ယခုအခါ
''အကျယ် အကျယ်-မငြိမ်းဖွယ်'' ဖြစ်နေသော အမျိုးသား ပညာရေး ဥပဒေနှင့်ပတ်သက်၍ ကျွန်တော်
မြင်သမျှကို တင်ပြလိုသည်။ ''ပညာရေး ဥပဒေကို ပါဝင်ဆွေးနွေးရလောက်အောင် ဘာအရည် အချင်း
တွေများရှိလို့လဲ'' ဟု ကျွန်တော့်ကိုမေးနိုင်ပါသည်။
ပထမဆုံးပြောရလျှင်
ကျွန်တော်လည်း ကျောင်းသားမိဘ တစ်ယောက်ဖြစ် သဖြင့် ယနေ့ခေတ်ပညာရေးနှင့် သက်ဆိုင်သူတစ်ဦးဖြစ်ပါ၏။
ဒုတိယမှာ ကျွန်တော်သည်ပညာရေးဝန်ထမ်းမဖြစ်ခဲ့သော်လည်း ဘာသာစကားနှင့် ပတ်သက်၍ စိတ်ဝင်စားသူဖြစ်သောကြောင့်
ဘာသာစကား သင်ကြားရေးနှင့် သက်ဆိုင်သော ပညာရေးဆိုင်ရာ မဟာဘွဲ့တစ်ခုကို ရရှိထားသူ တစ်ဦး
ဖြစ်ပါသည်။ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်၍ အထိုက်အလျောက် ပါဝင်ဆွေးနွေးနိုင်သော အရည်အချင်းရှိသည်ဟု
မိမိကိုယ်ကိုယ်ယုံကြည် သည်။ တတိယမှာ ယခုပွင့်လင်း လာသောခေတ်တွင် အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊
တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ အိန္ဒိယအစ ရှိသော နိုင်ငံများ မှတက္ကသိုလ်များစွာတို့၌ ပညာရှင်တစ်ဦးအဖြစ်
လေ့လာရေး၊ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲ၊ နှီးနှောဖလှယ်ပွဲ၊ ဟောပြောပို့ချမှုစသည့် အကြောင်းအမျိုးမျိုးဖြင့်
ရောက်ရှိခဲ့ဖူးရာ နိုင်ငံတကာ တက္ကသိုလ် များနှင့် ပတ်သက်၍ စာတွေ့မဟုတ် ကိုယ်တွေ့မျက်မြင်လေ့လာခဲ့ဖူးသူဖြစ်ပါသည်။
ထို့ကြောင့်
မြန်မာနိုင်ငံ၏ ပညာရေးနှင့် ပတ်သက်၍ တံမြက်စည်း ရောင်းသူမှစ၍ မီးပြင်သမားပါမကျန် လူတိုင်း
လိုလို ပါဝင်ဆွေးနွေး နေကြချိန်တွင် ကျွန်တော် ကိုယ်တိုင်သည်လည်း ပါဝင်ဆွေးနွေးခွင့်နှင့်
ပါဝင်ဆွေးနွေး နိုင်သည့် အရည်အချင်းရှိသည် ဟုယူဆသည့်အတွက် ကျွန်တော်တို့နိုင်ငံ၏ ပညာရေး
ကောင်းစေဖို့ ရိုးဖြောင့်သည့် စေတနာဖြင့်ပါဝင်ကာ ကျွန်တော်၏ အမြင်များ ကို ပြည်သူများအား
မျှဝေတင်ပြ ရခြင်းဖြစ်ပါသည်။
ပညာရေးစီမံခန့်ခွဲမှုစနစ်
အမျိုးသားပညာရေးဥပဒေနှင့်ယင်းဥပဒေကိုပြင်ဆင်သည့်
ဥပဒေကြမ်း များနှင့်ပတ်သက်၍ ပုဒ်မတစ်ခုချင်းစီကို လက်လီစိတ် ၍ဝေဖန်ဆွေးနွေး လိုခြင်းမရှိပါ။
ယင်းအစား ပညာရေးအတွက်အရေးကြီးဆုံးကိစ္စတစ်ခုဖြစ်သော ပညာရေး စီမံခန့်ခွဲမှုစနစ်အပေါ်၌သာ
လွှမ်းခြုံဆွေးနွေးလိုပါသည်။ ထိုသို့ဆွေးနွေးရာ၌ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော
နည်းလမ်း၊ စနစ်များနှင့် ဥပဒေ၊ ဥပဒေကြမ်းပါ အဆိုပြုစနစ်များကိုနှိုင်းယှဉ်ကာ အကျိုးအမြတ်အလားအလာများအား
သုံးသပ်ပြလိုပါသည်။ သုံးသပ်ရာ၌လည်း မည်သည့်ဘက်ကိုမျှမလိုက်ဘဲ ကျောင်းသားမိဘတစ်ဦး၊
ပြင်ပမှလေ့လာသူ တစ်ဦးအမြင်ဖြင့်သာ ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသုံးသပ် သွားမည်ဖြစ်ပါသည်။
ပညာရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍
အပိုင်းနှစ်ပိုင်း ခွဲခြားလေ့လာဆန်းစစ်သွား လိုပါသည်။ ယင်းတို့မှာ-
(က)
တက္ကသိုလ်နှင့်ကျောင်းများအုပ်ချုပ်ပုံစနစ်၊
(ခ)
ဘဏ္ဍာရေးထောက်ပံ့ဖြည့်ဆည်းမှုစနစ်တို့ဖြစ်ကြပါသည်။
တက္ကသိုလ်နှင့်ကျောင်းများအုပ်ချုပ်ပုံစနစ်
နိုင်ငံရေးအမြင်ဖြင့်လေ့လာသုံးသပ်ပါက
၂ဝ၁၄ ခုနှစ် စက်တင်ဘာလက အတည်ပြုပြဋ္ဌာန်းခဲ့သော အမျိုးသားပညာရေးဥပဒေနှင့် ယင်းဥပဒေ ကို
အောက်ခြေသိမ်းပြန်လည်ပြင်ဆင်ရေးဆွဲခဲ့သော ဥပဒေကြမ်းတို့၏ ကွာခြားချက်မှာ ပြုစုရေးဆွဲသူများ၏
မျိုးဆက်ကွာခြားမှု၊ အတွေ့အကြုံ နောက် ခံကွာခြားမှုတို့မှ ဆင်းသက်လာသည့်အမြင်ကွာခြားမှုဖြစ်သည်ဟု
ရှုမြင်ပါသည်။မည်သို့ပင်ဖြစ်စေ နှစ်ဖက်စလုံးတွင် ပညာရေးစနစ် ကို ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ
လိုက်ပါပြောင်းလဲလိုသော ရည်ရွယ်ချက်နှင့်မိမိတို့နိုင်ငံ၏ပညာရေးကို ပို၍ကောင်းစေ လိုသော
စေတနာတို့တွင် တူညီကြသည်ဟု ကျွန်တော်ယုံကြည်ပါသည်။
၂ဝ၁၄
ခုနှစ် အမျိုးသားပညာရေးဥပဒေကို ပြုစုခဲ့စဉ်က လွှတ်တော်ဘက်မှ ပညာရေးကော်မတီက စတင်သောဥပဒေကြမ်းနှင့်
အစိုးရဘက်မှ ပညာရေး ဝန်ကြီးဌာနက ဦးဆောင်ပြုစုခဲ့သောဥပဒေကြမ်းတို့ကို ပေါင်းစပ် ၍ အချော
ကိုင်ခဲ့သည်ဟု မှတ်သားမိပါသည်။
အကြမ်းဖျင်းအားဖြင့်
နောက်ဆုံးထွက်ပေါ်လာသောဥပဒေတွင် အစိုးရ ဘက်မှတင်သည့် အချက်အလက် ၅ဝ ရာခိုင်နှုန်းကျော်နှင့်
လွှတ်တော်ဘက်မှ အချက်အလက် ၄ဝ ရာခိုင်နှုန်းကျော်တို့ပေါင်းစပ်ပါဝင်သည်ဟု သိရပါသည်။ လွှတ်တော်ဘက်မှ
ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်အများစုမှာ ပညာရေးကဏ္ဍ တွင် နှစ်ပေါင်းကြာမြင့်စွာ ဆောင်ရွက်ခဲ့ကြသည့်အငြိမ်းစားပုဂ္ဂိုလ်ကြီး
များဖြစ်ကြ၍ သူတို့ခေတ်၊ သူတို့ အခါကအတွေ့အကြုံ၊ အတွေးအမြင်များမှာ ပထမမျိုးဆက်အဖြစ်
အတော်အတန် ရှေးရိုးဆန်သော အမြင်ရှိလိမ့်မည် ကိုတွေး ဆနိုင်ပါသည်။ အစိုးရဘက်မှပြုစုခဲ့သောဥပဒေကြမ်းမှာ
လက်ရှိ ပညာရေးလောကမှ ဒုတိယ မျိုးဆက်တာဝန် ရှိသူများ၊ ပြင်ပမှ ပညာရှင်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ
အမြင်များကို ပေါင်းစပ်ထားခြင်းဖြစ်၍ အနည်းငယ်ရှေးရိုးဆန်သော အလယ်အလတ်အမြင်ရှိနိုင်ပါသည်။
ဤနှစ်ခုပေါင်း စပ်လိုက်သောအခါ ရှေးရိုး၊ အလယ်အလတ် ပေါင်း စပ်ပုံစံဖြစ် လာပါတော့သည်။
ဤပုံစံကို
ပိုမိုငယ်ရွယ်၍ အရာရာတော်လှန်ပြောင်းလဲချင်နေသော တတိယ မျိုးဆက်တက်ကြွလှုပ်ရှားသူများက
မလိုလားဘဲ လွတ်လပ်မှု လွန်ကဲ သော ပုံစံကို တောင်းဆိုလာကြသောအခါ ယခုကဲ့သို့ပြဿနာပေါ်ပေါက်လာ
ရခြင်းဖြစ် သည်ဟု ရှုမြင်သုံးသပ်ပါသည်။
တက္ကသိုလ်နှင့်ကျောင်းများအုပ်ချုပ်မှုပုံစံကို
နှိုင်းယှဉ်လေ့လာသောအခါ အတည်ပြုပြဋ္ဌာန်းထားပြီးသော အမျိုးသား ပညာရေးဥပဒေ၌ အမျိုးသား ပညာ
ရေးတစ်ခုလုံးကိုကြီးကြပ်နိုင်ရန် အမျိုးသားပညာရေး ကော်မရှင် ကို ဖွဲ့စည်းထားသည်။ ယင်းကော်မရှင်ကို
ပြည်ထောင်စုအဆင့်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပညာရေးနှင့်သက်ဆိုင်သော
ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသား ပညာရှင်များနှင့် အခြားသင့်လျော်သော
ပုဂ္ဂိုလ်များက အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ ယင်းကော်မရှင်ကို လွှတ်တော်၏ သဘောတူညီချက်ဖြင့်
ဖွဲ့စည်းခြင်းဖြစ်၏။ တက္ကသိုလ်အဆင့်အတွက် အဆင့်မြင့်ပညာ ကျောင်း အသီးသီးကို လွတ်လပ်စွာ
စီမံခန့်ခွဲပိုင်ခွင့်ပေးထားသည်။ သို့သော်အဆင့်မြင့်ပညာရေးနှင့် စပ်လျဉ်းသည့် ကိစ္စများကို
လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ရန် သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် လွတ်လပ်စွာရပ်တည်သော
အဆင့်မြင့် ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းပေးရမည်ဟုဆိုသည်။
ပြင်ဆင်ထားသော
ဥပဒေကြမ်းကို လေ့လာကြည့်သောအခါ အမျိုးသား ပညာရေးကော်မရှင်နှင့် ပတ်သက်သော အခန်း(၄)တစ်ခုလုံးကို
ပယ်ဖျက် ထားကြောင်း တွေ့ရသည်။ ထိုသို့ ပယ်ဖျက်လိုက်သည့် နေရာတွင် တက္ကသိုလ်များ အုပ်ချုပ်ရေးအတွက်
တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက တာဝန်ယူဆောင်ရွက် မည်ဖြစ်ပြီး အခြားကျောင်းများအုပ်ချုပ်ရေး
အတွက် ကျောင်းအုပ်ချုပ်ရေး အဖွဲ့က တာဝန်ယူဆောင်ရွက် မည်ဟုဆိုသည်။ တက္ကသိုလ်အုပ်ချုပ်ရေး
ကောင်စီတွင် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများ၊
ဆရာ သမဂ္ဂနှင့်ကျောင်းသားသမဂ္ဂမှ ကိုယ်စားလှယ်များ၊ လွတ်လပ်သော ပညာရှင်များ ပါဝင်သည်ဟုဆိုသည်။
တက္ကသိုလ် အချင်းချင်း ပေါင်းစပ် ညှိနှိုင်းရန်လိုအပ်ပါက တက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီ
အချင်းချင်း ညှိနှိုင်းဆောင်ရွက်မည်ဟု ဆိုသည်။ ကျောင်းအုပ်ချုပ်ရေး အဖွဲ့တွင် ကျောင်း
အုပ်ကြီး၊ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားမိဘ ကိုယ်စား လှယ်နှင့်ရပ်ရွာမှ လေးစားကြည်ညိုသူများပါဝင်သည်ဟုဆိုသည်။
(သို့သော် အခန်း (၄) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(ငင)၌ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ တွင်
ကျောင်းသား သမဂ္ဂမှကိုယ်စားလှယ်များပါဝင်ခွင့်ရှိသည်ဟု ဆိုပြန်သည်။)
တက္ကသိုလ်
ကျောင်းများ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အစိုးရက ငွေကြေး ထောက်ပံ့ထားပြီး လွတ်လပ်စွာ
အုပ်ချုပ်စီမံခွင့်ရှိသော စင်ကာပူနိုင်ငံမှ တက္ကသိုလ်များ၏ အုပ်ချုပ်မှုပုံစံကိုလေ့လာနိုင်ရန်
တင်ပြလို သည်။ စင်ကာပူတွင် တက္ကသိုလ်များကို ပိုမိုလွတ်လပ်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်များ
ပေးအပ်ရာ၌ အကြွင်းမဲ့ လွတ်လပ်မှု ကိုပေးသည်တော့ မဟုတ်ပေ။ အဆိုပါတက္ကသိုလ် များသည် စင်ကာပူအစိုးရက
ပြဋ္ဌာန်း ထားသော ပုဂ္ဂလိကပညာရေးအက်ဥပဒေ (Private Education Act) ကို လိုက်နာကြရသည်။ ထို့အပြင်
စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ စင်ကာပူ၏ ကုမ္ပဏီအက်ဥပဒေကို လိုက်နာရသည်။ ထိုအက် ဥပဒေအရ
တက္ကသိုလ်ကို ကုမ္ပဏီလီမိတက်တစ်ခုအဖြစ် သတ်မှတ်ထားသည်။ တက္ကသိုလ်၏ သင်ကြားရေးဆိုင်ရာ အဖွဲ့ဝင်များ
ကိုလည်းကောင်း၊ ဘဏ္ဍာ ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ တာဝန်ခံဘုတ်အဖွဲ့(Trustee Board)အဖွဲ့ဝင်များ
ကိုလည်းကောင်း ပညာရေးဝန်ကြီးကသာ ခန့်အပ်/ထုတ်ပယ်နိုင်သည်။ တက္ကသိုလ်၏ မူဝါဒသည် အဆင့်မြင့်
ပညာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင့်သုံးဆောင်ရွက်စေရန် ပညာရေးဝန်ကြီးက ညွှန်ကြားနိုင်သည်။
တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးက ခန့်အပ်သည့် သီးခြားလွတ်လပ်သော
ကော်မရှင်က အခါမပြတ်လေ့လာ သုံးသပ်၍ တင်ပြရသည်။ တက္ကသိုလ်၏ ငွေစာရင်း အသုံးစရိတ်များကိုလည်း
ပညာရေးဝန်ကြီးဌာနက မျက်ခြည်မပြတ် လာရောက် စစ်ဆေးသည့် အခါတိုင်း တင်ပြရသည်။ တက္ကသိုလ်တွင်ဖွဲ့စည်းသည့်
ကျောင်းသားအဖွဲ့အစည်း (Student bodies) များမှာလည်း အသင်းအဖွဲ့ဥပဒေ (Societies
Act)နှင့် အညီ ဖွဲ့စည်းကြရပြီး ယင်းဥပဒေနှင့်အညီ အစိုးရ၏ငွေစာရင်း စစ်ဆေးမှုကို ခံယူကြရသည်။
အချုပ်အားဖြင့်ဆိုရလျှင် စင်ကာပူမှ အစိုးရအထောက် အပံ့ခံတက္ကသိုလ် များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည်ဟုဆိုသော်
လည်း နိုင်ငံ၏ဥပဒေများကို လိုက်နာကြရပြီး အစစအရာရာ ပညာရေးဝန်ကြီး ဌာန၏ ကြီးကြပ်လမ်းညွှန်မှုကို
ခံရသည်ဖြစ်၍ လုံးဝလွတ်လပ်သည်ဟု မဆိုနိုင်ပေ။ မည်သို့ပင်ဖြစ်စေ စင်ကာပူတက္ကသိုလ်များသည်
ကမ္ဘာ့ အဆင့် မြင့်ပညာရေးအရည်အချင်းသတ်မှတ်ချက်တွင် ထိပ်ဆုံးမှရှိနေသည် ကား မငြင်းနိုင်ပေ။
ဥပမာ
စင်ကာပူအမျိုးသားတက္ကသိုလ်သည် ကမ္ဘာ့အဆင့်တွင် ၁၁၆၊ အာရှ အဆင့်တွင် ၁၃ ရှိသည်။ (သို့သော်
တစ်ပါတီစနစ်ကျင့်သုံးပြီး လွတ်လပ်ခွင့် လုံးဝမရှိဟု ဝေဖန်ခြင်းခံရသော တရုတ်နိုင်ငံမှ
ပီကင်းတက္ကသိုလ်သည် ကမ္ဘာ့အဆင့်(၄၇)ရှိပြီး အာရှအဆင့်(၂)ဖြစ်သည်မှာ အံ့သြဖွယ်ဖြစ်၏)
Source (Ranking Web of Universities. CSIC Spain)
အခြေခံပညာကျောင်းများ
အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံ ၏စနစ်ကို တင်ပြလိုပါသည်။ အခြေခံပညာကျောင်းများအနက်မှ
အစိုးရထောက်ပံ့သော ကျောင်းများတွင် အုပ်ချုပ်မှုပုံစံမှာ ပြည်နယ် အစိုးရ၊ ဒေသန္တရအစိုးရတို့က
School District ခေါ် ပညာရေးနယ်မြေ ဖွဲ့စည်း၍ နယ်မြေပညာရေးအာဏာပိုင် Local
Education Authority အဖွဲ့ဖြင့်ထိန်းကျောင်းသည်။ ကျောင်းအဆင့်တွင် ကျောင်းနယ်မြေအလိုက်
ကျောင်းသားမိဘများအတွင်း ကျောင်းကောင်စီများ ရွေးကောက်တင်မြှောက်သည်။ ယင်းကျောင်းကောင်စီက
သက်ဆိုင်ရာကျောင်းများတွင် အုပ်ချုပ် မည့် ကျောင်းအုပ်ကြီးနှင့် ကျောင်းဆရာများကို
ခန့်အပ်သွားခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် မည်သည့်ကျောင်းသားသမဂ္ဂနှင့် ဆရာသမဂ္ဂ
မျှ ကျောင်းအုပ်ချုပ်မှုတွင် မပါဝင်ပါ။
တက္ကသိုလ်ကျောင်းများ
အုပ်ချုပ်ရေးတွင်လည်း ကျွန်တော်သိသမျှ အမေရိကန်၊ ဥရောပနှင့်အာရှ ဒီမိုကရေစီနိုင်ငံများရှိ
လွတ်လပ်သော တက္ကသိုလ်များတွင် အုပ်ချုပ်မှုအဖွဲ့နှင့်Trustee Board ခေါ် တာဝန်ခံ ကြီးကြပ်ရေး
ဘုတ်အဖွဲ့ဟူ၍ နှစ်မျိုးဖြင့် အုပ်ချုပ်စီမံခန့်ခွဲကြပါသည်။ အုပ်ချုပ်မှုအဖွဲ့တွင်
President ခေါ် အဓိပတိ သို့မဟုတ် Vice-Chancellor (ဥရောပ)တို့က အကြီးအကဲဖြစ်ပါသည်။ ယင်း၏လက်အောက်တွင်
Provost ခေါ် သင်ကြားရေးတာဝန်ခံနှင့် Vice- President များ ရှိကြပါသည်။ ယင်းတို့၏အောက်တွင်
အတွင်းရေးမှူး သို့မဟုတ် အုပ်ချုပ်မှု ဒါရိုက်တာ စသည်ဖြင့်ရှိကြပြီး ဤအုပ်ချုပ်မှု အဖွဲ့က
Trustee Board၏ ညွှန်ကြား မှုအောက်တွင် မူဝါဒများကို လက်တွေ့ ဖော်ဆောင်ကြပါသည်။
Trustee Board မှာ တက္ကသိုလ်၏ ကိစ္စအဝဝကို မူဝါဒချမှတ်ခြင်း၊ စီမံခန့်ခွဲခြင်းများ ပြုကြပါသည်။
ဘုတ်အဖွဲ့ဝင် အများစုမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ထင်ရှားသော ဂုဏ်သရေ
ရှိပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပါသည်။ ဘုတ်အဖွဲ့တွင် ဆရာ ကိုယ်စားလှယ်နှင့် ကျောင်းသား
ကိုယ်စားလှယ် များပါဝင်သော်လည်း အနည်းစုသာဖြစ်ကြပြီး ဘုတ်အဖွဲ့ အစည်းအဝေးတွင် မဲပေးခွင့်မရကြပါ။
ဥပမာအမေရိကန်တက္ကသိုလ်တွင် ဆရာကိုယ်စားလှယ် နှစ်ဦးပါဝင်ပြီး ယင်းနှစ်ဦးမှာ တက္ကသိုလ်ဆီးနိတ်က
ရွေးချယ်အမည်စာရင်း တင်သွင်းသည့်သူများထဲမှ ဘုတ်အဖွဲ့က ရွေးချယ်ခန့်အပ်ခြင်းဖြစ်ပါသည်။
ဆရာသမဂ္ဂက
ရွေးချယ်တင်မြှောက်ခြင်းမဟုတ်ပါ။ ကျောင်းသား ကိုယ်စား လှယ်နှစ်ဦးတွင် တစ်ဦးသာ ကျောင်းသားသမဂ္ဂက
ရွေးချယ်သူဖြစ်၍ တစ်ဦးမှာ ဘုတ်အဖွဲ့က ရွေးချယ်သူဖြစ်ပါသည်။
များသောအားဖြင့်
ကျောင်းသားသမဂ္ဂ(အမေရိကန်တွင် ကျောင်းသားကောင်စီ၊ ကျောင်းသား စင်တာဟု ခေါ်လေ့ရှိပါသည်)မှာ
ကျောင်းသားများ၏ သက်သာချောင်ချိရေး၊ အားကစားနှင့် ယဉ်ကျေးမှုစသည့်ကိစ္စများကို တာဝန်ယူဆောင်ရွက်ကြ
လေ့ရှိပါသည်။
အထက်ပါ
နိုင်ငံတကာစံများနှင့်နှိုင်းယှဉ်ပါက ယခု ပြင်ဆင်ရေးသားသော ဥပဒေကြမ်းတွင် ဆရာများသမဂ္ဂနှင့်
ကျောင်းသားသမဂ္ဂများက အုပ်ချုပ်မှု အပိုင်း၌ အစစအရာရာ ဝင်ရောက်လွှမ်းမိုးနေသည်ကိုတွေ့ရပါ
သည်။
ဤဥပဒေကြမ်းကို
လက်တွေ့ဖော်ဆောင်ရန် ပြဿနာများစွာ ရှိပါလိမ့်မည်။ ဥပမာ-ကျောင်းတိုင်း၌ အထက်ပါအုပ်ချုပ်မှုအဖွဲ့ဖြင့်
အုပ်ချုပ်ရမည်ဆိုပါက ဘုန်းတော်ကြီးသင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ အတွက် ပြဿနာရှိနိုင်သကဲ့သို့
မူကြိုကျောင်း၊ မူလတန်းကျောင်း စသည်တို့တွင် ကျောင်းသား သမဂ္ဂဖွဲ့ကြမည်လော၊ ကျောင်းအုပ်ချုပ်ရေးတွင်
ပါဝင်ကြ မည်လော စသည့်မေးခွန်းများ ပေါ်ထွက်လာပါသည်။
တက္ကသိုလ်
အုပ်ချုပ်ရေးတွင်လည်း တက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီ၌ ပါမောက္ခချုပ်အမည်ပင် ပါဝင်သည်ကို
မတွေ့ပါ။ ပါမောက္ခဌာနမှူးများနှင့် မော်ကွန်းထိန်း စသည့်စီမံ ခန့်ခွဲရေးနှင့် ငွေစာရင်း
တာဝန်ရှိသူများကိုသာ ထည့်သွင်းထားပြီး ဆရာများသမဂ္ဂနှင့် ကျောင်းသား သမဂ္ဂတို့ကို အတင်းအဓမ္မ
ထည့်သွင်းထားပြန်သည်ကို တွေ့ရပါ သည်။ ပြင်ပပညာရှင်ဆိုသူများလည်း ပါဝင်နေပါသည်။
တက္ကသိုလ်
အုပ်ချုပ်ရေးတွင် လည်းကောင်း၊ အခြားကျောင်းများ အုပ်ချုပ်ရေးတွင်လည်းကောင်း အဆင့်ဆင့်
ထိန်းသိမ်း ကြီးကြပ်မှုစနစ်များ မတွေ့ရဘဲ ကျောင်းအလိုက် အလွန်လွတ်လပ်စွာအုပ်ချုပ်မှုသည်
တစ်ကျောင်း တစ်ဂါထာဖြစ်သွားကာ နိုင်ငံအဆင့်ပညာရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာ၌
များစွာ ခက်ခဲပါလိမ့်မည်။ စာမေးပွဲနှင့် အရည်အသွေး ထိန်းသိမ်းမှုတွင်လည်း အလွန်လွတ်လပ်၍
ထိန်းသိမ်းရန် ခက်ခဲသည့် ပုံစံများ တွေ့ရပါသည်။
ဥပဒေကြမ်းပါ
ဖော်ပြချက်များမှာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင်ပင် လက်တွေ့ဖော်ဆောင်ရန် ခက်ခဲ
သေးသည့် အနေအထားရှိရာ မြန်မာနိုင်ငံ၌ ဤစနစ်ကို မဖြစ်မနေဖော် ဆောင်ရမည်ဆိုပါက ''မအောင်မရှိ
ငါ့တပည့် ဆရာတွေမှာ တာဝန်ရှိ'' ဖြစ်ခဲ့သည့် မအောင်မြင်သော စဉ်ဆက်မပြတ်အကဲဖြတ် စစ်ဆေးမှု
စီမံချက်ပုံစံသို့သာ ပြန်လည် သွားဖွယ်ရှိပါသည်။
ဘဏ္ဍာရေးထောက်ပံ့ဖြည့်ဆည်းမှုစနစ်
နိုင်ငံတကာ၌
အစိုးရက ထောက်ပံ့သည့် တက္ကသိုလ်နှင့် ကျောင်းများ ရှိသော်လည်း များသောအားဖြင့် ထိုကျောင်း
များက လိုအပ်သည် ဟု တောင်းခံသမျှပေးနိုင်ခြင်းမရှိပါ။ ဥပမာအမေရိကန်၌ ဖက်ဒရယ်ဗဟို အစိုးရက
ပညာရေးကို ထောက်ပံ့ငွေမှာ ပညာရေးအသုံးစရိတ်၏ ၈ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိပါသည်။ အဆိုပါ
၈ ဒသမ ၅ ရာခိုင်နှုန်းတွင်ပင် နံနက်စာကျွေးမွေးခြင်းကို စိုက်ပျိုးရေးဌာနကတာဝန်ယူပြီး
စစ်မှုထမ်းနှင့် စစ်ပြန်များ၏ ကျောင်းပညာရေး ထောက်ပံ့မှုကို ကာကွယ်ရေးဌာနက ထည့်ဝင်သုံးစွဲခြင်း
ဖြစ်ပါ သည်။
ပညာရေးအသုံးစရိတ်အများစုမှာ
ပြည်နယ်နှင့် ဒေသန္တရ အာဏာပိုင်များက ထည့်ဝင်ခြင်းဖြစ်ပြီး Property Tax ခေါ်အိမ်ခြံမြေ
အခွန်နှင့်အခြား အခွန်အခများကို ပညာရေးအတွက်သတ်မှတ်၍ သုံးစွဲခြင်းဖြစ်ပါသည်။ တက္ကသိုလ်အဆင့်တွင်
အစိုးရထောက်ပံ့သည့် တက္ကသိုလ်များ ကို ပြည်နယ်အစိုးရက ထောက်ပံ့ခြင်းဖြစ်ပြီး ထိုသို့ထောက်ပံ့ရန်
ဗဟိုအစိုးရက ပြည်နယ်တစ်ခုကို ဗဟိုအစိုးရပိုင်မြေဧကသုံးသောင်း လုပ်ပိုင်ခွင့် ချထား
ပေးကာ ထိုမြေမှရသော ဝင်ငွေအခွန်အခဖြင့် ယင်းပြည်နယ် တက္ကသိုလ်များ၏ မတည်ရန်ပုံငွှေမကျအတွင်
ထည့်ပေးခြင်းဖြစ်ပါသည်။ တက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီက အစိုးရထံ လိုသမျှ လက်ဖြန့်တောင်း
၍မရပါ။
အလားတူပင်
အခြေခံကျောင်းများအတွက်လည်း ကျောင်းဒိစတြိတ်များက တာဝန်ခံ၍ ပြည်နယ်/ဒေသ အာဏာပိုင်များ
ထောက်ပံ့သောငွေကို ကျောင်းများသို့ ခွဲဝေပေးခြင်းဖြစ်ပါသည်။ ထိုသို့ခွဲဝေပေးရာ၌ ဆင်းရဲသော
ကျောင်းသား အများစုနေသည့်ကျောင်းများကို ပိုမိုထောက်ပံ့ခွဲဝေပေးပါသည်။ ဗဟိုအစိုးရ ၏
ထောက်ပံ့ငွေမှာ တက္ကသိုလ်နှင့်အခြားကျောင်းများ၌ ကျောင်းဖွံ့ဖြိုးရေး အတွက်မဟုတ်ဘဲ ကျောင်းသားများ
အတွက် ပညာသင်ထောက်ပံ့ကြေး ပညာသင်ချေးငွေနှင့် သုတေသနလုပ်ငန်းများအတွက်သာ ချထားပေး လေ့ရှိပါသည်။
ယခု
ဥပဒေကြမ်းတွင်မူ ကျောင်းအုပ်ချုပ်ရေးအဖွဲ့/တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီတို့က လိုသမျှဘတ်ဂျက်ကို
မူကြိုကျောင်းမှစ၍ တက္ကသိုလ်အဆုံး ပညာရေးဝန်ကြီးဌာနသို့ တိုက်ရိုက်တင်ပြတောင်းခံရမည့်
သဘောရှိပြီး၊ ကြားခံစိစစ်ဖြန့်ဝေထိန်းသိမ်းမည့် ယန္တရားစနစ်မျိုး မတွေ့ရပါ။ အခြားဝန်ကြီးဌာနများလက်အောက်ရှိ
တက္ကသိုလ်များ၊ ကျောင်းများသည် လည်း ပညာရေးဝန်ကြီးဌာနသို့ ဘတ်ဂျက်တောင်းခံရ မည်လောဟူ
၍ လည်း မေးစရာရှိလာပါသည်။
သုံးသပ်ချက်
အားနာစွာဖြင့်ပင်
မှတ်ချက်ပြုရပါလျှင် ပြင်ဆင်ချက်ဥပဒေကြမ်းမှာ လွတ်လပ်မှု လိုချင်ဇောနှင့် သမဂ္ဂများ၏
အခန်းကဏ္ဍကို အလွန်အမင်းမြှင့်တင် လိုဇောတို့ပေါင်းစပ် ကာ နာရီပိုင်းလေးအတွင်း လူနှစ်ဦးသုံးဦးက
စိတ်လှုပ်ရှား ခံစားမှုများကို အခြေခံရေးဆွဲပြုစုခဲ့ခြင်းဖြစ်၍ ကောင်းသော ရည်ရွယ် ချက်များရှိသည့်တိုင်အောင်
အထက်တွင် တွေ့ရှိခဲ့သည့် အတိုင်း နိုင်ငံတကာ အလေ့အကျင့်စံနှုန်းများနှင့် ကွာဟနေခြင်း၊
ရှေ့နောက် မညီခြင်း၊ လက်တွေ့ဖော်ဆောင်ရန်ခက်ခဲခြင်းများကြောင့် အားနည်းမှုများစွာ ရှိနေသည်ဟု
သုံးသပ်ပါသည်။
တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော
နိုင်ငံ၏အနာဂတ်ကို ပုံဖော် ဖန်တီး နိုင်သော အမျိုးသားပညာရေးနှင့် ပတ်သက်လာလျှင် ဖုတ်ပူမီးတိုက်၊
အလောတကြီး ဆောင်ရွက်ခြင်းမှာ အလွန်အန္တရာယ် များပါသည်။ ''အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး''သည်က
တစ်ဦး တစ်စုကိုသာ ထိခိုက်စေမည ဖြစ်သော်လည်း ပညာရေး ကိစ္စက ရေရှည်တွင် တစ်မျိုးသားလုံးကို
ထိခိုက်မည့် ကိစ္စဖြစ်ပါသည်။ ''ဤဥပဒေ ကြမ်းကို ရက်ပိုင်းအတွင်း မဖြစ်မနေ ဤအတိုင်းအတည်ပြုပေးရမည်''
စသည့် ဖိအားပေးမှုမျိုးကို လူအုပ်ဖွဲ့၍ အကျပ်ကိုင်ခြင်းသည် စင်စစ်၌ လူအုပ်စု ဖိအားပေးချုပ်ကိုင်သည့်
'မော်ဘိုခရေစီ'သာဖြစ်၍ လူအများစု အုပ်ချုပ်စီမံမှု 'ဒီမိုကရေစီ' မဟုတ်သည်ကို သတိချပ်သင့်ပါသည်။
မြန်မာနိုင်ငံ သည် ယနေ့ကာလ၌ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းဆဲ အဆင့်သာဖြစ်ပါသည်။ ဒီမိုကရေစီအလေ့အကျင့်
ပြည့်ဝပြီး ဖွံ့ဖြိုး တိုးတက်ပြီးဖြစ်သော နိုင်ငံများ၌ပင် ကျင့်သုံးရန်ခက်ခဲနေသေး သည့်/
မကျင့်သုံးသည့် အလွန်အကျွံ လွတ်လပ် မှုစံနှုန်းများကို ဤနိုင်ငံ၏ပကတိရှိဆဲအခြေအနေ၌ အတင်း
အကျပ်စွတ်အတင်းသွတ်သွင်း၍ မရနိုင်သေးသည့် အစွန်းတရားကို လက်တွေ့ကျကျသိမြင်လက်ခံ၍ မြေပြင်အခြေ
အနေနှင့်ကိုက်ညီ၍ လက်တွေ့ဖြစ်နိုင်သော နည်းလမ်းအဆင့် ဆင့်ဖြင့် ပြုပြင်ပြောင်းလဲ သွားသင့်ပါကြောင်း
အကြံပြုရေးသားလိုက်ရပါသည်။
No comments:
Post a Comment