Wednesday, January 28, 2015

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ၌ မိုးပွင့်(အထူး)စီမံချက်လုပ်ငန်း ဆောင်ရွက်မှု ကြည့်ရှုအားပေး၊ မရရှိသေးသူများ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးများသို့ ဆက်သွယ် ဆောင်ရွက်ကြရေး တိုက်တွန်းပြောကြား



နေပြည်တော် ဇန်နဝါရီ ၂၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန် ရှိသူများနှင့် အတူဇန်နဝါရီ ၂၅ ရက် နံနက် ၁၀နာရီတွင် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနဝန်ထမ်းများက ဒေသခံ ပြည်သူများအား မိုးပွင့် (အထူး) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက် ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများအတွက် မိုးပွင့်စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူ များအနေဖြင့် ပျက်စီး/ ပျောက်ဆုံးမှုမရှိစေရေးအတွက် စနစ်တကျကိုင်တွယ်ထိန်းသိမ်းရေး၊ မရရှိသူ များအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ်အကြောင်းကြား၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့် မိမိတို့ပတ်ဝန်းကျင်ရှိပြည်သူများသို့လည်း လက်ဆင့်ကမ်းရှင်းလင်း ပြောကြားဆောင်ရွက်ကြရေး အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိုးပွင့် (အထူး) စီမံချက်လုပ်ငန်းစဉ် အကြောင်းသိကောင်းစရာ များကို ပြန်လည်မေးမြန်း ဆွေးနွေးရာဖြေဆိုနိုင်သူ ပြည်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး သိရှိလို၍ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်လေးနှင့် တာဝန်ရှိသူများကသက်ဆိုင်ရာ ကာယကံရှင် တစ်ဦးချင်းထံ အသီးသီး ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများအားရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ အဆိုပါ မိုးပွင့် (အထူး) စီမံချက် ကွင်းဆင်းဆောင်ရွက်မှုတွင် မှော်ဇာကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းအစောင် (၄၀၀)၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၈၂) ကတ်ကို နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment