Thursday, January 29, 2015

အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


နေပြည်တော်၊ ဇန်နဝါရီ ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် (၀၉း၃၀) နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။


ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းများသည် လက်တွေ့ကျပြီး ကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်း များကို ရေးဆွဲရာတွင် နိုင်ငံတကာအဆင့်မီစေရန် လိုအပ်ပါကြောင်း၊ ပြီးခဲ့သော ပညာသင်နှစ် အလိုက် ရရှိလာသည့် အတွေ့အကြုံများအရ ပြင်ဆင်ရန်နှင့် ဖြည့်ဆည်းရန်လိုအပ်သော သင်ရိုးညွှန်းတမ်းများတွင် လိုအပ်မည့် သင်ခန်းစာများကို ထည့်သွင်းဖြည့်စွက်သွားရန် လိုအပ်ပါကြောင်း၊ ကျွမ်းကျင်တတ်မြောက်သည့် ကျွမ်းကျင်ပညာရှင်များ ဖြစ်စေရန်အတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင် ပိုင်နိုင်အောင် လေ့လာကြရန်လိုကြောင်း၊ Technical Teacher Training ကိုလည်းပေးရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ကျောင်းများအလိုက် စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် Workshop များကို ပြည့်စုံမှုရှိ စေရေးနှင့် လက်တွေ့ပစ္စည်းများ ပြည့်ပြည့်စုံစုံနှင့် သင်ကြား ပေးရန်လိုအပ်ပါကြောင်း။

အရည်အသွေးပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနိုင်ရေး အတွက် ဆရာ၊ ဆရာမများ အနေဖြင့် စာတွေ့၊ လက်တွေ့ ထိထိမိမိသင်ကြားပေးရန်နှင့်  စာသင်ခန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အချိုးညီမျှမှုရှိစေရန်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အချိုးညီမျှမှုရှိစေရန် လိုအပ်ပါကြောင်း၊ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ (၃) ရပ် ရှိသည့်အနက် နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ တိုးတက်မြင့်မား စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန်နှင့် နည်းပညာကျွမ်းကျင်မှု အဆင့်အတန်းကိုလည်း အမျိုးသားနည်းပညာ ကျွမ်းကျင်မှု စံသတ်မှတ်ချက်များနှင့် အညီ အလေးထားဆောင်ရွက်မှသာ လုပ်ငန်းခွင်သို့ တိုက်ရိုက် ဝင်ရောက် လုပ်ကိုင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဘရွှေမှ စီမံရေးရာကိစ္စရပ်များ၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်မှ Task Force အဖွဲ့မှ ဆောင်ရွက်နေသော နည်းပညာနှင့် သက်မွေးပညာရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။


အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ စက်မှုနှင့် သက်မွေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စက်မှုနှင့်သက်မွေး ပညာဦးစီးဌာနအောက်ရှိ သိပ္ပံ၊ ကျောင်းများမှ ကျောင်းအုပ်ကြီး(တာဝန်)များ တက်ရောက်ခဲ့ပြီး သင်ရိုးညွှန်းတမ်းနှင့် စီမံရေးရာကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment