Thursday, January 29, 2015

ဟင်္သာတမြို့ သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်



နေပြည်တော်-ဇန်နဝါရီ ၂၉

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ(၂၄)ရက် နံနက်ပိုင်းတွင် ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း၊ ဘက်စုံပညာဆုနှင်းသဘင် အခမ်းအနားသို့ တက်ရောက်အားပေးပြီး ဆုရရှိသူများကို ဆုများချီးမြှင့်သည်။ထို့နောက် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သို့ ရောက်ရှိပြီး သုံးပင်ကွင်း ရပ်ကွက်နေ အဘွားဒေါ်မြရှင် (၁၀၀)နှစ်အား ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေကျပ်(၂)သိန်းနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်သည်။


ဇန်နဝါရီ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတမြို့ သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်းအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ဗဟိုသင်တန်းခန်းမ သင်တန်းသား^သင်တန်းသူ အိပ်ဆောင်၊ အုပ်ချုပ်ရေးမှူးအဆောင်၊ စားဖိုဆောင်၊ အရာထမ်း၊ အမှုထမ်းဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။ ထို့နောက် မအူပင်မြို့သို့ သွားရောက်ပြီး ခရိုင်ကယ်ဆယ်ရေးဂိုဒေါင်နှင့် မူကြိုကျောင်း တည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုသည်။ ၎င်းနောက် ကျိုက်လတ်မြို့သို့ သွားရောက်ပြီး ငပွေးတန်းကျေးရွာနေ အသက်(၁၀၀)ရှိ အဘွား ဒေါ်ချစ်ထံ ဂုဏ်ပြုလွှာ ထောက်ပံ့ငွေကျပ်(၂)သိန်းနှင့် အသုံးအဆောင်ပစ္စည်းများအား ပေးအပ်သည်။

ဇန်နဝါရီ(၂၆)ရက်နေ့တွင် ဖျာပုံမြို့နယ်အတွင်းရှိ အကြီးဝကျေးရွာနေ ဦးစိန်မောင်အသက်(၁၀၆)နှစ်၊ (၇)ရပ်ကွက်နေ ဒေါ်မာရီအသက်(၁၀၄)နှစ်၊ (၈)ရပ်ကွက်နေဒေါ်ညွန့်အသက်(၁၀၄)နှစ်၊ (၁၇)ရပ်ကွက်နေ ဦးရှူးရှဲမူတူးအသက်(၁၀၀)နှင့် (၁၈)ရပ်ကွက် ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာနေ ဒေါ်သင်အသက်(၁၀၀)နှစ်၊ ကွန်တိုင်းကျေးရွာနေ ဒေါ်သန်းလှအသက်(၁၀၂)နှစ်နှင့် လက်ပံကျေးရွာနေ ဒေါ်အေး(၁၀၄)နှစ်တို့ထံ ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေကျပ်(၂)သိန်းစီနှင့် အသုံးအဆောင်ပစ္စည်းများအား ပေးအပ်သည်။ ဆက်လက်၍ ဘိုကလေးမြို့သို့ သွားရောက်ပြီး ဝဲကြီးကျေးရွာနေ ဦးညိုသာအောင်အသက်(၁၀၀)နှစ်နှင့် (၆)ရပ်ကွက်နေ ဒေါ်နှင်းမေအသက် (၁၀၀)နှစ်တို့ထံ ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေကျပ်(၂)သိန်းစီနှင့် အသုံးအဆောင် ပစ္စည်းများအား ပေးအပ်သည်။ထို့နောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသမီး ရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ၏ အမျိုးသမီးများ ဘ၀ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ ကလေးများနေ့အား စည်ကားသိုက်မြိုက်စွာကျင်းပ နိုင်ရေးလုပ်ငန်းများအား ဆွေးနွေးမှာကြားပြီး ကျုံကျိုက်ကျေးရွာနေ ဒေါ်စောလှိုင်အသက်(၁၀၀)နှစ်အတွက် ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေကျပ်(၂)သိန်းနှင့် အသုံးအဆောင်ပစ္စည်းများအား ပေးအပ်ကာ အိမ်တွင်းမှုလုပ်ငန်း ပညာသင်ကျောင်းတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာနှင့် အမာမြို့များတွင် မူကြိုကျောင်း တည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးသည်။


ဇန်နဝါရီလ(၂၈)ရက်နေ့တွင် ဒေးဒရဲမြို့နယ် အမှတ်(၁)ရပ်ကွက် ကျုံးဒါးချောင်းကျေးရွာနေ ဦးလှရှိန် (၁၀၀)နှစ်၊ လှည်းဆိပ်ချောင်းကြီးကျေးရွာနေ ဒေါ်အုန်းခင်(၁၀၀)နှစ်နှင့် ကျုံသင်ကျေးရွာနေ ဦးပိန်(၁၀၁)နှစ်တို့ထံ ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေ(၂)သိန်းကျပ်စီနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment