Thursday, January 29, 2015

မြန်မာနိုင်ငံလုံးဆိုင်ရာ ဝေဠုဝန်နိကာယ ဂဏမဟာသန္တိပါတ အစည်းအဝေးကြီးနှင့် ဂိုဏ်းဂဏာ ဓိပတိ တင်မြှောက် ပူဇော်ပွဲ သထုံတွင် ကျင်းပမည်



သထုံ    ဇန်နဝါရီ    ၂၈
ဂိုဏ်းဝင် သံဃာတော်များ စည်းလုံးညီညွတ်မှု ရင်းနှီးမှုရရှိစေရန်၊ ပြဿနာများ ရှိပါက ဝိုင်းဝန်း ဖြေရှင်းရန်၊ လစ်လပ်သော နေရာများတွင် သံဃာအများ ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ရန်နှင့် ဂိုဏ်းဝင်များ၏ အားနည်းချက်
ချို့ယွင်းချက်များကို သတိပေး ပြုပြင်နိုင်ရန်တို့ အတွက် ရည်ရွယ်ကာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဝေဠုဝန်နိကာယ ဂဏမဟာသန္တိပါတ အစည်းအဝေးကြီးကို သထုံမြို့၊ စန္ဒာရုံကျောင်းတိုက်၌ ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးကြီးတွင် ဝေဠုဝန်နိကာယဂိုဏ်း ဂဏာဓိပတိအဖြစ် သထုံမြို့၊ သိမ်ကုန်းရပ်ကွက် စန္ဒာရုံ ကျောင်းတိုက် ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဉာဏဝံသ မဟာထေရ် မြတ်ကြီးအား တေရသမမြောက် ဂဏာဓိပတိ (ဝေဠုဝန်နိကာယ သမုတိသာသနာပိုင်) အဖြစ် တင်မြှောက် ပူဇော် သွားမည်ဖြစ်ကြောင်း ပူဇော်ပွဲကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။
မြန်မာနိုင်ငံတွင်ရှိသည့် သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းအနက် ဝေဠုဝန်နိကာယ ဂိုဏ်းမှာ တစ်ဂိုဏ်းအပါအဝင် ဖြစ်ကာ ဂဏမဟာသန္တိပါတ အစည်းအဝေးကြီးကို သုံးနှစ်လျှင်တစ်ကြိမ် ပြည်နယ်နှင့် တိုင်းအလိုက် ဂိုဏ်းဝင် ကျောင်းများ တည်ရှိရာ မြို့နယ်များတွင် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် မွန်ပြည်နယ်သို့ အလှည့်ကျ ရောက်လာ သဖြင့် သထုံမြို့၊ စန္ဒာရုံ ကျောင်းတိုက်တွင် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment