မန္တလေး ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံသို့
ကမ္ဘာလှည့် ခရီးသွားယာဉ်တန်းများ လာရောက် လည်ပတ်မှု များပြားလာပြီး ယခုအခါတွင်လည်း
မြန်မာ နိုင်ငံမှ Journey Adventure Travelling Co.Ltd အစီအစဉ်ဖြင့်
ဂျာမနီနိုင်ငံသား Mr.jom Schlag နှင့် အဖွဲ့ဝင်ယာဉ်တန်း ၁၇ စီးနှင့် အဖွဲ့ဝင် ၃၇
ဦး ပါဝင်သော အဖွဲ့သည် ဇန်နဝါရီ ၃ဝ ရက်က မန္တလေးမြို့သို့ ရောက်ရှိလာပြီး
မဟာနွယ်စဉ် အားကစားကွင်း၌ ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။
အဆိုပါကမ္ဘာလှည့်
ခရီးသွားယာဉ်တန်းသည် ဇန်နဝါရီ ၂၄ ရက်တွင် မိုးရေး- တမူး နယ်စပ်ဂိတ်မှ တစ်ဆင့်
မြန်မာနိုင်ငံ ကလေးမြို့သို့ ဝင်ရောက်ခဲ့ပြီး ကလေးမြို့မှ ဂန့်ဂေါ၊ မုံရွာ၊
ပခုက္ကူ၊ ပုဂံမြို့များသို့ လည်ပတ်ခဲ့ပြီး ပုဂံမြို့မှ မန္တလေးမြို့သို့
ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
''ဇန်နဝါရီ
၃၁ ရက်နေ့မှာ မန္တလေးမြို့ဝန်းကျင်မှာရှိတဲ့ ရှေးဟောင်း ယဉ်ကျေးမှု ဒေသတွေကို
သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာ မန္တလေးမြို့ကနေ
ပြန်လည်ထွက်ခွာပြီး ကလော၊ ညောင်ရွှေ၊ အင်းလေး၊ နေပြည်တော်၊ ရန်ကုန်၊ ကျိုက်ထို၊
မော်လမြိုင်၊ ဘားအံ၊ မြဝတီမြို့တွေကို လည်ပတ်ပြီးတာနဲ့ ဖေဖော် ဝါရီ ၁၂ ရက်နေ့မှာ
မဲဆောက်မြို့ကနေတစ်ဆင့် ထိုင်းနိုင်ငံကို ထွက်ခွာမှာပါ။ ရောက်ရှိတဲ့
ခရီးစဉ်တိုင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကူညီပေးခဲ့တဲ့အတွက် အဆင်ပြေပါတယ်''ဟု
အဆိုပါခရီးစဉ်ကို လမ်းညွှန် ဦးဆောင်ခဲ့သော ခရီးစဉ်မန်နေဂျာ ဦးဇင်ဝင်းဌေးက
ပြောသည်။ ကမ္ဘာလှည့်ခရီးသွား ယာဉ်တန်းအဖွဲ့တွင် ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်၊
ဆွစ်ဇာလန်၊ အက်စတိုးနီးယား နိုင်ငံသားများ ပါဝင်ပြီး ဂျာမနီနိုင်ငံမှ အာမေးနီးယား၊
ပါကစ္စတန်၊ နီပေါ၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ တရုတ်စသည့်
နိုင်ငံများသို့ ဖြတ်သန်းပြီး ဂျော်ဒန်နိုင်ငံတွင် ခရီးဆုံးမည် ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment