Friday, February 27, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




နေပြည်တော်  ဖေဖော်ဝါရီ ၂၇
မြန်မာ - လာအို နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ရှည်လျားသော သမိုင်းကြောင်းနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့၍ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်  အထောက်အပံ့ ဖြစ်မည်ဟု ယုံကြည် ပါကြောင်းဖြင့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဧည့်ခန်းမ ဆောင်၌ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E.Mr.  Lyying  SAYAXANG  အား  လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E.Mr.  Lyying  SAYAXANG နှင့်အတူ စစ်သံမှူး Colonel  Daokai  Lertlivanh နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  မြန်မာ၊ လာအို၊ ထိုင်း ၃ နိုင်ငံနယ်နိမိတ် ဆက်စပ်ရာ ရွှေတြိဂံနယ်မြေအတွင်း မူးယစ်ဆေးဝါးပြဿနာ အချို့ရှိသဖြင့် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများနှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်း တားဆီးကာကွယ်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားဓလေ့ စရိုက်တူညီမှုများ ရှိသဖြင့် ပြည်သူများ အပြန်အလှန်လည်ပတ်နိုင်ရေး လမ်းဖွင့်ပေးစေလိုပါကြောင်း၊ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် ကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးနှင့် နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး အကြံပြုလိုပါ ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ဧည့်သည်တော်သံအမတ်ကြီးက  မြန်မာ-လာအို သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ဘောလုံးအားကစားအဖွဲ့များကို စေလွှတ်သွားလိုပါကြောင်း၊ ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးပြ ဿနာမှာ နှစ်နိုင်ငံလုံးအတွက် အရေးကြီးသော ကိစ္စဖြစ်၍ ပူးပေါင်းတိုက်ဖျက် သွားမည် ဖြစ်ကြောင်း ၊ ကုန်သွယ်မှုမြှင့် တင်ခြင်းဖြင့် ဆက်ဆံရေး တိုးတက်မှုသာမက နှစ်နိုင်ငံ အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်၍ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ် ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် တပ်မတော်နှစ်ရပ်အကြား နှစ်နိုင်ငံဘာသာစကား အပြန်အလှန် စေလွှတ်သင်ကြားရေး၊ နယ်စပ် တည်ငြိမ် လုံခြုံရေးနှင့်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံတို့သည် ၁၉၅၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် သံတမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့ပြီး ရန်ကုန်မြို့တွင် လာအိုနိုင်ငံသံရုံးကို ၁၉၅၆ ခုနှစ် ၊ ဩဂုတ်လ ၉ ရက်တွင် စတင်ဖွင့်လှစ်ကာ မြန်မာသံရုံးကို လာအိုနိုင်ငံ ၊ ဗီယင်ကျန်း မြို့၌ ၁၉၆၇ ခုနှစ်၊ အေပြီလ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။          

No comments:

Post a Comment