Thursday, January 29, 2015

မိုက်ကရို-မေကရိုကွင်းဆက်

ဘောဂဗေဒဘာသာရပ်တွင် အမျိုးမျိုး ပိုင်းခြားလေ့လာမှုများ ပေါ်ပေါက် လာခဲ့သော်လည်း အခြေခံအားဖြင့် နိုင်ငံအဆင့် စီးပွားရေး (မေကရိုဘောဂဗေဒ) နှင့် လုပ်ငန်းအဆင့်၊ ဈေးကွက်အဆင့် စီးပွားရေး (မိုက်ကရိုဘောဂဗေဒ) ဟူ၍ ခွဲခြားလေ့လာသည်။ လေ့လာမှုအတွက် ခွဲခြားသော်လည်း တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသည်။ တစ်ခါတစ်ရံတွင် တစ်ခုက အခြားတစ်ခုထက် ပို၍အရေးပါ အရာရောက်နေတတ်သည်။

ဘဏ္ဍာရေး အကျပ်အတည်း၊ အာရှ အကျပ်အတည်း စသည်တို့ကဲ့သို့သော အကျပ်အတည်း ကြီးကြီး မားမားတွေ ပေါ်ပေါက်ချိန်တွင် ရေးသားပြောဆို ဆွေးနွေးမှုတွေကို အားပါးတရဖတ်ရှုရသည်။ အကြောင်း တရားတွေ၊ အကျိုးတရားတွေ၊ ကုထုံးတွေ အမျိုးမျိုး ဆွေးနွေးကြသည်။
အာရှ အကျပ်အတည်း ဖစ်ချိန်နှင့် မြန်မာနိုင်ငံ အာဆီယံ အသင်းဝင်ချိန် တိုက်ဆိုင်နေသည်ကိုလည်း မှတ်မိပါသေးသည်။ ၁၉၉၆-၁၉၉၇ ခန့်တွင် အာရှအကျပ်အတည်း ဖြစ်စဉ်က ယခုအချိန်ကဲ့သို့ ဖတ်စရာများများ စားစားမရှိလှပေ။ သို့သော် လက်လှမ်းမီသမျှ ဖတ်ရ၊ မှတ်ရ၊ ရေးသားရသည်။ ၁၉၉ဝပြည့် လွန်နှစ် အစောပိုင်းများတွင် မြန်မာနိုင်ငံ၌ အရောင်း မြှင့်တင်ရေးတွေ စီမံခန့်ခွဲမှုတွေ ခေတ်စားသည်။ သို့သော် အာရှအကျပ် အတည်းကြောင့် နိုင်ငံအဆင့် စီးပွားရေး (မေကရိုဘောဂဗေဒ) ၏ အရေးပါပုံကို ပြန်လည် အသိအမှတ်ပြု သဘောပေါက်လာကြ၍ မေကရ တစ်ကျော့ပြန်အကြောင်း ဆောင်းပါး ရေးဖူးခဲ့ပါသည်။
အာရှအကျပ်အတည်းနှင့် တစ်ဆက်တည်း အာရှအကျပ်အတည်းတွင် မြန်မာနိုင်ငံ ပါဝင်ခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု ရှိ၊မရှိတို့ကိုဆွေးနွေး ဖြစ်ခဲ့ကြသည်။ အုပ်ချုပ်သူတို့က စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းကြောင့် အကျပ်အတည်း မဖြစ်နိုင်ဟုဆိုသည်။ ပညာရှင်အများစုက ကိန်းဂဏန်းမပြည့်စုံမှု၊ မခိုင်မာမှုတို့ကို ပြ၍ စာရင်းအင်းတို့ကိုသာ အားကိုးအားထားပြု၍ မရကြောင်း၊ စီးပွားရေးအရှိန်အဟုန် မြင့်မားနေသော နိုင်ငံများ အကျပ်အတည်းဖြစ်လျှင် လည်းထိခိုက်မှု ရှိနိုင်ကြောင်း၊ ကြွယ်ဝသည့် နိုင်ငံများထက် ထိရောက်မှု ပို၍ကြီးမားနိုင်ကြောင်း တာဝန်ကျေစွာ ထောက်ပြခဲ့ကြသည်။ ရလဒ်မှာ နိုင်ငံတွင်းအကြောင်း တရားများနှင့် ဒေသတွင်း အကြောင်းတရားများ ပေါင်းစပ်ကာ အတိုင်းအတာ တစ်ခုအထိ ရောက်နေသော မြန်မာ့ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်များ ရပ်တန့်သွားခဲ့သည်။ မြန်မာ့စီးပွားရေး သမိုင်းတွင် တစ်ချိန်လုံး ရှေ့သို့ဖြောင့်ဖြောင့် တန်းတန်းမသွားတတ်သော သဘောကို အကိုးအကားပြစရာ သာဓက တစ်ခုဖြစ်ခဲ့သည်။
၂ဝဝ၈-၂ဝဝ၉တွင် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်စဉ် တိုက်တိုက်ဆိုင်ဆိုင် အကျပ်အတည်း၏ အလယ်ဗဟိုချက်ဖြစ်သော အမေရိကန်နိုင်ငံတွင် ရောက်ရှိနေခဲ့သည်။ အမေရိကန်အသံ (ဗွီအိုအေ) မြန်မာပိုင်း အစီအစဉ်သို့ အလည်အပတ် ရောက်ရှိခိုက် မြန်မာပြည်သူတို့ ကမ္ဘာ့အကျပ်အတည်းကို သိကြရဲ့လား၊ မျက်ကန်းတစ္ဆေ မကြောက်ဖြစ် နေသလားဟူသော ဦးကျော်ဇံသာ၏ မေးခွန်းကို အသံလွှင့် ဖြေကြားခဲ့ ရဖူးသည်။ မြန်မာပြည်သူပြည်သားတို့ မျက်စိမကန်းပါ။ ကမ္ဘာ့အကျပ်အတည်းကိုသိပါသည်။ တစ္ဆေလည်း ကြောက်ပါသည်။ ကမ္ဘာ့အကျပ်အတည်းထက် ထိခိုက်မှု ပိုပြင်းသောတစ္ဆေတွေ ကိုယ့်တစ္ဆေ နှင့် ကိုယ်ရှိပါ သည်။ ကိုယ့်မှာလည်း အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရပါသည်ဟု မနည်းဖြေဆိုခဲ့ရသည်။
ထိုစဉ်က ငါးလုပ်ငန်းအဖွဲ့ချုပ်လိုနေရာများတွင် ကမ္ဘာ့အကျပ်အတည်းအကြောင်း ဟောပြောခြင်း၊ ရေးသားခြင်း ပြုလုပ်သည့်အခါ အာရှအကျပ်အတည်းကို ထည့်ပြောလျှင် လူအတော်များများက မသိကြသလို သိသူတွေကလည်း မမှတ်မိကြတော့။ ဆယ်နှစ်ခန့် ကာလသည် အကြောင်းအရာ တစ်ခုကိုမေ့မည် ဆိုလျှင် မေ့လောက် သောကာလဖြစ်သည်။
ထုံးစံအတိုင်း နိုင်ငံအဆင့်၊ လုပ်ငန်းအဆင့် ထိခိုက်စရာတွေအကြောင်း ပြောဆိုရေးသားဖြစ်ပြီး ဆောင်းပါး များကိုစုပေါင်း၍ ''ကပ်ကျော်စီးပွားရေး ''နှင့်'' ကပ်ကျော်လာဘ်ခေါ် စီးပွားရေး'' ဟူသောစာအုပ်နှစ်အုပ် ထုတ်ဝေခဲ့ရာ သိပ်ပြီး အရောင်း မတွင်ကျယ်ခဲ့ပါ။ ပညာရပ်နယ်ပယ်မှာရော လုပ်ငန်းရှင် နယ်ပယ်မှာပါ စိတ်ဝင်စား အာရုံစိုက်မှု ကျယ်ကျယ်ပြန့်ပြန့် မရခဲ့ပါ။
မကြာမီက ရင်းနှီးသောစာရေးဖက် မိတ်ဆွေတစ်ဦးက ဟောပြောချက်တွေ စာအုပ်ပြန် ထုတ်လျှင် အရောင်း သွက်နိုင်ကြောင်း ပြောပြသောအခါ အကြောင်းမသိသေးဘဲကိုးဟု ပြုံးမိပါသည်။
၂ဝ၁၁ ခုနှစ်တွင် အပြောင်းအလဲဖြင့် တက်လာသောအစိုးရလက်ထက်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများ အတော်လေးအသံ ကျယ်လာခဲ့ပြီး အခွန်ပယ်ဖျက်ရေး (ပို့ကုန် အခွန်)ကဲ့သို့သော အခွင့်အရေးတွေကို တောင်း ဆိုခဲ့ကြရာ ရသင့်သလောက်လည်း ရခဲ့ပါ သည်။ ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိက လုပ်ငန်းများ အင်အားကောင်းရေး၊ စီးပွားရေး အဆောက်အအုံကို ဦးဆောင်ရေးတို့ အရေးကြီးပါသည်။ ဦးဆောင်သည့် ပုဂ္ဂလိက လုပ်ငန်းကြီးတွေဆိုသည်မှာ မည်သို့သော လုပ်ငန်းတွေဖြစ်ကြောင်း၊ မည်သို့သောစွမ်းရည်တွေ ပိုင်ဆိုင်ထားကြောင်း၊ အပြောင်းအလဲကိုမည် သို့ ရင်ဆိုင်ဖြေရှင်းနေကြောင်း၊ မဟာမိတ် အသစ်၊ ကွန်ရက် အသစ်တွေ မည်သို့ တည်ဆောက်ခဲ့ကြောင်း အားလုံးသိပြီးဖြစ်၍ အထူး ပြောစရာလိုမည် မထင်ပါ။
သို့သော် တစ်ဖက်တွင် နိုင်ငံအဆင့် စီးပွားရေး(မေကရိုဘောဂဗေဒ) တည်ငြိမ်ရန် အရေးပါသည်ကို ပုဂ္ဂလိက လုပ်ငန်းအတော်များများ သတိရကြပုံမရသည်ကိုလည်း အပြစ်တင်စရာ မလိုပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နည်းနည်း စီးဝင်ခြင်း၊များများစီးဝင်ခြင်းတို့၏ အကျိုး သက်ရောက်မှု၊ လွတ်လပ်စွာကုန်သွယ်မှုပြုခြင်း (အတိုင်းအတာတခုအထိ)၏ အကျိုးသက် ရောက်မှုတို့ကိုလေ့လာဆန်းစစ်ရန် လိုအပ် ပါသည်။ ကုန်သွယ်မှု လျင်မြန်စွာ ကြီးထွားလာ ခဲ့ပါသည်။ မကြာသေးမီက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သော ကမ္ဘာကျော် မြန်မာဘောဂဗေဒပညာရှင် (မြန်မာနိုင်ငံအတွင် လူသိနည်းလှပါသည်။ တက္ကသိုလ်ကဲ့သို့သော နေရာမျိုးမှာပင် သူရေးသားခဲ့သောစာအုပ်တွေ ဖတ်ဖူးရန်အသာထား နာမည်ပင် မကြားဖူးသူတွေ အများရှိသည်။)က မြန်မာနိုင်ငံ၏ တိုးတက်မှုကို ဂျီဒီပီ (တိုင်းပြည်ဝင်ငွေ)ဖြင့် တိုင်းတာခြင်းမပြုလျှင်ပင် ကုန်သွယ်မှု တိုးပွား လာခြင်းဖြင့် တိုင်းတာနိုင်ကြောင်း ဝိုင်းဝန်းမေးမြန်းနေသော သတင်းထောက်တွေကို ဖြေကြားခဲ့ပါသည်။ မရရှိသောကိန်းဂဏန်း များကိုအသာထား၍ ရရှိသောကိန်းဂဏန်းတွေကို ကြည့်လျှင်ပင် ပို့ကုန်တိုးတက်မှုထက် သွင်းကုန်တိုးတက်မှုက မြန်ဆန်နေကြောင်း တွေ့ရပါသည်။
ဤနေရာတွင် ကုန်သွယ်မှုပိုငွေ၊ လိုငွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကူအညီနှင့် ချေးငွေစသည်တို့ကို ဆက်စပ် စဉ်းစားရန်လိုပါ သည်။ သွင်းကုန်သည် ပို့ကုန်တင်ပို့မှု မြှင့်တင်ရေးကို အထောက်အကူပြု/မပြု၊ စားသုံးသူများ ရွေးချယ်စရာများပြားလာခြင်း ရှိ/မရှိ၊ ပြည်တွင်းလုပ်ငန်းများ၏မဟာဗျူဟာ ပြောင်းလဲမှုတို့ကိုထည့်တွက်ရန် လိုလာ ပါသည်။ ပြည်တွင်းလုပ်ငန်းတွေက ပြည်ပ ဈေးကွက်ကို ထိုးဖောက်ရန်အသာထား ပြည်တွင်းဈေးကွက် တစ်ခုလုံးကိုပင်မအုပ်စီး နိုင်ဘဲရှိနေချိန်တွင် ဒေသဆိုင်ရာနှင့် နိုင်ငံ တကာလုပ်ငန်းကြီးများ၏ ခြေလှမ်းကျယ်လာ မှုကို ချင့်ချိန်နိုင်ပါသည်။
အကယ်၍ ပုဂ္ဂလိကလုပ်ငန်းများနှင့် ဈေးကွက်တည်းဟူသော မိုက်ကရိုဘောဂ ဗေဒအဆင့်၏ တောင့်တင်း ခိုင်မာမှုသည်နိုင်ငံတော်၏ ဘဏ္ဍာရေးတည်ငြိမ်မှုကဲ့သို့ သော နိုင်ငံအဆင့် စီးပွားရေး မေကရို ဘောဂဗေဒကို တစ်နည်းနည်းဖြင့် အနုတ် လက္ခဏာထိခိုက်လာပါက အကျိုးဆက်ကို ထိုဈေးကွက်များ၊ လုပ်ငန်းများလည်း မလွတ်သာဘဲ ခံစားကြရမည်ဖြစ်ပါသည်။
တစ်ဖက်တွင် နိုင်ငံအဆင့် စီးပွားရေး တောင့်တင်းခိုင်မာရေး (ဥပမာအားဖြင့် စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု) တို့ရှိမှသာလျှင် လုပ်ငန်းအဆင့်၊ ဈေးကွက်အဆင့် မိုက်ကရိုဘောဂဗေဒအားကောင်းမောင်းသန် ဖြစ်ရေးကို အထောက်အကူပြုနိုင်ပါသည်။
ထိုသို့မဟုတ်ဘဲ လုပ်ငန်းတွေအဆင်မပြေ ၍ နိုင်ငံစီးပွားအင်အားမတောင့်၊ နိုင်ငံစီးပွား အင်အားမကောင်း၊ မတည်ငြိမ်၍ လုပ်ငန်းတွေ လုပ်ရကိုင်ရ မချောမွေ့ဖြစ်နေလျှင် အဆိုးသံသရာထဲ တဝဲလည်လည် ရောက်သွား နိုင်ပါသည်။
တစ်ခါတစ်ရံတွင် မိမိဥာဏ်ပညာဖြင့် ကောင်းမည်ဟု ထင်ရသော အကျိုးစီးပွားတွေကို မှား ယွင်းတောင်း ဆိုမိလျှင် ပြောင်းပြန်အကျိုးသက် ရောက်ပြီး ဆိုးဝါးသောရလာဒ်များနှင့်တွေ့ ကြုံနိုင်ကြောင်း သတိပြုမိရန် လိုပါသည်။ ။

No comments:

Post a Comment