Sunday, February 1, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း (၁-၂-၂ဝ၁၅)

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအ ခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြား နေကြ ဖြစ်တဲ့အတိုင်း ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုများကို ပြောကြားရခြင်း ဖြစ်ပါတယ်။

အခုလာမယ့် ဖေဖော်ဝါရီလဟာ ဆိုရင်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပြသတဲ့ သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပါတယ်။ ပင်လုံကနေ အစပြုခဲ့တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ကိစ္စကို ဖြစ်စဉ်တစ်ခု အနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ လက်ထက်အထိ ဆက်လက် လုပ်ဆောင်နေရတဲ့ လုပ်ငန်းစဉ်တစ်ရပ် အဖြစ် ရှုမြင်ရမှာလည်း ဖြစ်ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း အခက်အခဲတချို့ ရှိနေသည့်တိုင် အဆင့်ဆင့် ဖြစ်ထွန်းမှု တွေ ရှိနေပြီးတော့ လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ဖို့ ပြင်ဆင်နေတာက သက်သေထူလျက် ရှိပါတယ်။
ဒီလို လုပ်ငန်းစဉ်များမှာ ကဏ္ဍအသီးသီးကနေ ပါဝင်နေတဲ့ အမျိုးသား နိုင်ငံရေး အင်အားစုများကို ကျွန်တော့်အနေနဲ့ အထူး တိုက်တွန်း လိုတာ ရှိပါတယ်။ ဒါကတော့ ပြည်သူလူထု တစ်ရပ်လုံး လိုလား တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို မိမိတို့ကျရာ ကဏ္ဍအသီးသီးကနေ တည်ဆောက်ပေးနိုင်စွမ်း ရှိတယ်ဆိုတဲ့ ရပ်တည်ချက်ကနေ ရှုမြင်ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အဆင့်ဆင့် တက်လှမ်းပြီး အောင်မြင်မှုတွေ ရယူပေး ကြဖို့ ဆိုတာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရ လက်ထက်မှာ ကြိုးပမ်း အကောင်အထည် ဖော်ခဲ့တဲ့ နိုင်ငံရေးအရ ဖြေလျှော့မှုတွေနဲ့ နိုင်ငံရေး ယဉ်ကျေးမှု အသက်ဝင်လာစေရေး ကြိုးပမ်းမှုတွေဟာ အပြောသက်သက် မဟုတ်တော့ဘဲ လက်တွေ့ကျကျ ဖြစ်ထွန်းနေပြီဆိုတာ အားလုံး ရှုမြင်ခံစားနေရပြီ ဖြစ်ပါတယ်။ ဒီဖြစ်ထွန်းမှုတွေ နောက် တစ်ဆင့် တက်လှမ်းနိုင်ဖို့ အတွက် နိုင်ငံရေး အာမခံချက်များ ရရှိအောင်လို့ ဖြစ်စဉ်တိုင်းမှာ အဆင့်ဆင့် တက်လှမ်းပြီး နိုင်ငံရေး သဘောတူညီချက်များ ရယူကြဖို့ ထပ်မံတိုက်တွန်းရင်း ဖေဖော်ဝါရီလအ တွက် မိန့်ခွန်း ကို အစပြု ပြောကြားလိုပါတယ်။
၂ဝ၁၅ ခုနှစ်ဟာ နိုင်ငံရေးအရ ထူးခြားမှုတွေ ရှိမယ့်နှစ်ဖြစ်တယ်လို့ ကျွန်တော့်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောကြားခဲ့သလိုပဲ ဒီနှစ်သစ်ရဲ့ ပထမဦးဆုံးလ ဖြစ်တဲ့ ဇန်နဝါရီလ အတွင်းမှာ နိုင်ငံရေးအရ ထူးခြားတဲ့ ဖြစ်စဉ် တွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ နိုင်ငံရေးအရ တိုးတက်မှုတွေ ပါဝင်နေသလို စိန်ခေါ်မှုတွေကိုလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေဟာ ကျွန်တော် မကြာခဏ ပြောကြားခဲ့သလိုပဲ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်တဲ့ နိုင်ငံများမှာ ကြုံတွေ့ရမြဲ ဖြစ်ရပ်တွေသာ ဖြစ်ပြီးတော့ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးဖြစ်စဉ်များနဲ့ လက်ရှိကျင့်သုံးနေတဲ့ စနစ်တွေရဲ့ အကျိုးဆက်တွေအရ ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲများ ကျင်းပမယ့်နှစ် ဖြစ်တဲ့အတွက်လည်း ပြည်သူလူထုနဲ့ နိုင်ငံရေး အင်အားစုများရဲ့ မျှော်လင့်ချက်များ မြင့်တက်နေတဲ့ကာလမှာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေကို ထပ်မံကြုံတွေ့ရဦးမှာ ဖြစ်တယ် ဆိုတာလည်း လက်သင့်ခံထားရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့နဲ့ ဒီမိုကရေစီ အခြေတည် ခိုင်မြဲရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဆိုတဲ့ကိစ္စများဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်း ရည်မှန်းထားတဲ့၊ အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့၊ ရယူပိုင်ဆိုင်လိုတဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။ ဒီအောင်မြင်မှု ရရှိဖို့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာမှာ ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုများကို မဖြစ်မနေ ကျော်လွှားကြရမှာလည်း ဖြစ်ပါတယ်။ ဒီလိုကျော်လွှားရတာ ခက်ခဲတယ်ဆိုတာ နိုင်ငံတကာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းခဲ့ကြတဲ့ နိုင်ငံများရဲ့ ဥပမာတွေက သက်သေထူနေသလို လက်ရှိ ကျွန်တော်တို့အားလုံး ကြုံတွေ့နေရတဲ့ အခြေအနေများအရလည်း မြင်သာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် အထက်မှာဆိုခဲ့သလိုပဲ ကျွန်တော်တို့ အနေနဲ့ အောင်မြင်မှုကို ရယူနိုင်ဖို့ ကြုံတွေ့လာရမယ့် အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို မဖြစ်မနေ ကျော်လွှားကြရမှာပဲ ဖြစ်ပါတယ်။ ဒီလို ကျော်လွှားတဲ့အခါမှာလည်း အစိုးရ တစ်ရပ်အနေနဲ့သာမက နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အားလုံး သာမကဘဲ ပြည်သူတစ်ဦးချင်းစီကပါ ချောမွေ့ ညင်သာတဲ့ အသွင်ကူးပြောင်းရေးကိုဆိုတဲ့ အောင်မြင်မှုကို အချင်းချင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ စိတ်ရှည် သည်းခံမှုများကို အခြေခံပြီး လုပ်ဆောင်ကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချမှုမျိုး လိုအပ်ကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်။
မြန်မာတစ်မျိုးသားလုံး တစုတစည်းတည်း ကြိုးပမ်းမှုရဲ့ ပြယုဂ်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဟာ ဇန်နဝါရီလရဲ့ ပထမဦးဆုံး အပတ်မှာ ဖြစ်ပါတယ်။ ဒီနှစ်ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားဟာ ထူးခြားမှု တွေများစွာရှိခဲ့ပါတယ်။ လွတ်လပ်ရေး အောင်ပွဲများကို ခေတ်စနစ်အလိုက် ပုံစံမျိုးစုံ ကျင်းပပြုလုပ်ခဲ့တဲ့အနက် နှစ်ပေါင်းများစွာ အတွင်း ပြန်လည် ကျင်းပနိုင်ခဲ့တဲ့ ဗိုလ်ရှုသဘင် အခမ်းအနားဟာဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသား စည်းလုံး ညီညွတ်မှုကို ပြသနိုင်တာဖြစ်ပါတယ်။ ဒီအခမ်းအနားနဲ့ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ တိုင်းပြည် အတွက် အရေးတကြီး လိုအပ်နေတဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် အဓိကကျတဲ့ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ခေါင်းဆောင်များနဲ့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
နိုင်ငံရေး အင်အားစုများ အကြားမှာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်း နည်းလမ်းနဲ့ အဖြေရှာခြင်းသည်သာလျှင် နည်းလမ်းမှန် ဖြစ်တယ်လို့ ကျွန်တော် မကြာခဏ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေး အင်အားစုများ အကြား တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ဖို့ အတွက် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစုများနဲ့ တပ်မတော်တို့ ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့တဲ့ အချက်အရ ပြုလုပ်တာလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ်စားပြုမှုတွေကို ပိုမို ကျယ်ပြန့်စေဖို့နဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ အသံတွေပါ ထည့်သွင်း ဆွေးနွေးနိုင်ဖို့ အတွက် ရွေးကောက် တင်မြှောက်ခံ တိုင်းရင်းသားရေးရာ ဝန်ကြီး (၂၉)ဦးကို ဖိတ်ကြား ဆွေးနွေးစေခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးအင်အားစု အသီးသီးမှာ မတူညီတဲ့ သဘောထား အမြင်တွေနဲ့ ရှုထောင့် ကိုယ်စီရှိကြပေမယ့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး အောင်မြင်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ၂ဝ၁၅ အထွေ ထွေရွေးကောက်ပွဲများ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်များကတော့ အတူတူပဲ ဖြစ်ပြီးတော့ ဒီအချက်တွေ အပေါ်မှာ မိမိတို့ရဲ့ ကိုယ်ပိုင် ရပ်တည်ချက်များနဲ့ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ အခုလို ဆွေးနွေးပွဲတွေကို ထပ်မံ ပြုလုပ်သွားကြဖို့လည်း သဘော တူညီခဲ့ကြပါတယ်။
တစ်ဆက်တည်းမှာပဲ ပြည်ထောင်စု လွှတ်တော်ရဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အနည်းငယ် ပြောကြားလိုတာ ရှိပါတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဖန်တီး ဖော်ဆောင်ခဲ့တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်အရ နိုင်ငံရေး အင်အားစုများ အကြား တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာမှုဟာ ကြိုဆိုရမယ့်ကိစ္စ ဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော်ရဲ့ တိုက်တွန်းမှုကို ကျွန်တော့်အနေနဲ့ ကြိုဆိုကြောင်း တရားဝင် ပြန်ကြားခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ပေးပို့လာတဲ့ အဓိကနှစ်ချက်ထဲက တစ်ချက်ဖြစ်တဲ့ ခေတ်စနစ်၊ အချိန်အခါ အခြေအနေနဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေး ဆိုတဲ့အချက်ဟာ ကျွန်တော်အစဉ်တစိုက် ပြောဆိုခဲ့တဲ့ မိမိနိုင်ငံ၊ မိမိ လူ့အဖွဲ့အစည်းအတွက် ဖွဲ့စည်းပုံကို အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမှာ ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ တူညီပါတယ်။ ဒီလိုပြင်ဆင်တဲ့ အခါမှာလည်း နိုင်ငံသားများရဲ့ ပြည်လုံးကျွတ် သဘောထား ဆန္ဒခံယူမှုများနဲ့ ပြုလုပ်ရမယ့် ကိစ္စရပ်တွေ ပါဝင်တဲ့အတွက် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းများနဲ့အညီ ပြင်ဆင်ခြင်းကသာလျှင် နည်းလမ်းမှန် ဖြစ်ကြောင်းလည်း ပြန်ကြားခဲ့ပါတယ်။
ဒုတိယတစ်ချက်ဖြစ်တဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေး အတွက် အခြေအနေကောင်းများ ဖန်တီး လမ်းခင်းပေးရန် ဆိုတဲ့ အချက်မှာလည်း အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များနဲ့ တပ်မတော်တို့ သာမကဘဲ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ဖို့ လိုအပ်တယ်လို့ ရှုမြင်မိပါတယ်။ ဒါကြောင့်လည်း ဇန်နဝါရီလ ၁၂ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးများကို ထည့်သွင်း ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် ဆွေးနွေးစရာကိစ္စတွေ များပြားနိုင်ပါတယ်။ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေလည်း လိုအပ်တဲ့အတွက် အချိန်တွေလည်း လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပြည်ထောင်စု လွှတ်တော်ရဲ့ တိုက်တွန်းမှုကို ငြင်းပယ်တာ မဟုတ်ဘဲ တွေ့ဆုံမှု တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်သွားရမှာ ဖြစ်ပြီး ကျယ်ပြန့်တဲ့ ပါဝင်မှုတွေ ဖြစ်အောင်လည်း လုပ်ဆောင်ရမှာ ဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားရှိပါတယ်။ ပေးအပ်လာတဲ့ အခြေအနေအတွင်းမှာ တွေ့ဆုံမှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်းလည်း အသိပေး ပြောကြားလိုပါတယ်။
အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ကျောင်းသားများရဲ့ လိုလားချက်တွေကို ဆန္ဒဖော်ထုတ်ကြတဲ့ ကိစ္စတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့လည်း အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး အတွက် ဆက်လက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့အတွက် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူများနဲ့ လွှတ်တော် ကိုယ်စားလှယ်များဟာ ကျောင်းသားအဖွဲ့များနဲ့ အကြိုတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေး အဖြေရှာကြဖို့ သဘောတူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လက်ရှိ ကာလဟာ စာမေးပွဲရာသီ ဖြစ်တဲ့အတွက် ကျောင်းတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားပြီး စာမေးပွဲများ ရွှေ့ဆိုင်းရခြင်း၊ ကျောင်းများ ပိတ်ရခြင်းများ ဖြစ်ပေါ်လာမှာကို ကျောင်းသား မိဘများအနေနဲ့ စိုးရိမ်ပူပန်မှု ရှိနေကြတာကိုလည်း ကြားသိရပါတယ်။ အခုအချိန်မှာဆိုရင် ဆန္ဒပြ ချီတက်မှုများကို ရပ်တန့်ပြီး ဆွေးနွေးမှုတွေကို ခိုင်ခိုင်မာမာ စတင်ကြရမှာလည်း ဖြစ်ပါတယ်။ ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းသာလျှင် လက်တွေ့ကျတဲ့ အဖြေဖြစ်တယ် ဆိုတာကို ဆုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။ ကျောင်းသားများရဲ့ လိုလားချက်တွေ ဖြည့်ဆည်းနိုင်ရေး အတွက် ဆက်လက် ဆွေးနွေး လုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်များကို ညှိနှိုင်း လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။ စာမေးပွဲများလည်း နီးကပ်လာနေပြီ ဖြစ်တဲ့အတွက် ဆန္ဒပြ ကျောင်းသားအချို့အနေနဲ့ တောင်းဆိုချက်တွေကို မြန်မြန်ဆန်ဆန် ညှိနှိုင်းကြပြီးတော့ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေးကို အချိန်တိုအတွင်း ဖြည့်ဆည်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းများ ရှာဖွေပြီး ပူးပေါင်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။
ခေတ်စနစ် အဆက်ဆက်မှာ အဘက်ဘက်က ယိုယွင်းခဲ့တဲ့ လုပ်ထုံး လုပ်နည်းတွေကနေ အကျေအလည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းဆိုတဲ့ အလေ့အထကို ပိုင်ဆိုင်နိုင်ခြင်း မရှိခဲ့တာဟာ ကျွန်တော်တို့ နိုင်ငံအတွက် စိတ်မကောင်းစရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းမရှိခဲ့လို့ ပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုတွေမှာလည်း တချို့သော ကိစ္စရပ်များမှာ ခက်ခက်ခဲခဲ ဖြတ်ကျော်ရင်း ကျော်လွှား နိုင်ခဲ့တာတွေကို ကျွန်တော်တို့ အားလုံး ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒီလို ကျော်လွှားနိုင်ခဲ့တာဟာလည်း စိတ်ရှည် သည်းခံနိုင်မှုနဲ့ ထိန်းသိမ်းနိုင်မှုတွေကြောင့်ပဲ ဖြစ်တယ်လို့ ရှုမြင်မိပါ တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေမှာ ပါဝင်မှုတွေကို ကိုယ်စားပြုမှုတွေ ပိုမိုရရှိနိုင်ဖို့၊ ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ အလေ့အထ သက်ဝင်လာဖို့နဲ့ ရလဒ်ထွက်ပေါ်တဲ့ လုပ်ငန်းစဉ်တွေဖြစ်ဖို့ ကြိုးပမ်းရမှာဖြစ်ပြီး လက်ရှိဖြစ်ထွန်း နေတဲ့ နိုင်ငံရေးအရ အခွင့်အလမ်း ပွင့်လမ်းမှုတွေကို အားလုံးက အမိအရ ဆုပ်ကိုင်အသုံးချ ရမှာလည်း ဖြစ်ပါတယ်။
လက်ရှိအခြေအနေတွေမှာ ဖြစ်ထွန်း တိုးတက်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ အပြိုင် မရေရာမသေချာတဲ့ အခြေအနေတွေကို စွန့်စားကျော်ဖြတ် နေရတာကိုလည်း ကျွန်တော်တို့ အားလုံး လက်ခံရမှာဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ အဓိက ပြောကြားလိုတာကတော့ ကျွန်တော်တို့ အားလုံးအနေနဲ့ သဘောထား မတူညီ နိုင်တဲ့ ကိစ္စတွေကို အငြင်းပွားနေမယ့် အစား သဘောတူ နိုင်မယ့် နည်းလမ်းတွေကို ပိုမိုရှာဖွေကြဖို့ပဲ ဖြစ်ပါ တယ်။ စိတ်ရှည်သည်းခံမှုကို နိုင်ငံရေး တန်ဖိုးများအနေနဲ့ ထားရှိပြီး ပြည်သူလူထုလိုလားတောင့်တနေတဲ့ အပြောင်းအလဲတွေ ဖန်တီးပေးနိုင်ဖို့ အားလုံးမှာ တာဝန်ရှိတယ် ဆိုတဲ့ ခံယူချက်မျိုးထားရှိဖို့ အရေးကြီးကြောင်း လည်း အထူးပြု ပြောကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာ အောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

No comments:

Post a Comment