Saturday, January 17, 2015

တိုင်းဒေသကြီး ပြည်နယ်ဦးစီးဌာနမှူးများအား မိုးပွင့်(အထူး)စီမံချက် နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၁၆

မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများအတွက် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားကို သတ်မှတ် နှုန်းထားဖြင့် လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေးအတွက် မိုးပွင့်စီမံချက်အဆင့် (၁)မှ အဆင့်(၇) ထိကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ရန် ကျန်ရှိသူများအတွက် (၆)လတာ ကာလအတွင်း မိုးပွင့်(အထူး)စီမံချက်ဖြင့် နိုင်ငံတစ်ဝှမ်း ကွင်းဆင်းဆောင်ရွက် ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ 
 

ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက အိမ်ထောင်စု လူဦးရေစာရင်း မရှိသေးသူများ၊ ဦးစားပေးအဖြစ် အသက်(၁၈)နှစ် ပြည့်ပြီးသူများကို အိမ်ထောင်စု အလိုက် စာရင်း ကောက်ယူပြုစုပေးကြရန်လိုကြောင်း၊ ယင်းစာရင်းများအရ မိမိ ဌာနမှ ရှေ့ပြေးလျှောက်လွှာ ပုံစံများကို ကြိုတင်ဖြန့်ဝေပေးထားပြီး သတ်မှတ် ကွင်းဆင်းနေရာနှင့် အချိန်အတိုင်း ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်သည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားတို့နှင့် ဆက်စပ်နေသည့်အတွက် စနစ်တကျစိစစ် ဆောင်ရွက်ကြရန်လည်း အရေးကြီးပါ ကြောင်းဖြင့် ဇန်နဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပ သည့် တိုင်းဒေသကြီး။ပြည်နယ်ဦးစီးမှူးများအား မိုးပွင့်(အထူး) စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်ရန် နည်းလမ်းများရှင်းလင်းဆွေးနွေးပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကရှင်းလင်း ပြောကြားသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က လုပ်ငန်းများ အဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်း တင်ပြပြီး တာဝန်ရှိသူများ၊ တိုင်းဒေသကြီး။ ပြည်နယ် ဦးစီးဌာနမှူးများက တိုင်းဒေသကြီး ပြည်နယ်အလိုက် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ စာရင်းနှင့် ကွင်းဆင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အသီးသီးဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးကတင်ပြချက်များအပေါ် လိုအပ်သည် များညှိနှိုင်းဆောင်ရွက် ပေးပြီး၊ လုပ်ငန်း များ ဆောင်ရွက်ရာတွင် ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီဖြစ်စေရေးနှင့် မျိုးချစ်စိတ်ဓါတ် အရင်းခံဖြင့် ပြည်သူ များ အပေါ် စေတနာအပြည့်အဝထားရှိ ဆောင်ရွက်ကြရေး နိဂုံးချုပ် အမှာစကား ပြောကြားကာ ဆွေးနွေးပွဲ ကို ရုပ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment