ရနံ့လည်းမွှေးပြီး ဝမ်းမပျက်စေ နိုင်သဖြင့် စိတ်ချရသော နည်းဖြစ်သည်။
ကုလားပဲတစ်မျိုးတည်း ကသည်ပင် ပထဝီစာဖြစ်၍ ဝမ်းချုပ်စေနိုင်ပြီး ဟင်းအရည်ချက်လျှင် အခန့်မသင့်၍ အချဉ်ပေါက်ပြီး သိုးသွားလျှင် ဝမ်းပျက်စေနိုင်သော သတ္တိရှိသည်။ အစာမကြေလျှင်လည်း အိပ်ချင်ငိုက်မျဉ်းစေသည်။ ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟ ကျမ်းတွင်လည်း အစိမ်းအတိုင်းလှော်သော ကုလားပဲသည် အားကိုပြုတတ်၏။ နှုတ်ကိုမြိန်စေတတ်၏။ အခြောက်ကို လှော်ထားသော ကုလားပဲသည် အဆီသြဇာမရှိ။ လေနာ၊ နူနာတို့ကို ပွားစေတတ်၏။ ပြုတ်ပေါင်းသော ကုလားပဲသည် သလိပ်၊ သည်းခြေကိုနိုင်၏။ ကုလားပဲဟင်းသည် စိတ်နှလုံးကို တုန်လှုပ်ခြင်းပြုစေတတ်၏။ ကုလားပဲအစိမ်းသည် နူးညံ့၍ နှုတ်ကိုမြိန်စေတတ်၏။ သည်းခြေ၊ သုက်ကို နည်းစေတတ်၏။ အေး၏။ ဖန်၏။ လေကို ပျက်စေတတ်၏။ ဝမ်းချုပ်၏ စသည်ဖြင့်ဖွင့်ဆိုထားသည်ကို တွေ့ရပေသည်။

ကုလားပဲကို အလုပ်ကြမ်းလုပ်ရသူများ၊ ခရီးခြေကျင်သွားရသူများ၊ စစ်သည်များ၊ ခွန်အားအသုံးပြုရသူများစား၍ ဘာမှမဖြစ်ပေ။ အထိုင်များသူ၊ အလုပ်မလုပ်သူ၊အေးစက်သောအခန်းတွင် ဇိမ်နှင့်နေသူများ မစားသင့်ပေ။ အဆစ်ရောင်၊ လေးဘက်နာရှိသူ၊ အကြောတက်ရောဂါရှိသူ၊ အစာမကြေ ရောဂါရှိသူ၊ ကိုယ်ရောင်ရောဂါရှိသူများ၊ ရင်ကျပ်ရောဂါရှိသူများ မသင့်ပေ။ အဝေးပြေးလမ်းတွင် ကားမောင်းရသူများ၊ စာမေးပွဲနီး၍ စာကျက်မှတ်နေရသူများတွင်လည်း အိပ်ချင်ငိုက်မျဉ်း တတ်၍ သတိထား စားသုံးသင့်ကြောင်း တင်ပြလိုက်ရပေသည်။

No comments:

Post a Comment