Thursday, January 29, 2015

ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA) ၏ အထောက်အပံ့ အကူအညီဖြင့် ကျေးရွာသစ် လုပ်ငန်းများ အကောင်အထည် ဖော်ရေးနှင့် ခေတ်မီရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း ကျောင်း တည်ဆောက်ရေး အစည်းအဝေးကျင်းပ



နေပြည်တော်၊ ဇန်နဝါရီ ၂၉

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီက ကိုရီးယားသမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(KOICA) မှ အဆင့်မြင့်အရာရှိ Mr. Nam Kwon Hyoung ဦးဆောင်သောပညာရှင်အဖွဲ့အား ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင် မှ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ လယ်ယာကဏ္ဍနှင့် ကျေးလက် ဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ အပြန်အလှန် ဆွေးနွေးပါသည်။
နှစ်ဘက်ဆွေးနွေးရာတွင် Mr. Nam Kwon Hyoung က နှစ်နိုင်ငံအကြား သဘောတူညီချက် ရလဒ်အပေါ်တွင် အခြေခံ၍၊ ကျေးရွာသစ်စီမံကိန်း အကောင်အထည်ဖော်ရန် နှင့် ရိတ်သိမ်းချိန် လွန်နည်းပညာ သင်တန်းကျောင်း တည်ဆောက်ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ကိုရီးယားပညာရှင် ကျေးရွာသစ်စီမံကိန်း Project မန်နေဂျာ Mr. Sang Bong Im က ကျေးရွာသစ်စီမံကိန်းဆောင်ရွက်ရန် လုပ်ငန်းစဉ်တစ်ခု ချင်းနှင့် အချိန်ဇယား ရေးဆွဲ ထားရှိမှုများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း (Post Harvest Technology Institute) ဖွင့်လှစ်နိုင်ရေး ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ပူးပေါင်း အကောင်အထည်ဖော်မည့် စီမံကိန်း မန်နေဂျာ Dr. KIM DONG MAN က ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များအား ဆက်လက် ရှင်းလင်းတင်ပြပါသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ယခုနှစ်တွင် စတင်အကောင်အထည်ဖော်မည့် ကျေးရွာ(၁၀၀) ကျေးရွာသစ်စီမံ ကိန်းနှင့် ခေတ်မီအဆင့်မြင့် ဓါတ်ခွဲခန်းသုံး စက်ကိရိယာများ ပါဝင်သည့် ရိတ်သိမ်းချိန်လွန် နည်းပညာ သုတေသန သင်တန်းကျောင်းအား နှစ်ဘက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် ခြင်း အားဖြင့် အမြန်ဆုံး တည်ဆောက် အကောင်အထည်ဖော်သွားကြရမည် ဖြစ်ကြောင်း။

နှစ်ဘက် အပြန်အလှန် ယုံကြည်မှု၊ ရင်းနှီးချစ်ခင်မှု၊ နားလည်မှုများဖြင့် လုပ်ငန်းစီမံကိန်းများကို စဉ်ဆက်မပြတ် ပူးပေါင်းအကောင်အထည်ဖော်ရေး နှစ်နိုင်ငံအကြား မှတ်တိုင်သစ်တစ်ရပ် စိုက်ထူ အကောင် အထည် ဖော်သွားကြရမည် ဖြစ်ကြောင်းကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယားပညာရှင်များ အဖွဲ့နှင့်အတူ စက်စက်ယို ဆည်ရေသောက်စနစ် တဆက်တစပ်တည်း ဧက(၉၀၀)စိုက်ကွင်း အတွင်းသို့ ရောက်ရှိကြပြီး ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ နည်းပညာ ပူးပေါင်း ဆောင်ရွက်နေသည့် Soil Complex Micro-Organism Test Field မြေဆီလွှာ အနုဇီဝ မြေဆွေး မြေသြဇာ စမ်းသပ်သုတေသန စိုက်ခင်းသို့ ရောက်ရှိ ကြပြီး သုတေသနပြု စိုက်ပျိုးထားသော ခရမ်းချဉ်သီးစိုက်ခင်း၊ အာလူးသီးနှံ၊ ပဲပုပ်သီးနှံ၊ ခရမ်းသီးနှံနှင့် ကညွတ်သီးနှံ စိုက်ခင်းများ၊ နာနတ်သီးနှံ စိုက်ခင်းများ၏ အောင်မြင်စွာဖြစ်ထွန်းနေမှုများကို ကြည့်ရှုကြသည်။

ထိုမှတဆင့် တဲကြီးကုန်းကျေးရွာအနီး၌ ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ၏ အထောက်အပံ့အကူအညီဖြင့် လယ်ယာ မြေ (၂၄၄ ဒဿမ ၅ ဧက) ဟက်တာ(၁၀၀)အား စက်မှုလယ်ယာမြေစနစ်သို့ မြေယာဖော် ထုတ် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ လာရောက်လေ့လာကြသော တောင်သူ လယ်သမားများအား စက်မှုလယ်ယာမြေစနစ် ဖော်ထုတ်ပြီးနောက် သိပ္ပံနည်းကျ (GAP)စိုက်နည်းစနစ်များနှင့် တစ်ဧကလျှင် တင်း(၂၀၀)ထွက်ရှိသော ပုလဲသွယ်စပ်မျိုးစပါးများကို တိုးချဲ့စိုက်ပျိုးခြင်းအားဖြင့် တောင်သူလယ်သမား များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာကောင်းများကို တရင်းတနှီး ဆွေးနွေးခဲ့သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအနီး ကိုရီးယားနိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချရန် မျိုးသန့် မျိုးပွား စိုက်ပျိုးထားသော ပိန်းဥစိုက်ခင်းများနှင့် ကညွတ်သီးနှံ စိုက်ခင်းများ၏ အောင်မြင်ဖြစ်ထွန်း နေမှုများကိုလည်းကောင်း၊ ပုလဲသွယ် စပ်မျိုးစပါး တဆက်တစပ်တည်း ဧက(၁၀၀)မျိုးစေ့ထုတ် စိုက်ကွင်း၌ သက်တမ်း(၁၀)ရက်သားရှိ အဖိုလိုင်း(R) စပါးပင်များ ဖြစ်ထွန်း အောင်မြင်နေမှု များကိုလည်းကောင်း၊ အမလိုင်း(A) စိုက်ပျိုးရန် သိပ္ပံနည်းကျ ပေါင်စနစ်ဖြင့် ပျိုးထောင်ထားရှိမှုများအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး စိုက်ခင်း ပညာရှင် ဝန်ထမ်း များအား စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   

No comments:

Post a Comment