Saturday, January 31, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အယုဒ္ဓယမြို့ စက်မှုဇုန်သို့ သွားရောက် ကြည့်ရှုလေ့လာ



 နေပြည်တော် ဇန်န၀ါရီ ၃၁
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် Four Seasons Hotel မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ  ဒေသ စံတော်ချိန် နံနက်(၉) နာရီခွဲတွင် အယုဒ္ဓယမြို့ Rojana Industrial Park သို့ရောက်ရှိကြသည်။


ထို့နောက် စက်မှုဇုန် အရောင်းမြှင့်တင်ရေး ရုံးခန်းမ၌ Rojana Industrial Park မန်နေဂျင်း ဒါရိုက်တာ မစ္စတာ ဂျေလပွန် ၀ီနစ်ဗွက်က စက်မှုဇုန် အကျယ်အ၀န်း၊ မြေအသုံးချမှု အခြေအနေ၊ စက်မှုဇုန် စတင် တည်ထောင်သည့် ခုနှစ်၊ မြေပိုင်ဆိုင်မှု အမျိုးအစား၊ အလုပ်သမား ဦးရေ၊ စက်မှုဇုန်၌ ထုတ်လုပ်လျက် ရှိသည့် ပစ္စည်း အမျိုးအစားများ၊ အခြေခံ အဆောက်အအုံ တည်ဆောက် ထားရှိမှု၊ ကုန်ပစ္စည်း ပို့ဆောင် လမ်းကြောင်း၊  ဇုန်ထိန်းသိမ်းမှု ကုန်ကျစရိတ်၊ ဈေးကွက် ဖြန့်ဖြူးမှု အခြေအနေ၊ ရင်းနှီး မြှုပ်နှံနေသည့် နိုင်ငံများ၊ ရေဆိုး သန့်စင်ပေးနေမှု၊ လူနေမှု အတွက် လိုအပ်ချက်များ ဖြည့်ဆည်း ပေးထားမှု၊ ဇုန်အတွင်း လျှပ်စစ် ဓာတ်အား၊ သဘာဝ ဓာတ်ငွေ့နှင့် ရေအလုံအလောက် ရရှိစေရေး ဆောင်ရွက် ပေးထားမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယ သမ္မတနှင့် အဖွဲ့သည် Rojana Industrial Park အတွင်းရှိ အသေးစား၊ အလတ်စား စက်ရုံများ တည်ဆောက် ထားရှိမှုနှင့် စက်ရုံများသို့ ဓာတ်အား ပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြသည်။
အဆိုပါ စက်မှုဇုန်ကို ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ပြီး မြေဧက (၁၅၀၀၀) ကျယ်ဝန်းကာ အလုပ်သမား ဦးရေ (၁၂၀၀၀၀) အလုပ် ပေးထားနိုင်ကြောင်း သိရသည်။ စက်မှုဇုန်တွင် ကားပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း အမျိုးမျိုး နှင့် စားသောက်ကုန် များကိုလည်း ထုတ်လုပ်လျက် ရှိပြီး စက်မှုဇုန် အတွင်း လျှပ်စစ်မီး၊ ရေ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ အိမ်ရာ၊ ဘဏ်၊ စားသောက်ဆိုင်များ၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ ထည့်သွင်း တည်ဆောက် ပေးထားကြောင်း သိရသည်။
ယင်းနောက် ဒုတိယ သမ္မတနှင့်အဖွဲ့သည် Panasonic Electric Works (Ayutthaya) Co,Ltd သို့ ရောက်ရှိကြရာ ဒါရိုက်တာ မစ္စတာ တာကူဂျီ ဆာဝါးဒါက စက်ရုံထုတ် ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးနေမှု အခြေအနေကို ရှင်းလင်း တင်ပြပြီး စက်ရုံ အတွင်း လျှပ်စစ် ပစ္စည်းများ ထုတ်လုပ်နေမှုကို လိုက်လံ ရှင်းလင်းပြသသည်။
ဆက်လက်၍ ဒုတိယ သမ္မတနှင့် အဖွဲ့သည်  F&N Dairies (Thai Land)Co,Ltd သို့ ရောက်ရှိကြရာ ကုန်ထုတ်လုပ်ရေး ဌာနမှူး မစ္စတာ ၀ါဒါဒီ ပတ်ပီတက်က နို့အချောထွက် ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေမှုတို့ကို ရှင်းလင်း တင်ပြပြီး စက်ရုံအတွင်း လိုက်လံ ရှင်းလင်း ပြသသည်။
ထို့နောက် ဒုတိယ သမ္မတနှင့်အဖွဲသည့် KHAO C.P C0,Ltd ဆန်အရည်အသွေးမြင့် စက်ရုံသို့ရောက်ရှိကြရာ စက်ရုံ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဆူရာချိုင်း ချိုင်ချက်န စီတီကန်က အရည်အသွေးမြင့် ဆန်တင်ပို့ ရောင်းချနိုင်ရန် အဆင့်ဆင့် ဆောင်ရွက် နေမှုများကို ရှင်းလင်းပြသပြီး စက်ရုံအတွင်း လိုက်လံ ရှင်းလင်းပြသသည်။
အဆိုပါ အရည်အသွေးမြင့် ဆန်စက်ကို ၂၀၁၁ ခုနှစ်က တည်ဆောက် ထားပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၁ သန်း ၅ သိန်းကျော် အရည်အသွေး မြှင့်ပေးနိုင်ကြောင်း သိရသည်။
ထို့နောက် ဒုတိယ သမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် ည(၇)နာရီ မိနစ် (၂၀)တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်မှ မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတနှင့် ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ဒုတိယ သမ္မတနှင့်အတူ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယ ၀န်ကြီးများနှင့် တာဝန်ရှိသူများလည်း ပြန်လည် လိုက်ပါလာကြသည်။

No comments:

Post a Comment