Sunday, February 15, 2015

သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင်

မြန်မာနိုင်ငံသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်လျက်ရှိပြီး ပြည်တွင်းပြည်ပရွေးကောက်ပွဲ လေ့လာစောင့် ကြည့်သည့်အဖွဲ့များ သည်လည်း တရားဝင်လေ့လာ စောင့်ကြည့်ခွင့် ရရှိကြမည်ဖြစ်သည်။ အသွင်ကူးပြောင်း ဆဲနိုင်ငံများအတွက် ပွင့်လင်းမြင်သာမှုနှင့် ပြည်သူများ၏ ပါဝင်ပတ်သက်မှုတို့သည် လွန်စွာ အရေးပါလှသည်။



 ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာမှုများသည် ဘက်လိုက်မှုကင်းစွာ ရပ်တည်ခြင်း အားဖြင့် ရွေးကောက် ပွဲဖြစ်စဉ်တစ်ရပ်လုံးအပေါ် ယုံကြည်မှုမြင့်တက်လာစေ၍ ရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲ အတွင်း ဖြစ်ပေါ်လာနိုင်သည့် မသမာမှုများနှင့် အငြင်းပွားမှုများ ကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လာမည့်ရွေးကောက် ပွဲတွင် စောင့်ကြည့် လေ့လာမှုများ ပြုလုပ်သွားမည့် အရပ်ဘက်လူမှု အဖွဲ့အစည်း တစ်ခုဖြစ်သည့် PACE (ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်း လှုပ်ရှားမှုအဖွဲ့) ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သူ ဦးစိုင်းရဲကျော်စွာမြင့်အား ရွေးကောက်ပွဲကဏ္ဍအတွက် တွေ့ဆုံမေးမြန်းခဲ့သည်။
မေး ။ ။ ရွေးကောက်ပွဲတစ်ခုမှာ စောင့်ကြည့်လေ့လာသူတွေဘာကြောင့်လိုအပ်လဲ။ 
ဖြေ ။ ။ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာသူတွေ  ဘာကြောင့်လိုလဲဆိုတော့ ပထမဆုံးအချက်ကတော့ အငြင်းပွားစရာကိစ္စတစ်ခုဖြစ်လာခဲ့ရင် ဘက်မလိုက်ဘဲ သုံးသပ်ပေးနိုင်တဲ့ အဖွဲ့အစည်းရှိနေဖို့ပဲ။ စောင့်ကြည့် လေ့လာ သူတွေက ရွေးကောက်ပွဲဖြစ်စဉ်ပိုပြီးတော့ သန့်ရှင်းလာဖို့အတွက် စောင့်ကြည့်တာ။ ဘက်မလိုက်တဲ့ ရွေးကောက် ပွဲ လေ့ လာစောင့်ကြည့်သူတွေရဲ့ အဓိက သဘော တရားက ရွေးကောက်ပွဲမှာ ဘယ်သူနိုင်တယ်။ ဘယ်သူရှုံးတယ်ဆိုတာကို မကြည့်ဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေ စောင့်ကြည့်တဲ့ရည်ရွယ်ချက်က ရွေးကောက် ပွဲဖြစ်စဉ်ဟာ ဘယ်လောက် ပွင့်လင်း မြင်သာမှုရှိသလဲ၊ ဘယ်လောက်တာဝန်ခံနိုင်တယ်။ အမျိုးသမီး တွေ ပါဝင်မှုရသလား၊ လူနည်းစုတွေ ပါဝင်မှု ရသလား။ ဘယ်လောက်ပါဝင်မှု ရှိသလဲဆိုတာကို ကြည့်တာ။ အမှားရှာတာ၊ မသမာမှုကို စောင့်ကြည့်တာ ထက်ပိုပြီး ကျော်ပါ တယ်။ ဒီမိုကရေစီကို ပိုပြီးတော့ အထောက်အကူပြုတယ်။ 
မေး ။ ။ စောင့်ကြည့်တဲ့သူတွေမရှိရင် ဘာတွေဖြစ်လာ  နိုင်လဲ။ 
ဖြေ ။ ။ စောင့်ကြည့်သူတွေမရှိရင် လူထုရဲ့ယုံကြည်မှုကို  ရမှာမဟုတ်ဘူး။ လူထုယုံကြည်မှုမရှိရင် ဒီမိုကရေစီ အားကောင်းဖို့ မလွယ်ဘူး။ ရွေးကောက်ပွဲဖြစ်စဉ် ကိုသမာသမတ်ကျတယ်လို့ ယုံကြည်လေလေ နောင်လာ မယ့်ရွေးကောက်ပွဲတွေမှာ လူထုရဲ့ပါဝင်မှုပိုပြီးတော့ အားကောင်းလာလေပဲ။ ရွေးကောက်ပွဲတစ်ခုမှာ ယှဉ်ပြိုင် တဲ့ပါတီတွေ၊ ရွေးကောက်ပွဲကို စီမံခန့်ခွဲတဲ့ သူတွေပါမယ်။ ရွေးကောက်ပွဲတွေမှာ စီမံခန့်ခွဲတဲ့သူတွေကို များသောအားဖြင့် အစိုးရက သတ်မှတ်ပေးတယ်။ အဲ့ဒီတော့ အစိုးရကလည်း သူ့ရဲ့လုပ်ထုံးလုပ်နည်းတွေ မှန်ကန်ကြောင်း ပြောမယ်။ နိုင်ငံရေးပါတီတွေ ဘက်ကလည်း သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေကို သူတို့ပြောမယ်။ ဒီအခါမှာ ရွေးကောက်ပွဲဖြစ်စဉ်ကြီးကို ကြားကနေပြီး ဓမ္မဓိဋ္ဌာန်ကျကျသုံးသပ် ပေးနိုင်မယ့် အဖွဲ့အစည်းတွေ လိုအပ်လာပြီ။ လူထုက ရွေးကောက်ပွဲ ဆိုတာ အစိုးရကလုပ်တာ လို့ပဲမြင်တယ်။ ရွေးကောက်ပွဲအပေါ် လူထုက သံသယ ဖြစ်တာ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲဖြစ်စဉ်ကို လူတွေကမသိတာနဲ့ ရွေးကောက်ပွဲဖြစ်စဉ်မှာ လူထုကပါဝင်မှုမရတာ တွေကြောင့်ပါ။ ဒါကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေ ရွေးကောက်ပွဲမှာ ပါဝင်မှု များလေ ပြည်သူလူထုရဲ့ယုံကြည်မှု ပိုမိုရရှိ လေပဲ။ 
မေး ။ ။ စောင့်ကြည့်လေ့လာ သူတွေကြောင့် ဘယ်လို အကျိုးရလဒ်တွေ ရှိလာနိုင်သလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲ နေ့မှာ ဖြစ်ပေါ်နိုင်တဲ့ မသမာမှုတွေကို လျှော့ချနိုင်မယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးရဲ့ အစကနေအဆုံး ထိ စောင့်ကြည့်ရတဲ့အတွက်ကြောင့် ပွဲပြီးသွားတဲ့အခါမှာ သုံးသပ်ချက်တွေ၊ အစီရင်ခံစာတွေ ထွက်ပေါ်လာမယ်။ ဒီအပေါ်မှာ နောက်ရွေးကောက်ပွဲလုပ်ရင် ဘယ် ဥပဒေတွေ ကိုတော့ ပြင်ဆင်ရမယ်။ ဘယ်မူဘောင်ကတော့ လစ်ဟာ ချက်တွေရှိတယ်ဆိုတာ တွေ့ရှိလာမယ်။ ရွေးကောက်ပွဲမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါဝင်စောင့်ကြည့်အကဲ ခတ်တဲ့အတွက် မသမာမှုကို ထိန်းချုပ်နိုင်တယ်။ မဲရုံမှာ ကျွန်တော်တို့ ရှိနေခြင်းအားဖြင့် ပါတီအနေနဲ့ သော်လည်းကောင်း၊ မဲရုံတာဝန်ရှိသူ တွေအနေနဲ့သော်လည်းကောင်း မသမာမှုတွေ လုပ်ဖို့ခဲယဉ်းသွားမယ်။ ရွေးကောက်ပွဲကို ပိုပြီးတော့ သမာသမတ်ရှိလာစေတယ်။
မေး ။ ။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူတွေက  ရွေးကောက်ပွဲရဲ့ ဘယ်လိုအခန်းကဏ္ဍကနေစပြီး စောင့်ကြည့်လေ့လာ မှုတွေ ပြုလုပ်ကြသလဲ။
ဖြေ ။ ။ ပုံမှန်အတိုင်းဆိုရင်တော့ ဥပဒေမူဘောင်တွေ စပြီး ရေးဆွဲတဲ့အချိန်ကနေ နောက်ဆုံးရွေး ကောက်ပွဲ ရလဒ် ထွက်ပေါ်အပြီး အငြင်းပွားမှုတွေအထိ စောင့်ကြည့်လေ့လာကြတယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေတွေ၊ မူဘောင်တွေကို သုံးသပ်ပြီး ဘယ်ပါတီကိုအသားပေးတယ်။ဘယ်ပါတီကိုတော့ ဖိနှိပ်ထားတယ်။ ဘယ်လူမျိုးစုကတော့ ပါဝင်ခွင့်မရဘူးဆိုတာကနေ၊ ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတဲ့အခြေခံဥပဒေအထိ ထည့်သွင်း စဉ်းစားဖို့လိုတယ်။ ပြီးတော့မှ ကျွန်တော်တို့နဲ့ သီးခြားသက်ဆိုင်တဲ့ စောင့်ကြည့်လေ့လာ သူတွေအတွက် ထုတ်ပြန် တဲ့ဥပဒေတွေနဲ့ နည်းဥပဒေတွေကို သုံးသပ်ဖို့လိုတယ်။ ပြီးရင်မဲစာရင်းပြုစုတဲ့ ကိစ္စတွေ၊ ရွေးကောက်ပွဲကျင်းပရာမှာ ရွေးကောက်ပွဲကော်မရှင်က သုံးတဲ့ပစ္စည်း ကိရိယာတွေရဲ့ အရည် အသွေးကအစ စောင့်ကြည့်ရမယ်။ ဥပမာ.. တံဆိပ်တုံးထုမယ် ဆိုရင်တောင် မင်အရည်အသွေး၊ စာရွက်အရည်အသွေး အဲဒါတွေကို ကျွန်တော်တို့သိဖို့လိုတယ်။တံဆိပ်တုံးထုပြီးရင် မင်က ချက်ချင်းမခြောက်ဘဲ စာရွက်ရဲ့ ဟိုဘက်မှာသွားကပ်ပြီး ပယ်မဲဖြစ်နိုင်မလား။ စာရွက်တွေပေါ်မှာ မင်ပြန့်သွားပြီး ပယ်မဲဖြစ်နိုင် မလားပေါ့။ အဲလိုမျိုးတွေ စောင့်ကြည့် ရတယ်။ နောက်တစ်ခုက မဲရုံတွေ နေရာချတာတွေကို လေ့လာရမယ်။ မဲရုံတွေက အလွန် ဝေးနေသလား။ နောက်ဘာသာ ရေးအကဲဆတ်တဲ့ နေရာမျိုးမှာ မဲရုံထားရင် တစ်ဖက်က မဲမထည့်ရဲတာမျိုး။ လုံခြုံရေးအရ စိတ်မချတဲ့နေရာမျိုးမှာ မဲရုံသွားလုပ်ထားတာမျိုး။ အဲဒါ တွေကိုလည်း ကျွန်တော်တို့က ကြည့်ဖို့လိုတယ်။ မဲဆန္ဒနယ်တွေကကော အပြောင်းအလဲရှိသလား မရှိဘူးလား။ ဒါတွေကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ စောင့်ကြည့်လေ့လာရတဲ့ကိစ္စပေါ့။
နောက်ရွေးကောက်ပွဲနေ့ မှာဆိုရင် မဲရုံဖွင့်တဲ့အချိန်၊ ပိတ်တဲ့အချိန်တွေကို အတိအကျစောင့်ကြည့်ဖို့ လိုတယ်။ တစ်နေကုန် မဲထည့်တဲ့ဖြစ်စဉ်တွေကို စောင့်ကြည့်ဖို့လို တယ်။ မဲရေတွက်တဲ့ကိစ္စ။မဲစာရင်းအချုပ် ပြုလုပ်တဲ့ရလဒ်တွေ၊ မဲစာရင်းရလဒ်ကြေညာတာတွေ၊ အငြင်းပွားမှုတွေအထိ စောင့်ကြည့်ရမယ်။ အငြင်းပွား မှုတွေမှာ၊ ခုံရုံးတွေမှာ၊ အမှုချိန်းတွေမှာ သွားကြည့်ခွင့်ရမလား၊ မရရင်အမှုတွဲတွေ ကြည့်ခွင့် ရမလားပေါ့။ ဒါမှစီရင်ချက်တွေဟာ သန့်ရှင်းသလား၊တရားမျှတမှုရှိသလားဆိုတာတွေကိုကြည့်ပြီး နောက်လုပ်မယ့် ရွေးကောက်ပွဲ အတွက် ဘယ်နေရာမှာ လိုအပ်ချက်တွေရှိတယ်။ ပြင်ဆင်မှု လိုအပ်တယ် ဆိုတာတွေ ထောက်ပြလို့ရလာမယ့် အစီရင်ခံစာတွေ ထွက်လာမယ်။ 
မေး ။ ။ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ သူတွေအနေ နဲ့ ဘယ်လိုအပြုအမူတွေကိုတော့ ရှောင်ကြဉ်ဖို့လိုသလဲ။
ဖြေ ။ ။ ပထမ အရေး အကြီးဆုံး အချက်ကတော့ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်တဲ့ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေက ပါတီတစ်ခုခု၊ လူပုဂ္ဂိုလ် တစ်ယောက် ယောက်ကိုစွဲပြီး ဘက်လိုက်လို့မရဘူး။ ဒါကလုံးဝရှောင်ကြဉ်ရမယ့်ကိစ္စ။ စောင့်ကြည့်လေ့လာမှုကို အကြောင်းပြပြီး မဲဆန္ဒရှင် တွေရဲ့လျှို့ဝှက်မဲပေးတဲ့ အခွင့်အရေးကို ထိပါးလို့မရဘူး။ မဲရုံက ကြီးကြပ်နေတဲ့ဖြစ်စဉ်မှာ အငြင်းပွားစရာကိစ္စတွေ၊ နည်းစနစ်ပိုင်းအရ မှားယွင်းမှုတွေကို နည်းစနစ်တကျ လေ့လာထားတဲ့ စောင့်ကြည့်လေ့လာသူတွေဟာ အဲ့ဒီလိုကိစ္စတွေမှာ ပိုပြီးတော့သိပါတယ်။ ဒါပေမယ့် စောင့်ကြည့် လေ့လာနေတဲ့အချိန်မျိုးမှာ ဝင်ပါတာမျိုး၊ စွက်ဖက်တာမျိုး လုံးဝလုပ်လို့မရဘူး။ မဲရုံဝန်ထမ်းတွေက အတွေ့အကြုံနည်းပါးလို့ မတော်တဆမှားတာမျိုး ဖြစ်နေရင်တောင် စောင့်ကြည့် လေ့လာ နေတဲ့အချိန်မှာ ဒါတွေကမှားနေပါ တယ်လို့ ဝင်ရောက်ပြောဆိုခွင့်မရှိဘူး။ နိုင်ငံရေးပါတီကိုယ်စား စောင့်ကြည့်လေ့လာသူနဲ့ ကျွန်တော်တို့ အရပ်ဘက်စောင့်ကြည့် လေ့လာ သူတွေအကြား ကွာခြားချက်ကတော့ နိုင်ငံရေးပါတီ တစ်ခုခု အတွက် လေ့လာစောင့်ကြည့် ပေးရသူတွေက ဒီလိုပြဿနာတွေမှာ ဝင်ရောက်ပြောဆိုနိုင်တဲ့ အခွင့်အရေး ရှိတယ်။
အရပ်ဘက်လူမှု အဖွဲ့အစည်း စောင့်ကြည့် လေ့လာသူတွေ အနေနဲ့ကတော့ တွေ့ရှိချက်တွေကို အစီရင် ခံစာရေးတဲ့ အခါမှာလည်း ပုဂ္ဂိုလ်စွဲနဲ့ စိတ်ခံစားမှုအပေါ်မှာ အခြေခံပြီး ပြောမယ့်အစား အပြင်မှာ လက်တွေ့ တွေ့ရတဲ့အကြောင်းအရာတွေ အပေါ်အခြေခံပြီး အစီရင်ခံစာတွေကို ရေးသားရမှာပါ။
မေး ။ ။ စောင့်ကြည့်လေ့လာမှု ပြီးစီးသွားတဲ့အခါ ထွက်ပေါ်လာမယ့် အစီရင်ခံစာတွေက ဘယ်လိုနေရာတွေမှာ ပြန်အသုံးချနိုင်လဲ။ ဘယ်လိုအကျိုးပြုနိုင်သလဲ။
ဖြေ ။ ။ ပထမဆုံးအချက်က အစီရင်ခံစာက အထောက် အထားခိုင်လုံရင် ရွေးကောက်ပွဲကော်မရှင်ကို အကြံပေးလို့ ရတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးမှာ ဘယ်နေရာမှာတော့ မဲဆန္ဒရှင်အသိပညာပေးမှု အားနည်းလို့ မဲပေးတဲ့သူနည်းတယ်။ဘယ်ဥပဒေမူဘောင်ကတော့ လက်တွေ့အသုံးချတဲ့နေရာမှာ အဆင်မပြေဘူး။ ဘယ်မူဘောင်တွေကတော့ ပြင်ဖို့လိုတယ်ဆိုတဲ့ အကြံÓဏ်တွေကို ပေးလို့ရတယ်။ နောက်အချက်က မဲဆန္ဒရှင် ပညာပေးလုပ်ငန်းတွေဟာ ရွေးကောက်ပွဲနားနီးမှ ပေးရတဲ့ အရာတွေ မဟုတ်ဘူး။ ဒါကြောင့် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေကို ဘယ်နေရာ တွေမှာတော့ ပညာပေးလုပ်ငန်းတွေ လုပ်ပေးဖို့လိုမယ်ဆိုပြီး သူတို့ရဲ့ စီမံကိန်းတွေရေးဆွဲရာမှာ အထောက်အကူ ပေးနိုင်တယ်။ ပြီးရင်ရွေးကောက်ပွဲမှာ ဖြစ်ပေါ်တဲ့ မသမာ မှုတွေကို ဖော်ထုတ်နိုင်တယ်။ ဘယ်နိုင်ငံရေးပါတီနဲ့ ဘယ်ကိုယ်စားလှယ်က မသမာမှုလုပ်တယ် ဆိုတာမျိုးပေါ့။ ပြောရ ရင်တော့ လူထုကနေရွေးကောက်ပွဲဖြစ်စဉ် အပေါ်မှာ သုံးသပ်နိုင်မယ်ပေါ့။ အစီရင်ခံစာတွေ ပြီးစီးတာနဲ့စာအုပ် ထုတ်ဝေ ဖြန့်ချိပါတယ်။ အစီရင်ခံစာတွေမှာ တွေ့ရှိချက်တွေပါမယ်။
အကြံဉာဏ်ပြုချက်တွေပါမယ်။ ပြီးရင်ကျွန်တော်တို့ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံး အတွက် စောင့်ကြည့်လေ့ လာတဲ့ နေရာမှာ ဘယ်လိုပစ္စည်းတွေ သုံးခဲ့တယ်ဆိုတာပါမယ်။ ဘယ်မေးခွန်းတွေ မေးခဲ့တယ်။ ဘယ် နေရာတွေကိုသွားကြည့်ခဲ့တယ်ဆိုတာတွေပါမယ်။
မေး ။ ။ PACE အနေနဲ့ အရင်ကျင်းပခဲ့တဲ့ ရွေးကောက်  ပွဲတွေမှာကော စောင့်ကြည့်လေ့လာခဲ့ဖူး သလား။ 
ဖြေ ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ တုန်းကတော့ အဖွဲ့အစည်းအနေနဲ့ မဟုတ်ဘဲ ကျွန်တော်လေ့လာ စောင့်ကြည့်ခဲ့ ဖူးပါတယ်။ အဲဒီတုန်းကတော့ အခြေအနေက မတူဘူး။ ခေတ်ကာလအရ စောင့်ကြည့်လေ့လာမှုတွေက စနစ် မကျဘူးပေါ့။ ၂ဝ၁၂ ကျတော့လည်း စောင့်ကြည့်လေ့လာ မှုတွေရှိပေမယ့် မဲဆန္ဒရှင် ပညာပေး လုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူး။ 
ကျေးဇူးတင်ပါ တယ်။
ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Election- PACE) ကို ၂ဝ၁၃ ခုနှစ်တွင် ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖြစ်သည့် လောက အလင်းလူမှုဖွံ့ဖြိုးရေးကွန်ရက်၊ ပဏ္ဍိတဖွံ့ဖြိုးရေး အင်စတီကျု့၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတို့က စတင် တည်ထောင်ခဲ့သည်။ PACE အဖွဲ့သည် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များကို လွတ်လပ်၍ ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် အတွက် ယခုအခါတွင် စတင်တည်ထောင်ခဲ့သည့် အဖွဲ့သုံးဖွဲ့နှင့် ပတ်သက်မှု မရှိဘဲ သီးခြားလွတ်လပ်သောအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိ သည်။ PACE သည် အစိုးရမဟုတ်သော အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘက်မလိုက်သော ရွေးကောက်ပွဲ စောင့်ကြည့် အကဲခတ်သည့် အဖွဲ့အနေဖြင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်။

No comments:

Post a Comment