Wednesday, January 28, 2015

ရှေးဟောင်းဝတ္ထုပစ္စည်း သက်တမ်းတွက်ချက်သည့် သိပ္ပံနည်းကျ Thermoluminescence Dating Laboratory ဓာတ်ခွဲခန်း သုံးပစ္စည်းများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံ၏ ပေါများကြွယ်ဝသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများ၊ မြေမီးဖုတ်နှင့် မြေထည်ပစ္စည်း များ၏ သက်တမ်းအထောက်အထားကို အနီးစပ်ဆုံး တွက်ချက်နိုင်သော သိပ္ပံနည်းကျ Thermoluminescence Dating နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲတွင် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အမှာစကားပြောကြားရာတွင် ရှေးဟောင်းဝတ္တု ပစ္စည်းသက်တမ်း တွက်ချက်သည့် သိပ္ပံနည်းကျ Thermoluminescence Dating Laboratory  ဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကောင်းကျိုး၊ ဆိုးကျိုးများကို အလုပ်ရုံ ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးကြရန်၊ ဓာတ်ခွဲခန်းသုံး ဓာတ်ပြုပစ္စည်းများ၏ ဆိုးကျိုးများကို ရင်ဆိုင်ကြုံ တွေ့ရလျှင် မည်ကဲ့သို့ ကာကွယ်ဆောင်ရွက်ရမည်၊ ဓာတ်ခွဲခန်း လုံခြုံရေးကိစ္စများတွင် မည်သို့ဆောင်ရွက် သင့်သည်ကို ထည့်သွင်း ဆွေးနွေးပေးကြပါရန်နှင့် ဓာတ်ခွဲခန်းအား လက်တွေ့လုပ်ငန်း ဆောင်ရွက်မည့် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) သို့ ပြောင်းရွှေ့မည်ဆိုပါက ဖြစ်ပေါ်လာနိုင်မည့် အကျိုး၊အပြစ်များ စသည့် အချက်များ ထည့်သွင်းဆွေးနွေးကြရန် ပြောကြားသည်။

ဆက်လက်၍ သဘာပတိ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးစန်းဝင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းမြတ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်သိန်းထွေး၊ ဝယ်ယူမည့်ကုမ္ပဏီမှ အင်ဂျင်နီယာ ဦးဇော်ဝင်းနိုင်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးစိုးမင်းနောင် တို့က Alpha နှင့် Beta radiation source များ ဝယ်ယူရန်/ သယ်ယူရန်၊ သိုလှောင် ထိန်းသိမ်းထားရှိရန်တို့နှင့် ပတ်သက်၍ နည်းစနစ်မှန်ကန်စွာ အသုံးပြုနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်း နိုင်ရေး အတွက် ဆောင်ရွက်ရန်များကို တစ်ဦးချင်းနှင့် အဖွဲ့လိုက် ဆွေးနွေးဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment