Thursday, February 26, 2015

သင့်ခေါင်း



နေပြည်တော်-ဖေဖော်ဝါရီ ၂၆
ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဖြစ်စေရေး၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ဆေးကုသမှု လုပ်ငန်းများ အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်း အမြစ်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်ပစ္စည်းကိရိယာ များကို လည်း ဖြည့်ဆည်းပေး လျက်ရှိရာ မြန်မာ့ဆေး ပညာလောက၏ အောင်မြင်မှု တစ်ရပ် ဖြစ်သည့် ရင်ချင်းဆက်အမွှာ ခွဲစိတ်ကုသမှုကို  ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ ကလေး ဆေးရုံကြီး၌ အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့သည်။




ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်သည် တာဝန် ရှိသူများနှင့်အတူ အဆိုပါရင်ချင်းဆက်အမွှာ ကလေးငယ်(၂)ဦး၏ ကျန်းမာရေးကောင်းမွန် နေမှု အခြေအနေများကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉နာရီခွဲတွင် သွားရောက်ကြည့်ရှု အားပေးရာ ဆေးရုံ အပ်ကြီး ဒေါက်တာသိန်းထွန်း၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ထူးဟန်နှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများက ကြိုတင်ပြင်ဆင် လေ့ကျင့်ခြင်း လုပ်ငန်းများ၊ ခွဲစိတ်မှုလုပ်ငန်း များ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ကလေးငယ် ၂ ဦး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးက ခွဲစိတ်ကုသမှုတွင်ပါဝင်သည့် ပါမောက္ခ/အထူးကုဆရာဝန် ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ၀န်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ ခွဲစိတ်ကုသမှုများကို ဆောင်ရွက်နိုင်ခြင်းသည် မိမိတို့မြန်မာ ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးကို ထုတ်ဖော်ပြသနိုင်ခြင်း ဖြစ်ကြောင်းပြော ကြားခဲ့ပြီး လိုအပ် ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ သည်။
ထို့နောက် ရင်ချင်းဆက်အမွှာ ၂ ဦး၏ မိခင်နှင့် ဖခင်တို့က မိမိတို့ ကလေးငယ် ၂ ဦး၏ ကျေးဇူးရှင် ဆရာဝန်ကြီးများ၊ ဆရာဝန်/ ဆရာမများ၊ ၀န်ထမ်းများအား အလွန်ကျေးဇူး တင်ကြောင်း၊ ကလေးငယ် ၂ ဦး မွေးစမှ ယခုခွဲစိတ်ပြီးချိန်အထိ မိမိတို့ မိသားစုအနေဖြင့် ငွေကြေးတစ်စုံတစ်ရာ ကုန်ကျမှုမရှိဘဲ အလုံးစုံပံ့ပိုး ကူညီပေးပါသော နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ စေတနာကိုလည်း သိရှိနားလည်ပါကြောင်း တွေ့ဆုံပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကလေးငယ် ၂ ဦးအတွက် လိုအပ်သည်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက် ပေး မည်ဖြစ်ကြောင်း နွေးထွေးစွာ အားပေး စကားပြောကြား ခဲ့ပြီး ခွဲစိတ်ကုသမှုအောင်မြင်စွာ ဆောင်ရွက်ခဲ့သည့် ဆေးရုံအုပ်ကြီးနှင့် စီမံအုပ်ချုပ်မှု အဖွဲ့ဝင်များ၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ သူနာပြုများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ ဘေဘီမိုးသူဇာ ရင်ချင်းဆက်အမွှာညီအမမှာ အသက်(၁)နှစ်(၇)လရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မိဘများဖြစ်သော ဦးကျော်ဆန်းရှိန်နှင့် ဒေါ်မိုးသူဇာတို့မှ (၂၀၁၃)ခုနှစ် ဇူလိုင်လ (၉)ရက်နေ့တွင် မြောက်ဥက္ကလာပဆေး ရုံကြီးတွင် မွေးဖွားပေးခဲ့ကာ အောင်မြင်စွာခွဲစိတ် နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၏ ဦးဆောင်မှုဖြင့် ခွဲစိတ်ကုသရေး၊ စီမံခန့်ခွဲရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်၍ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကလေးဆေးရုံကြီးအစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် ကျန်းမာရေးကဏ္ဍသည် အဓိကအခန်း ကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်ပါကြောင်း၊ မိမိတို့အလုပ်သည် အများပြည် သူ၏ အသက်ကို ကယ်ဆယ်ကုသ ရသည့်အလုပ်ဖြစ် သဖြင့် မြတ်မြတ်နိုးနိုးတန်ဖိုးထား စေလိုကြောင်း၊ မိမိတို့တာဝန်ယူရသည့် လုပ်ငန်းများကို စိတ်ကောင်း စေတနာ ထား၍ ကျွမ်းကျင်စွာ ဆောင်ရွက် နိုင်ရန် ကြိုးစားရမှာ ဖြစ်ကြောင်း၊ မိမိအနေဖြင့် စီမံခန့်ခွဲမှုအပိုင်းတွင် လုပ်ငန်းရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်ချက်များ ချမှတ်ပေးရုံသာမက၊ အောက်ခြေအထိ ကွင်းဆင်း၍ အမှန်တကယ် လိုအပ်ချက်များကို သိရှိအောင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ အားနည်းချက်များ တွေ့ရှိပါကလည်း ပြင်ဆင်တည့်မတ်ပေးပြီး လိုအပ်သည်များကိုလည်း အမြန်ဆုံးဖြည့် ဆည်းဆောင်ရွက် ပေးလျက် ရှိပါကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ကလေးဆေးရုံကြီး၏ စားဖိုဆောင်ပြုပြင် ပြီးစီးမှုအခြေအနေ၊ စင်္ကြန်လမ်း ပြုပြင်ပြီးစီးမှု အခြေအနေ၊ Oxygen Plant တပ်ဆင်အသုံးပြုမှု အခြေအနေ၊ စာသင်ဆောင် ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment