Tuesday, January 20, 2015

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)၊ International Hydropower Association (IHA) တို့ ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပ



နေပြည်တော် ဇန်န၀ါရီ ၂၀
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)၊ International Hydropower Association (IHA) တို့ပူးပေါင်း၍ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ (Workshop on National Electrification in Myanmar and Workshop on Sustainable Hydropower and Regional Cooperation)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel တွင် ကျင်းပသည်။

အဆိုပါအခမ်းအနားကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့်အတူ ဦးဝင်းထွန်း၊ ဦးဇေယျာအောင်၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒေါက်တာကိုကိုဦး၊ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Viraponh Viravong ၊ World Bank ၊ International Finance Corporation(IFC) ၊ International Hydropower Association (IHA) နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ကော်ပိုရေး ရှင်းတို့မှ ဦးစီးဆောင်ရွက် ကျင်းပခဲ့ခြင်း ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲမှ နည်းပညာနှင့် ဘဏ္ဍာငွေဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုများ၊ အတွေ့ အကြုံ ဖလှယ်ခွင့်များ ရရှိပြီး မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွေ့ နယ်ပယ်တွင် ထိရောက်စွာ အသုံးချ ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ ခေတ်မီနည်းပညာများ ရင်းနှီးမြှုပ်နှံ လိုသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ဘဏ္ဍာငွေအထောက်အပံ့ ရရှိနိုင်မည့် အခွင့်အလမ်းကောင်းများ ကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘာ့ဘဏ် အနေဖြင့် သထုံတွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံအသစ် တည်ဆောက်ရန် အမေရိကန် ဒေါ်လာ သန်း (၁၄၀) ချေးငွေ ထုတ်ပေးခြင်း၊ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် ဓာတ်အားစနစ် ကွန်ရက် အတွင်းနှင့် ဓာတ်အားစနစ်ကွန်ရက်ပြင်ပတို့အတွက် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက် အကောင်အထည် ဖော်ရန် ချေးငွေ အမေရိကန်ဒေါ်လာသန်း(၄၀၀) ပံ့ပိုးပေးခြင်းနှင့် Ayeyawady Integrated River Basin Management Project အတွက် IDA ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ထုတ်ချေးပေးမည်ဖြစ်ပြီး IFC အနေဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ကို ကော်ပိုရေးရှင်း အသွင် ပြောင်းလဲဖွဲ့စည်းရေးလုပ်ငန်းများတွင် အကြံပေးကူညီ ဆောင်ရွက်ခြင်း၊ ၂၅၀ မဂ္ဂါဝပ်ထွက်ရှိမည့် မြင်းခြံ Combine Cycle ဓာတ်အားပေးစက်ရုံအား IPP စနစ်ဖြင့် ဆောင်ရွက်ရန် အတိုင်ပင်ခံ ၀န်ဆောင်မှုအတွက် ကူညီပေးခြင်းနှင့် စီမံကိန်းအတွက် ဘဏ္ဍာငွေကြေး ထောက်ပံ့မှုစသည်တို့ ဆောင်ရွက် ပေးလျက် ရှိသည်။
ရှေးဦးစွာ World Bank Group ဒုတိယဥက္ကဋ္ဌ Karin Finkelston မှ အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံချက် (National Electrification Plan-NEP) ရေးဆွဲခြင်းကို ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်ထားပါကြောင်း ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွား မည့် ဦးစားပေး လုပ်ငန်းစဉ် (၇) ရပ်အနက် လျှပ်စစ်ကဏ္ဍသည် ပထမဦးစားပေးလုပ်ငန်းစဉ် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် အတွက် အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေး အမှုဆောင်ကော်မတီကို ဖွဲ့စည်းလျက် တစ်နိုင်ငံလုံး၏ အိမ်ထောင်စု ၅၀ ရာခိုင်နှုန်းကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းရေးဆွဲထားသည့် National Electrifiaction Plan ကို လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် ရေအားအရင်းအမြစ် ပေါကြွယ်ဝသည့် နိုင်ငံတစ်ခု ဖြစ်သဖြင့် ရေအားလျှပ်စစ် စီမံကိန်းများကို အကောင်အထည် ဖော်ရာတွင် နိုင်ငံတကာ အတွေ့အကြုံများအရ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု၊ လူမှုပတ်ဝန်းကျင် အကျိုးသက်ရောက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့ရမှာ ဖြစ်ကြောင်း၊ ထို့အပြင် မြစ်ဝှမ်းထိန်းသိမ်းခြင်း ဆိုင်ရာ လုပ်ငန်းများ၊ စီမံကိန်းအကောင်အထည်ဖော်ခြင်းဆိုင်ရာ ဘဏ္ဍာငွေ ကိစ္စရပ်များအပါအ၀င် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် ကိစ္စရပ်များကိုလည်း မလွဲအသွေ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း။
ယနေ့ ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲက ရရှိသည့် အပြန်အလှန် ဆွေးနွေးမှုများ၊ အတွေ့အကြုံ ဖလှယ်ခြင်းများ ကို မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးချဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ ခေတ်မီ နည်းပညာများ၊ ရင်းနှီးမြှုပ်နှံလိုသည့် အဖွဲ့အစည်းများ၊ ဘဏ္ဍာငွေကြေး ရရှိနိုင်မည့် အခွင့်အလမ်း ကောင်းများကိုလည်း ရရှိနိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ Workshop on Sustainable Hydropower and Regional Cooperation ကို တက်ရောက်လာသူ များဖြစ်သည့် လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ စွမ်းအင် နှင့် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး Viraponh Viravong ၊ World Bank ၊ International Finance Corporation (IFC) ၊ International Hydropower Associational (IHA) နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ပညာရှင်များမှ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment