ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၅ )
၂၀၁၅
ခုနှစ်၊ ဇန်နဝါရီလ ၂၀
ရက်
၁၃၇၆
ခု၊ တပို့တွဲလဆန်း ၁ ရက်
အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် ပြန်လည်သုံးသပ်ပြင်ဆင်ပေးနိုင်ရန်
နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့်သဝဏ်လွှာနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိနိုင်ရန်
သတင်းထုတ်ပြန်ခြင်း
၁။ အမျိုးသားပညာရေး ဥပဒေကို ၃၀-၉-၂၀၁၄ ရက်တွင်
၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်
၄၁ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
၂။ အတည်ပြုပြဋ္ဌာန်းပြီးသော အမျိုးသားပညာရေးဥပဒေပါ
ပြဋ္ဌာန်းချက်များအပေါ် ပညာရေးဝန်ကြီး ဌာနနှင့် ပညာရှင်များ၏ ဆွေးနွေးညှိနှိုင်းချက်များအရ
ပြန်လည်သုံးသပ် ပြင်ဆင်ပေးနိုင်ရေး ၁၉-၁-၂၀၁၅ ရက် တွင် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်
နာယက ထံသို့ သဝဏ်လွှာပေးပို့ ခဲ့ပါသည်။ ပေးပို့ခဲ့သည့် သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-
“၁။ အေးချမ်းစွာပညာသင်ကြားရေးနှင့်
အမျိုးသားပညာရေးအဆင့် မြင့်မားတိုးတက်ရေး ဦးတည်လျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
၂။ ပြည်ထောင်စု
အစိုးရသည် နိုင်ငံတော်နှင့် နိုင်ငံသား အားလုံးအတွက် များစွာအရေးကြီးသည့် ပညာရေး ကဏ္ဍအား
နိုင်ငံတကာအဆင့်မီ ပြုပြင်ပြောင်းလဲတိုးတက် လာစေရန် အောက်ဖော်ပြပါအတိုင်း အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့ပါသည်-
(က) ဘက်စုံလွှမ်းခြုံနိုင်သော
ပညာရေးကဏ္ဍလေ့လာသုံးသပ်မှု (Comprehensive Education Sector Review- CESR) ကို နိုင်ငံတကာဖွံ့ဖြိုးမှု
မိတ်ဖက် အဖွဲ့အစည်း ၉ ဖွဲ့၊ ပြည်တွင်း ပြည်ပပညာရှင်များနှင့် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လမှ
စတင်၍ အဆင့်(၁) အချိန်တိုအတွင်း အကဲဖြတ်ခြင်း၊ အဆင့် (၂) အသေးစိတ်လေ့လာ ဆန်းစစ်ခြင်း၊
အဆင့်(၃) ပညာရေးကဏ္ဍစီမံကိန်း ရေးဆွဲတင်ပြခြင်း စသည်ဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆင့်
(၃) ကို ဆက်လက်ပူးပေါင်း ဆောင်ရွက်နေဆဲဖြစ်ပါသည်။
(ခ) ၇-၁၀-၂၀၁၃
ရက်တွင် ကျင်းပခဲ့သည့် လက်တွေ့ကျသောပညာရေး ပြုပြင် ပြောင်းလဲရေး ဆွေးနွေးပွဲမှအစပြု၍
ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှုအပေါ် အကြံပြုထောက်ခံချက် များနှင့်အညီ
အမျိုးသား ပညာရေးမူဝါဒနှင့် အမျိုးသားပညာရေးဥပဒေ(မူကြမ်း) ရေးဆွဲမှုကို ၁၈-၁၀-၂၀၁၃ ရက်တွင်
စတင်ပြီး ၅ လတာ အချိန်ယူ၍ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
နိုင်ငံရေးပါတီကိုယ်စားလှယ် များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဆရာနှင့် ကျောင်းသားအဖွဲ့အစည်း
ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ Stakeholder များနှင့် ၉၉ ကြိမ်တိုင်
ကျယ်ကျယ် ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပညာရေး ဝန်ကြီးဌာနက အမျိုးသားပညာရေးဥပဒေ(မူကြမ်း)
ကို ပြည်ထောင်စု အစိုးရ အဖွဲ့မှ တစ်ဆင့် လွှတ်တော်သို့ ပေးပို့ခဲ့ပါသည်။
(ဂ) ပြည်ထောင်စုလွှတ်တော်က
အမျိုးသားပညာရေးဥပဒေအား ၃၀-၉-၂၀၁၄ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ရာ ဥပဒေပါပြဋ္ဌာန်းချက်များ၏
၄၆ % မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ တင်ပြချက်များဖြစ်ပြီး ၅၄% မှာ
ပညာရေးဝန်ကြီးဌာနက တင်ပြချက်များဖြစ်သည်ကို တွေ့ရပါသည်။ ဥပဒေကြမ်းအား လက်မှတ်ရေးထိုးနိုင်ရေး
နိုင်ငံတော်သမ္မတ ထံသို့ ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတ က သဘောထား မှတ်ချက် ၂၅ ချက်ဖြင့်
ပြင်ဆင်ရန် ပေးပို့ခဲ့သည့်အနက် ပြည်ထောင်စုလွှတ်တော်က ၁၉ ချက်ကို လက်ခံပြင်ဆင်ပေးခဲ့ပြီး
ကျန်အချက်များအား မူလဆုံးဖြတ် ချက်အတိုင်း ထားရှိ၍ အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။
၃။ အတည်ပြုပြဋ္ဌာန်းခဲ့သည့်
အမျိုးသားပညာရေးဥပဒေနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီး ဌာနသည် နည်းဥပဒေ များနှင့် ဆက်စပ်ဥပဒေများကို
မူကြမ်းရေးဆွဲလျက် ဆက်လက် ဆွေးနွေးညှိနှိုင်းရန် ဆောင်ရွက်ဆဲ ဖြစ်ပါသည်။
၎။ ထိုသို့
ဆောင်ရွက်ဆဲကာလတွင် အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက် အချို့ကို အကြောင်းပြု၍ ပြင်ဆင်ပေး
ရန် အောက်ပါတောင်းဆိုမှုများ ရှိလာခဲ့ပါသည်-
(က) ဗဟိုချုပ်ကိုင်မှု
လျှော့ချပေးရန် အမျိုးသားပညာရေးကော်မရှင် မလိုအပ် ကြောင်း တောင်းဆိုမှုနှင့် အလားတူ
အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ မလိုအပ်ကြောင်း တောင်းဆိုမှု၊
(ခ) ဆရာအဖွဲ့အစည်းများ၊
ကျောင်းသားအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသား ပညာရေးဥပဒေတွင် ထည့်သွင်းပေးရန်
တောင်းဆိုမှု၊
(ဂ) လူတိုင်း
အကျုံးဝင်ပညာရေး (Inclusive Education) ကို အမျိုးသား ပညာရေးဥပဒေတွင် ထည့်သွင်း ပေးရန်
တောင်းဆိုမှု၊
(ဃ) တိုင်းရင်းသားစာပေ
ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်းဆိုမှု။
၅။ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၉၇၊ ပုဒ်မခွဲ (က) အရ ပညာရေးဝန်ကြီးဌာနသည် ပြဋ္ဌာန်းပြီးဖြစ်သည့် အမျိုးသား ပညာရေးဥပဒေနှင့်
သက်ဆိုင်သော နည်းဥပဒေများနှင့် ဆက်စပ်ဥပဒေများကို ဆက်လက် ရေးဆွဲရမည်ဖြစ်ပါသည်။ မကြာမီက
ပြဋ္ဌာန်းခဲ့ပြီး လက်တွေ့ မကျင့်သုံးရသေးသည့်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုမှုနှင့်စပ်လျဉ်း၍
ပညာရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်သည့် ဥပဒေမူဘောင် အတိုင်း အတာအတွင်း မရှိသည့်အတွက်
ဥပဒေပြုရေး အပိုင်းက ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်ပါသည်။
၆။ ပညာရေးဝန်ကြီးဌာနသည်
ပညာရှင်များ၊ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှု အဖွဲ့များ နှင့် အမျိုးသားပညာရေး
ဥပဒေနှင့်သက်ဆိုင်သည့် နည်းဥပဒေ များ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရေး အတွက် ညှိနှိုင်း ဆွေးနွေးဆောင်ရွက်နေစဉ်
အမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို အကြောင်းပြု၍ ပြင်ဆင်ပေးရန် တောင်းဆိုလာမှုသည်
ဆက်လက်ညှိနှိုင်းရေးဆွဲမည့် နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ အတွက် သက်ဆိုင် သည့် အဖွဲ့အစည်းများနှင့်
ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းရန် အခက်အခဲများ တွေ့ရှိ ရပါသည်။ နည်းဥပဒေများနှင့်
ဆက်စပ်ဥပဒေများသည် ကျယ်ပြန့်ပြီး ပြဋ္ဌာန်းပြီးသည့် အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များထက်
ကျော်လွန်ရေးဆွဲရန် မဖြစ်နိုင်ပါ။ အချို့ တောင်းဆိုမှုများသည် နည်းဥပဒေ များနှင့် ဆက်စပ်ဥပဒေများတွင်
ထည့်သွင်း ရေးဆွဲထားပြီး အချို့တောင်းဆိုမှုများသည် အမျိုးသား ပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်
များထက် ကျော်လွန်နေသဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအပိုင်းက ဆွေးနွေးညှိနှိုင်း၍ ဥပဒေနှင့်အညီ
ဆောင်ရွက်ရန် လိုအပ်ပါသည်။
၇။ အထက်ပါ
တောင်းဆိုချက်များအနက် နည်းဥပဒေများနှင့် ဆက်စပ်ဥပဒေများတွင် ဆက်လက် ထည့်သွင်း ဖော်ပြသွားမည့်အချက်များမှာ
အောက်ပါအတိုင်းဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနနှင့် ပညာရှင် များက ညှိနှိုင်းတင်ပြ လာခဲ့ပါသည်-
(က) ပညာရေးဝန်ကြီးဌာနနှင့်
ဆက်စပ်ဝန်ကြီးဌာန အဖွဲ့အစည်းများက ပြုစု ရေးဆွဲ ဆွေးနွေးလျက်ရှိသော နည်းဥပဒေများ(မူကြမ်း)
တွင် ဆရာအဖွဲ့ အစည်းများ၊ ပညာရှင်များ၊ ကျောင်းသားအဖွဲ့အစည်းများကို လွတ်လပ်စွာ စည်းကမ်းတကျ
ဒီမိုကရေစီနည်းလမ်းနှင့်အညီ ဖွဲ့စည်းနိုင်ရေး ထည့်သွင်း ဖော်ပြထားပါသည်။
(ခ) တိုင်းရင်းသားစာပေနှင့်
ဘာသာစကား သင်ကြား သင်ယူမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြဋ္ဌာန်း ချက်များကို အမျိုးသားပညာရေးဥပဒေတွင်
အတိအလင်းဖော်ပြပြီး ဖြစ်ပါသည်။ နည်းဥပဒေများတွင် အသေးစိတ် ပြဋ္ဌာန်းသွားမည် ဖြစ်ပါသည်။
(ဂ) အရည်အသွေးအကဲဖြတ်မှုနှင့်
အရည်အသွေးအာမခံမှု ပြဋ္ဌာန်းချက်များကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားပြီး
အသေးစိတ်ကို နည်းဥပဒေများတွင် ဖော်ပြမည်ဖြစ်ပါသည်။
၈။ ပြည်ထောင်စုအစိုးရက
ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် အမျိုးသား ပညာရေးဥပဒေ ကြမ်းတွင် လူတိုင်းအကျုံးဝင်ပညာရေးကို
ပုဒ်မ ၂၊ ပုဒ်မခွဲ(ရ)၊ ပုဒ်မ ၁၆၊ ပုဒ်မ ၂၄ တို့တွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်က
အတည်ပြု ပြဋ္ဌာန်းသော အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်ခြင်းမရှိသည့်အတွက် ပြန်လည်စဉ်းစား
သုံးသပ် သင့်ပါသည်။
၉။ ပြည်ထောင်စုအစိုးရက
ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် အမျိုးသား ပညာရေးဥပဒေ ကြမ်းတွင် ပညာရေးစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍
ပုဒ်မ ၆၀ နှင့် ပုဒ်မ ၆၁ တို့တွင် ရေးသားဖော်ပြချက်များနှင့် မတူညီ သည့် အမျိုးသားပညာရေးကော်မရှင်ဖွဲ့စည်းမှု
ရေးသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရန် တောင်းဆိုမှု ဖြစ်ပေါ်လာခြင်းအပေါ်တွင်လည်း
အဓိကနှင့် သာမည ခွဲခြားစဉ်းစား သုံးသပ်ရမည် ဖြစ်ပါသည်။ အမျိုးသား ပညာရေး၏ အဓိကရည်မှန်းချက်သည်
အမျိုးသားပညာရေးအဆင့် မြင့်မား တိုးတက်လာ ရေးဖြစ်ပြီး စီမံခန့်ခွဲမှုအပိုင်းသည် အမျိုးသားပညာရေးအဆင့်
မြင့်မားတိုးတက်လာစေရေး အတွက် အထောက်အကူပြုသည့်အချက် ဖြစ်ပါသည်။ ဥပဒေအရ အဆင့်မြင့်ပညာသင်
တက္ကသိုလ် ကောလိပ် များအား လွတ်လပ်စွာ စီမံခန့်ခွဲရေးစနစ် ကျင့်သုံးခွင့်ပြုပြီးဖြစ်ပါ
သည်။ လက်ရှိအခြေအနေတွင်လည်း ပညာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ အောက်ရှိ
တက္ကသိုလ် ကောလိပ်များ၏ အစီအစဉ်ဖြင့် သင်ကြား သင်ယူမှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲရေး
ပြုလုပ်နေသည့်အလျောက် ကော်မရှင်၊ ကော်မတီ ဖွဲ့စည်းခြင်း သို့မဟုတ် မဖွဲ့စည်းခြင်းထက်
အသွင်ကူးပြောင်းရေးကာလတွင် တက္ကသိုလ် ကောလိပ်များ အဆင်ပြေ ချောမွေ့စွာ ရပ်တည်ရေးနှင့်
ပညာရည်မြင့်မားတိုးတက်ရေးတို့အတွက် အရည်အသွေး အကဲဖြတ်မှုနှင့် အရည်အသွေး အာမခံမှုတို့သည်
အရေးကြီးပါသည်။ အရည်အသွေး အကဲဖြတ်မှုနှင့် အရည်အသွေး အာမခံမှုတို့အတွက် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ရပ်အား
သင့်လျော် သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး ပညာရည်တိုးတက်ရေးအတွက် ပံ့ပိုးသော ကော်မရှင်၊
ကော်မတီ တို့၏ တာဝန်အချို့ကို ပေးအပ်သည့် နည်းလမ်းကိုလည်း စဉ်းစားသင့်ပါသည်။
၁၀။ ပြည်ထောင်စုအစိုးရအနေဖြင့်
ပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်များက ဆွေးနွေး ညှိနှိုင်းတင်ပြ လာချက်များ အပေါ် ပြန်လည်လေ့လာသုံးသပ်ခဲ့ရာ
အထက်ဖော်ပြပါ တင်ပြချက်များအား ပြင်ဆင်ပေးခြင်းဖြင့် အမျိုးသား ပညာရေး အဆင့်အတန်း မြင့်မားတိုးတက်ရေး
ဦးတည်ချက်အား မထိခိုက်စေသည့်အပြင် အေးချမ်းစွာ ပညာသင်ကြားရေး၊ တည်ငြိမ် အေးချမ်းရေးတို့အတွက်
များစွာ အထောက်အကူပြုစေမည် ဖြစ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်က အမျိုးသားပညာရေး ဥပဒေပါ
ပြဋ္ဌာန်းချက်များအပေါ် ပြန်လည် သုံးသပ် ပြင်ဆင်ပေးနိုင်ပါရန် သဝဏ်လွှာပေးပို့အပ်ပါသည်။”
၃။ အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ်
ပြန်လည်သုံးသပ် ပြင်ဆင်ပေးနိုင်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့်သဝဏ်လွှာနှင့်စပ်လျဉ်း၍
အများပြည်သူ သိရှိနိုင်ရန် သတင်းထုတ်ပြန်အပ် ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
No comments:
Post a Comment