ရန်ကုန် ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
စက်မှုဇုန်များမှ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ လုပ်ငန်းခွင် သာယာရေးအတွက်
တွေ့ဆုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်း ဒေသကြီး
အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌
ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင် အောင်၊
ဒုတိယဝန်ကြီး ဒေါ်ဝင်းမော် ထွန်းနှင့်အတူ သက်ဆိုင်ရာညွှန်ကြား ရေးမှူးချုပ်များက
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ
ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာ
နိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများ အသင်းမှ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ MTUF၊
CTUM တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင်
အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က
ရွှေပြည်သာစက်မှုဇုန်တွင် ဖြစ်ပေါ်နေသည့် အင်အားသုံး တောင်းဆိုမှုများကို
ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနှင့်အညီ ဖြေရှင်းပေးနေမှုများကို
တင်ပြခဲ့သည်။
ယင်းနောက်
ဒုတိယဝန်ကြီး ဦးထင်အောင်က အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများကို ၂ဝ၁၂ ခုနှစ်
အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ နှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့်
လုပ်ငန်းခွင်မပျက် ညှိနှိုင်း ဆွေးနွေးရန် လိုကြောင်း၊ အလုပ်သမာများအနေဖြင့်
လုပ်ငန်းခွင် ဝင်ရောက်လိုသူများကို ပိတ်ဆို့ တားဆီးခြင်းနှင့် ကွန်တိန်နာယာဉ်
များထွက်ခွင့်မရအောင် ဆောင်ရွက်ထားခြင်းသည် ဥပဒေနှင့်မညီကြောင်း၊ ဖေဖော်ဝါရီ ၁ဝ
ရက်က ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်
တွေ့ဆုံပြီး ဥပဒေနှင့် အညီဆောင်ရွက် ပေးရန် ညှိနှိုင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၁
ရက်က အငြင်းပွားမှုဖြစ်ပွား နေသည့် စက်ရုံ၊ အလုပ်ရုံလေးရုံမှ အလုပ်ရှင်များနှင့်
တွေ့ဆုံ၍ အတတ်နိုင်ဆုံး ညှိနှိုင်းပေးရန် မှာကြားခဲ့ပြီး နေ့လယ်ပိုင်းတွင်
ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က အလုပ်ရှင် နှင့်အလုပ်သမား များကို
ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း ပေးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၂
ရက်တွင် ဆက်လက် ညှိနှိုင်းပေးခဲ့ကြောင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ပြန်လည်
ရုပ်သိမ်းသွားပါက တွေ့ကြုံလာမည့် အခက်အခဲ များကို မျှော်မှန်းထားရန်လိုကြောင်း၊
အလုပ်သမားဝန်ကြီး ဌာနအနေဖြင့် အလုပ်သမားရေးရာ ကိစ္စရပ်များကို ကိုယ်စွမ်း၊
ဥာဏ်စွမ်း ရှိသရွေ့ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍
ဒုတိယ ဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက အလျဉ်းသင့် တိုင်းစက်မှုဇုန်များရှိ အလုပ်သမားများထံ
သွားရောက်၍ တွေ့ဆုံအားပေးခဲ့ကြောင်း၊ အလုပ်သမား လိုအပ်ချက်နှင့်
အလုပ်ရှင်ပေးနိုင်စွမ်းတို့ မျှတရန် လိုကြောင်း၊ အလုပ်သမားများသည် မှန်ကန်သည့်အသက်
မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများ ဖြစ်ပြီး အလုပ်ရှင်များသည် စွန့်စား
လုပ်ဆောင်သူများ ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် ယုံကြည်မှုရှိရန် လိုကြောင်း၊
စီးပွားရေးနှင့် နိုင်ငံရေးဆက်စပ်မှုရှိ၍ စီးပွားရေး ကောင်းမွန်စေရန် ဖြေလျှော့
မှုများစွာ လုပ်ပေးလျက်ရှိရာ အငြင်းပွားမှုများ မဖြစ်စေရန် ကြိုတင် ကာကွယ်ရန်နှင့်
ဖြစ်ပေါ်ပါက အေးချမ်းစွာ ဖြေရှင်းရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက်
တက်ရောက်လာ သူများက အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုကို ဥပဒေနှင့်အညီ တောင်းဆို၍
ငြိမ်းချမ်းစွာဖြေရှင်းရန် လိုကြောင်း၊ ဥပဒေမဲ့ လုပ်ရပ်များ ကြောင့်
လုပ်ငန်းရပ်ဆိုင်းရခြင်းမျိုး မဖြစ်စေလိုကြောင်း၊ အလုပ်ရှင်များ အနေဖြင့်
တရားဥပဒေအရကာကွယ် စောင့်ရှောက်မှု လိုအပ်ကြောင်း၊ အလုပ်သမား အဖွဲ့ အစည်းများ
အနေဖြင့် လုပ်ငန်းခွင်အေးချမ်း သာယာရေးအတွက် အလုပ်ရှင်များနှင့်
ပူးပေါင်းဆောင်ရွက်ရန် လို ကြောင်း၊ အလုပ်သမားရေးရာကိစ္စ ရပ်များတွင်
အလုပ်သမားစစ်စစ် မဟုတ်သူများ၏ ဦးဆောင်မှုမခံယူ စေလိုကြောင်း၊ အလုပ်သမားများကို
အသုံးချခံအဖြစ် မဖြစ်စေလိုကြောင်း၊ ဥပဒေနှင့်မညီသော လုပ်ဆောင်မှု များကို
လက်မခံနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်စလုံးသည် ဥပဒေနဲ့အညီ
ဆောင်ရွက်စေရန် လိုကြောင်း၊ လုပ်ငန်းခွင်အေးချမ်း သာယာရေးနှင့်
ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်သာမက
အပြုသဘောဆောင်သည့် အလုပ်သမား အကျိုးဆောင်ရွက် သူများက ပူးပေါင်းဆောင်ရွက်
ရန်လိုကြောင်း ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment