ဆွစ်ဇာလန်နိုင်ငံက
ပထမဆုံးတီထွင်ထုတ်လုပ်ခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် (Solar Impulse -2)၏
ကမ္ဘာ တစ်ပတ်ပျံသန်းမှုခရီးစဉ်ကို ၂ဝ၁၅ ခုနှစ် မတ်လပထမပတ်အတွင်း စတင်တော့မည်ဖြစ်သည်။
အဆိုပါ နေစွမ်းအင်သုံး လေယာဉ်ခရီးစဉ်ကို
အရှေ့အလယ်ပိုင်းဒေသ အဘူဒါဘီမှ စတင်သွားမည်ဖြစ်ကာ အိုမန်၊ အိန္ဒိယ၊ မြန်မာ (မန္တလေး)၊
တရုတ်၊ ပစိဖိတ်သမုဒ္ဒရာဒေသ(ဟာဝိုင်အီ)၊ အမေရိကန်နိုင်ငံမှ ပြည်နယ်သုံးခု၊အတ္တလန္တိတ်
သမုဒ္ဒရာနှင့်ဥရောပတောင်ပိုင်း၊ မြောက်အာဖရိကဒေသတို့သို့ဖြတ်ကာ နေ့ရောညပါ
ပျံသန်းသွားမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် သြဂုတ်လ အတွင်းအဘူဒါဘီမြို့၌ပင်
ကမ္ဘာတစ်ပတ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။
လေယာဉ်ခရီးစဉ်တစ်လျှောက်
ရပ်နားမည့်ဒေသများ၌ ဆွစ်ဇာလန်နိုင်ငံ၏ ဆန်းသစ်တီထွင်လိုမှု၊ အတွေ့အကြုံနှင့် နည်းပညာ
များကို နည်းပညာလေ့လာသင်ယူနေသော လူငယ်များအားမျှဝေသွားမည်ဖြစ် ပြီး မြန်မာနိုင်ငံ၏
အထင်ကရ သမိုင်းဝင် ရှေးဟောင်းမြို့ဖြစ်သည့် ပုဂံမြို့၏ ကောင်းကင်ယံတွင်
လေယာဉ်သရုပ်ပြပျံဝဲမည့် အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်းသိရသည်။ခရီးစဉ်တစ်လျှောက်
ရပ်နားမည့်အစီအစဉ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးမြို့ တွင်
သုံးရက်တာရပ်နားသွားမည်ဖြစ်သည်။ထို့ပြင် မြန်မာနိုင်ငံ၏ အဆိုပါကမ္ဘာပတ်
နေစွမ်းအင်သုံးလေယာဉ် မန္တလေးမြို့၌ ရပ်နားမည့်အစီအစဉ်များနှင့်ပတ်သက်၍
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး H.E. Mr. Christoph Burgenerနှင့်
မြန်မာ့သတင်းစဉ် သတင်းအဖွဲ့က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို
ဖော်ပြလိုက်ပါသည်။
မေး။ ။ ဆွစ်ဇာလန်
နိုင်ငံရဲ့နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်စတင်ဖြစ်ပေါ်လာပုံကို ရှင်းပြပေးပါ။
ဖြေ။ ။ တီထွင်ဆန်းသစ်လိုစိတ်ရှိတဲ့
ဆွစ်လူမျိုး လေယာဉ်မှူးနှစ်ဦးနဲ့အဖွဲ့က ကမ္ဘာတစ်ဝန်းလုံးကလူတွေ အံ့သြ ထူးဆန်းဖြစ်စေမယ့်
သဘာဝကို အခြေခံပြီး မောင်းနှင်လို့ရတဲ့ လေယာဉ်နဲ့ ကမ္ဘာတစ်ပတ်ပတ်နိုင်ဖို့
စိတ်ကူးယဉ်ခဲ့ရာကနေ ဒီလို အစီအစဉ် စတင်ခဲ့တာပါ။ လောင်စာဆီ လုံးဝသုံးစွဲခြင်းမရှိဘဲ
သဘာဝနေရောင်ခြည်ကနေ စွမ်းအင်ကို ရယူသိုလှောင် ထားပြီး နေ့ရောညပါ မောင်းနှင်လို့
ရတဲ့လေယာဉ်ပျံနဲ့ ကမ္ဘာပတ်လို့ရပြီဆိုတာကို ပထမဆုံးထုတ်ဖော်ပြသတဲ့
အစီအစဉ်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ဒီလိုဖြစ်လာမယ်လို့ ထင်မထားတဲ့
အရာတွေကို ဖြစ်ချင်စိတ်နဲ့ ဖြစ်အောင်လုပ်ခဲ့တယ်ဆိုတာ ဆွစ်ဇာလန်ကပြသသွားမှာ
ဖြစ်ပါတယ်။ လေယာဉ်မှူးနှစ်ဦးထဲ ကတစ်ဦးက ဆွစ်ဇာလန်မှာ တီထွင် ဆန်းသစ်မှုတွေကြောင့်
နာမည်ကြီး တဲ့မျိုးရိုးက ဆင်းသက်လာသူ ဖြစ်ပါတယ်။သူ့အဖေက မိုးပျံပူဖောင်းနဲ့
ကမ္ဘာပတ်ခဲ့တဲ့ သူဖြစ်ပါတယ်။ နည်းပညာဆိုင်ရာ ပညာရှင်တွေပါဝင်တဲ့ Solar Impulse
Teamကနေ တီထွင်ဆန်း သစ်ချင်တဲ့ စိတ်ဓာတ်ကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း
ချင်တာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်မှူး နှစ်ယောက်က မြန်မာနိုင်ငံကို
အရင်ကရောက်ခဲ့ဖူးပါတယ်။ မြန်မာလူမျိုးတွေရဲ့ ဖြူစင်ပွင့်လင်းမှုနဲ့ မြန်မာ နိုင်ငံရဲ့
သဘာဝအလှတွေကို ကမ္ဘာကသိစေချင်တဲ့
ဆန္ဒရှိသူတွေပါ။
ဆွစ်ဇာလန်သံရုံး မြန်မာနိုင်ငံမှာ
စတင်ဖွင့်လှစ်ပြီး နှစ်နှစ်တာ သံတမန်ဆက်ဆံရေးအတွင်းမှာ မြန်မာနဲ့ ဆွစ်ဇာလန် နိုင်ငံကြားမှာ
တိုးတက်ဖြစ်ထွန်းမှုတွေ အများကြီးရှိလာပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ လေးလအတွင်းက
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ဆွစ်ဇာလန်နိုင်ငံကို တရားဝင်ခရီးလာရောက်ပြီးတဲ့
နောက်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဖြစ် ထွန်းလာတာ ဖြစ်ပါတယ်။ သမ္မတကြီး
ဆွစ်ဇာလန်ရောက်တော့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို အထူးစိတ်ဝင် စားတာတွေ့ရပါတယ်။
ဒီလေယာဉ် ကမ္ဘာပတ်မယ့် အစီအစဉ်မှာ မြန်မာနိုင်ငံမှာလည်း နားလိုတယ်လို့ အဆိုပြုတော့
သမ္မတကြီးနဲ့သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက အကူအညီတွေပေးပြီး လေးလေးနက်နက်ပူးပေါင်း
ဆောင်ရွက် ပေးကြပါတယ်။ ဒါ့ကြောင့်လည်း မကြာမီရက်ပိုင်းအတွင်းမှာ စတင်တော့မယ့်
နေစွမ်းအင်သုံးလေယာဉ်ရဲ့ ကမ္ဘာပတ် အစီအစဉ်မှာ မြန်မာနိုင်ငံက တစ်စိတ်တစ်ဒေသ
ပါဝင်တာကို ကမ္ဘာအရပ်ရပ်က တွေ့ရှိရတော့မှာ ဖြစ်ပါတယ်။
မေး။ ။ ခရီးစဉ်စုစုပေါင်းကြာမြင့်
ချိန်နဲ့ရပ်နားတဲ့ဒေသတွေမှာဆောင် ရွက်မယ့်အစီအစဉ်တွေကို ပြောပြပေးပါရှင့်။
ဖြေ။ ။ ခရီးစဉ်ကို အဘူဒါဘီကနေ
စတင်မှာဖြစ်ပြီး အိုမန်၊ အိန္ဒိယ၊ မြန်မာ၊ ပစိဖိတ်သမုဒ္ဒရာ၊ အတ္တလန္တိတ်
သမုဒ္ဒတွေကိုဖြတ်ပြီး အဘူဒါဘီမှာ ခရီးစဉ်ပြီးဆုံးမှာဖြစ်ပါတယ်။အရင်က အမေရိကနဲ့
မော်စကိုမှာ စမ်းသပ်ပျံသန်း ခဲ့ဖူးပေမယ့် အခုကတော့ ကမ္ဘာတစ်ပတ်ကို ပထမဆုံး
ပျံသန်းတာပါ။ လေယာဉ်မှူးနှစ်ယောက်က တစ်ယောက်စီ မောင်းနှင်မှာဖြစ်ပြီး
လေးငါးရက်လောက် ဆက်တိုက်မောင်းနှင်နိုင်အောင် လေ့ကျင့်ထားရတာဖြစ်ပါတယ်။
နေ့ခင်းပိုင်းမှာ အမြင့်ပေ ၅ဝဝဝ လောက်ကနေပျံသန်း ပြီး သိုလှောင်ထားတဲ့
နေစွမ်းအင်နဲ့ ညပိုင်းမှာ မောင်းနှင်နေမှာပါ။ နောက် တစ်ရက်နေထွက်ရင် နေစွမ်းအင်
ပြန်သွင်းရရှိပြီး ဆက်ပြီးပျံသန်းမှာ ဖြစ်ပါတယ်။
ခရီးစဉ်တစ်လျှောက် ရပ်နားတဲ့
ဒေသနဲ့မြို့တွေမှာ လေယာဉ်တီထွင် ဆန်းသစ်မှုနဲ့ပတ်သက်တဲ့ နည်းပညာတွေ၊
အတွေ့အကြုံတွေကို နည်းပညာလေ့လာနေတဲ့ လူငယ်တွေနဲ့တွေ့ဆုံဆွေးနွေးသွားမယ့်
အစီအစဉ်ပါဝင်ပါတယ်။ အဓိကတော့ မဖြစ်နိုင်ဆိုတဲ့ အရာတွေဟာ ဖြစ်ချင်စိတ်ရှိရင် ဖြစ်
တယ်ဆိုတဲ့ အဖိုးတန်သတင်းစကားကို အဓိကပေးလိုပါတယ်။ ဆွစ်လူမျိုးတွေအနေနဲ့
ဆန်းသစ်တီထွင်လိုစိတ်ပြင်းပြကြပြီး သဘာဝသယံဇာတ များများစားစား မရှိတာတောင်
သဘာဝကိုအခြေခံပြီး ခေတ်အမီဆုံး၊ အတိုးတက်ဆုံးပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့
လိုလားကြပါတယ်။ ဆွစ်ဇာလန် နိုင်ငံရဲ့ပညာရေးမြှင့်တင်မှုအစီအစဉ်တွေ၊ အလုပ်လုပ်ရင်း
ပညာသင်လို့ရတဲ့ အခွင့်အရေးဖန်တီးပေးရင်း ပညာတတ်တဲ့ ပတ်ဝန်းကျင်ကနေ လူထုအကျိုးပြု
တီထွင်ဆန်းသစ်မှုတွေ ဆောင်ရွက်နိုင်တယ်ဆိုတာကို ပြသပေးမယ့် ခရီးစဉ်လည်းဖြစ်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံအလယ်ပိုင်းက
မန္တလေးမြို့မှာ တစ်ထောက်နားပြီး ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်လည်း သိပါရစေရှင့်။
ဖြေ။ ။ လေယာဉ် စထွက်မယ့်အချိန်မှာ
ရာသီဥတုနဲ့ ပျံသန်းမယ့် လေယာဉ်ရဲ့ကြံ့ခိုင်မှု အစီအစဉ်တွေ အဆင်သင့်ဖြစ်မယ်ဆိုရင်
၂ဝ၁၅ မတ်လ ပထမပတ်အတွင်းမှာ ခရီးစဉ်စတင်မှာဖြစ်ပြီး ပျံသန်းချိန်တစ်ပတ်အတွင်း
မန္တလေးမြို့ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ မန္တလေးမြို့တွင်ခရီး
တစ်ထောက်ရပ်နားဆင်းသက်ပြီးရင် ခရီးစဉ်မှာ လိုက်ပါလာမယ့် လေယာဉ်မှူး နှစ်ဦးကနေ
နည်းပညာဆွေးနွေးပွဲတွေ လုပ်သွားမှာဖြစ်ပါတယ်။ ရှေးဟောင်းသမိုင်းဝင်
ပုဂံမြို့ရဲ့ဝေဟင်မှာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှပြပျံသန်းမှုနဲ့ ရှုခင်းရှုကွက်
တွေကို ပြသသွားနိုင်မှာပါ။ ဒါဟာ ဘယ်လောက်ခမ်းနားမလဲ၊ အံ့သြဖွယ် ကောင်းမလဲဆိုတာ
ခန့်မှန်းကြည့် နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့အသည်းနှလုံးဖြစ်တဲ့
ပုဂံမြို့ရဲ့အလှကိုဆွစ်ဇာလန်နိုင်ငံရဲ့ပထမဆုံး ဆန်းသစ်တီထွင်မှုတွေနဲ့ပေါင်းစပ်ပြီး
ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြရင်းက မြန်မာနိုင်ငံရဲ့ သဘာဝအလှတရားတွေကို ကမ္ဘာက
ပိုမိုသိရှိစေမယ့် အခွင့်အရေးလည်း ရရှိမှာဖြစ်ပါတယ်။ဒါကလည်း သဘာဝ အခြေခံခရီးသွားလုပ်ငန်းနဲ့
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးရေးကို တစ်နည်းတစ်ဖုံ အထောက် အပံ့ဖြစ်စေမှာပါ။
မေး။ ။ ဒီခရီးစဉ် အောင်မြင်ဖို့ကို
ပူးပေါင်းဆောင်ရွက်ကူညီပံ့ပိုး ကြတာနဲ့ပတ်သက်ပြီး ရှင်းပြပေးပါရှင့်။
ဖြေ။ ။ ဒီလို ဆောင်ရွက်နိုင်ဖို့
ဆွစ်အစိုးရနဲ့ မြန်မာအစိုးရအပြင် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေ၊
နိုင်ငံတော်သမ္မတရုံး၊ ပို့ဆောင်ရေးနဲ့ပြန်ကြားရေးဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေကို
ကျေးဇူးတင်ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးကို အေဘီပီ၊ Schindler ၊ အိုမီဂါစတဲ့
ဆွစ်ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံက FMI ကုမ္ပဏီတို့က အဓိကကူညီပေးနေပါတယ်။ မန္တလေးကို
ရောက်လာရင် အားလုံးကနွေးနွေးထွေးထွေးကြိုကြမယ်။ မန္တလေးမှာနှစ်ရက်
သုံးရက်ရှိနေစဉ်မှာ နည်းပညာ တက္ကသိုလ်က ကျောင်းသားတွေနဲ့ လေယာဉ်မှူးတွေက
နေရောင်ခြည်စွမ်းအင်အသုံးချ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတွေ၊
သန့်ရှင်းစွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ ဓာတ်ပုံပြိုင်ပွဲတွေ
ကျင်းပနိုင်အောင်လည်း ဒီအဖွဲ့အစည်းအားလုံးက ဆွစ်ဇာလန်သံရုံးနဲ့ပူးပေါင်း
ဆောင်ရွက်နေကြပါတယ်။ ခရီးစဉ်အောင်မြင်ဖို့ ဆွစ်ဇာလန်နိုင်ငံကနေ လုပ်ဖော်ကိုင်ဖက်
၇ဝဝ လောက်က ပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုကနေ
ဆွစ်ဇာလန်နိုင်ငံက ပထမဆုံးတီထွင် ထုတ်လုပ်ခဲ့တဲ့ နေရောင်ခြည်စွမ်းအင်
သုံးလေယာဉ်နဲ့ပထမဆုံးကမ္ဘာ တစ်ပတ်ပျံသန်းမယ့် အစီအစဉ်မှာ
တစ်စိတ်တစ်ပိုင်းပါဝင်နေတဲ့ မြန်မာပြည်သူတွေအတွက်လည်း ဂုဏ်ယူနိုင်မယ့်အစီအစဉ်
ဖြစ်ပါတယ်။
မေး။ ။ဆွစ်ဇာလန်နဲ့ မြန်မာနိုင်ငံရဲ့
ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆွစ်ဇာလန်သံရုံးအနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက် နေတာနဲ့
ဆက်လက်ဆောင်ရွက်ဖို့ အစီအစဉ်တွေရှိရင် ရှင်းပြပေးပါရှင့်။
ဖြေ။ ။ မြန်မာနဲ့ ဆွစ်ဇာလန်
နိုင်ငံတို့ရဲ့ ဆက်ဆံရေးပိုမိုတိုးတက်
ကောင်းမွန်လာပါတယ်။နှစ်နိုင်ငံခေါင်းဆောင်တွေ ချစ်ကြည်ရေး တရားဝင်ခရီးစဉ်တွေ
ရှိနေပါတယ်။ ဆွစ်ဇာလန်သံရုံးအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ
စနစ်ဖြစ် ထွန်းရေးနဲ့ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့
အသက်မွေးဝမ်းကျောင်းပညာရပ်တွေ ဖွံ့ဖြိုးဖို့နဲ့ပူး ပေါင်းဆောင်ရွက်မှုတွေ၊
အလုပ်လုပ်ရင်းပညာသင်လို့ရမယ့် အခွင့်အလမ်းတွေ ပိုပြီးရရှိလာအောင် အကူအညီပေး နေပါတယ်။ဆွစ်ဇာလန်နိုင်ငံက
ပညာရေးအပေါ် အလေးထားဆောင်ရွက်လျက်ရှိပြီး ပညာတတ်တဲ့လုပ်သား ထုကြီးက
နိုင်ငံဖွံ့ဖြိုးတိုးတက်လာ နိုင်တယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒါကြောင့်လည်း
အသက်မွေးဝမ်းကျောင်းပညာ သင်တန်း ကျောင်း အစီအစဉ်တွေကို သံရုံးက
ပူးပေါင်းဆောင်ရွက်နေပါတယ်။
မေး။ ။ သံအမတ်ကြီးအနေနဲ့
ဖြည့်စွက်ပြောကြားလိုတာများ ရှိရင် ပြောကြားပေးပါရှင့်။
ဖြေ။ ။ အဓိကက နေစွမ်းအင်
လေယာဉ်သုံးလေယာဉ်နဲ့ ပထမဆုံး ကမ္ဘာတစ်ပတ် ပတ်မောင်းကြမယ့် လေယာဉ်မှူးနှစ်ဦးအတွက်
ဂုဏ်ယူ ကြောင်းပြောချင်ပါတယ်။ သူတို့ရဲ့ ဆန်းသစ်တီထွင်လိုစိတ်၊ စွန့်လွှတ်စွန့်စားလိုစိတ်နဲ့
ပြင်းပြတဲ့ဆန္ဒတွေကြောင့်သာ ဒီလိုသမိုင်းဝင်ခရီးစဉ် ကြီးတစ်ခုကို
ဆွစ်ဇာလန်နိုင်ငံအနေနဲ့ဂုဏ်ယူဝမ်းမြောက်ခွင့်ရတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့
ပုံစံခွက်ထဲကနေ ဖောက်ထွက်ပြီး တွေးတောဆင်ခြင်နိုင်မှု၊ မဖြစ်နိုင်တာကို
ဖြစ်ချင်စိတ်နဲ့ ဖြစ်အောင် လုပ်လို့ရတာနဲ့ အတူတူပူးပေါင်း ဆောင်ရွက်ရင်
အောင်မြင်တယ်ဆိုတာတွေက ဒီခရီးစဉ်ကနေပေးလိုတဲ့ အဖိုးတန်သတင်းစကားတွေ ဖြစ်ပါတယ်။
လာမည့် မတ်လအတွင်း မန္တလေးမြို့၌
ရပ်နားရင်း နည်းပညာဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ကာ ပုဂံမြို့၏ ဝေဟင်ထက်တွင်
ပျံသန်းနေမည့် ဆွစ်ဇာလန်နိုင်ငံ၏ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို
စိတ်မှန်းဖြင့်ကြိုဆိုရင်း မြန်မာ-ဆွစ်ဇာလန် ပူးပေါင်းဆောင်ရွက်မှုများ
ဆက်လက်အောင်မြင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။
No comments:
Post a Comment