Thursday, January 22, 2015

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ


နေပြည်တော်   ဇန်နဝါရီ  ၂၁

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် အား ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ယနေ့မွန်းလွဲ(၂)နာရီတွင် ဝန်ကြီးရုံး၊ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံရာတွင် ညှိနှိုင်းရေးမှူးက ပြောကြားရာ၌ ကလေးစစ်သည်များကို တပ်မတော်မှ ပြန်လည်နုတ်ထွက်ခွင့်ပေးနေမှုများသည် အလားအလာကောင်းများ ဖြစ်ပါကြောင်း၊ တပ်မတော်အတွင်း ကလေးစစ်သည်ပပျောက်ရေးကို ဆက်လက်အဓိကထား ဆောင်ရွက်သွားစေလို ပါကြောင်း၊ CTFMR လုပ်ငန်းသက်တမ်းကာလကို တိုးပြီး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကချင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာ အနီးရှိ ဒုက္ခသည်များကို လုံးခင်း၊ ဖားကန့်သို့ ပြောင်းရွှေ့ ပေးစေလိုပါကြောင်း၊ အစားအသောက်နှင့် ရိက္ခာပစ္စည်းပေးပို့မည့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့များ ယင်းဒုက္ခသည်များထံ သွားရောက်နိုင်ရေး အထူးခရီးသွားမိန့်ကို အမြန်ဆုံး ထုတ်ပေး စေလိုပါကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ကလေးများအတွက် ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး ဖြန့်ဝေနိုင်ရေး ခွင့်ပြုပေးစေလိုပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတာဝန် ထမ်းဆောင်သည့် အဖွဲ့များအား လူ့အခွင့်အရေး သင်တန်းများပေးနေမှု၊ ပဋိပက္ခ ညင်သာစွာ ဖြေရှင်းရေးသင်တန်းများ ပေးနေမှုများရှိပါက နိုင်ငံတကာ လူ့အဖွဲ့အစည်းများမှ ကျယ်ပြန့်စွာ သိရှိအောင် ဆောင်ရွက်ပေးရန် အကြံပြုလိုပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တပ်မတော်အတွင်း ကလေးစစ်သည် လုံးဝ ပပျောက်ရေးကို CTFMR နှင့် ဆက်လက် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စာရင်းမှ ပယ်ဖျက်ခွင့် ရရှိရေးအတွက်လည်း ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် ကိစ္စနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် နိုင်ငံအကျိုးအတွက် ရာနှုန်းပြည့် ထောက်ပံ့ကူညီပေးသွားမည် ဖြစ်ပါကြောင်း၊ သို့သော် တစ်ဘက်တွင်လည်း လက်နက်ကိုင်အဖွဲ့ဖြစ်သည့်အတွက် နှစ်ဖက်ညှိနှိုင်း နိုင်ပါမှ အဆင်ပြေမည်ဖြစ်ပါကြောင်း၊ မဟုတ်ပါက တပ်မတော်က ခွင့်ပြုသော်လည်း အဆင်မပြေနိုင် ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ခံ ဝန်ကြီးဌာနများနှင့်လည်း ဆက်သွယ်ဆောင်ရွက်စေလိုပါကြောင်း၊ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ အကြံပေးသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ အချို့ကိစ္စများသည် ပြဿနာကိုဖြေရှင်းရန် ကြိုးပမ်းနေသည်ဆိုသော်လည်း ဖြေရှင်းရာမရောက်ဘဲ ပြဿနာကို မီးမွှေးပေး သကဲ့သို့ ဖြစ်မသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment