Wednesday, January 28, 2015

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းအား Kyaik Ka San Land Development Pte. Ltd. မှ Chairman ဖြစ်သူ Mr. Takeshi Tanaka ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့မှ လာရောက် တွေ့ဆုံ ဆွေးနွေးသည့် သတင်း


နေပြည်တော် ဇန်န၀ါရီ ၂၇
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် Kyaik Ka San Land Development Pte. Ltd. မှ Chairman ဖြစ် သူ Mr. Takeshi Tanaka ဦးဆောင်သော အဖွဲ့အား ယနေ့ ၂၇-၁-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်၊ သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ထို့သို့ တွေ့ဆုံ ဆွေးနွေးရာတွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် အားကစားနှင့် ကာယပညာ သိပ္ပံ အဆောက်အဦအား နိုင်ငံတကာ အဆင့် မြှင့်တင်ရန်နှင့် Centarl Business District - CBD မြို့ တည်ဆောက်ရန် ကိစ္စနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်နိုင်ရေး အတွက် ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။

ဂျပန်နိုင်ငံမှ အိမ်ရာ အဆောက်အဦ ကုမ္ပဏီ (Real Estate) ဖြစ်သော Raysum Co., Ltd ၊ Ikeya Corporation နှင့် Mariana Investment Pte. Ltd. တို့ ပူးပေါင်း၍ စင်ကာပူ နိုင်ငံတွင် မှတ်ပုံ တင်ထားသော Kyaik Ka San Land Development Pte. Ltd. မှ ကျိုက္ကဆံကွင်းတွင် အားကစားနှင့် ကာယပညာ သိပ္ပံ အဆောက်အဦအား နိုင်ငံတကာ အဆင့် မြှင့်တင်ရန်နှင့် Centarl Business District - CBD မြို့ တည်ထောင်ရန် အတွက် ရင်းနှီး မြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ဂျပန်နိုင်ငံ ၌ ကျင်းပမည့် အိုလံပစ် အားကစားမြို့ ဒီဇိုင်းကို တာဝန်ယူ ရေးဆွဲသော Azusa Sekkei ကုမ္ပဏီမှ အဆိုပါ Centarl Business District - CBD မြို့ ဒီဇိုင်းကို ရေးဆွဲ၍ Mitsubishi ကုမ္ပဏီမှ တည်ဆောက် သွားမည် ဖြစ်ကြောင်း၊ AEON Mall ကုမ္ပဏီမှ စူပါမားကတ်များ၊ ဈေးဝယ် စင်တာများ တည်ထောင်၍ ရင်းနှီး မြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့် ဂျပန်နိုင်ငံ ထိပ်တန်း ကုမ္ပဏီများမှ ရင်းနှီး မြှုပ်နှံမည့် ဖော်ပြပါ  Centarl Business District - CBD မြို့မှာ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်ရေး၊ စွမ်းအင် ချွေတာရေးနှင့် ထိရောက်စွာ အသုံးချနိုင်ရေး၊ ကာဗွန် ထုတ်လွှတ်မှု လျော့နည်း ရေးနှင့် စွန့်ပစ်ပစ္စည်း ထွက်ရှိမှု အနည်းဆုံး ဖြစ်ရေးတို့ကို ဦးတည်၍ တည်ဆောက် သွားမည် ဖြစ်၍ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သော၊ နိုင်ငံတကာ အဆင့်မီ၊ ဝန်ဆောင်မှုများ ပေးနိုင်သော၊ ရန်ကုန်မြို့ရှိ အထိမ်းအမှတ် နေရာတစ်ခု ဖြစ်လာမည် ဖြစ်သည့် အပြင် အလုပ်အကိုင် အခွင့်အလမ်း များစွာကိုလည်း ဖော်ထုတ် ပေးသွားနိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment