Saturday, January 17, 2015

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်



နေပြည်တော် ဇန်နဝါရီ ၁၆
 
၁။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများကို အောက်တိုဘာလကုန်/ နိုဝင်ဘာ လဆန်းခန့်တွင် ကျင်းပတော့မည်ဖြစ်ရာ (ကော်မရှင်က သတ်မှတ်ထုတ်ပြန်ပေးမည့် လွှတ်တော် ကိုယ်စားလှယ်များ မဲဆွယ် စည်းရုံးသည့် ကာလ မဟုတ်သေးသော်လည်း) နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့ပါတီ အောင်နိုင်ရေးအတွက် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်နေကြပြီဖြစ်သည်ကို တွေ့မြင်ကြား သိနေရပါသည်။ နိုင်ငံရေးပါတီ အသီးသီးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၀၆ အရ နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံးခွင့်ရှိပြီး၊ ပုဒ်မ ၃၅၄ အရ လည်း ဥပဒေနှင့် မဆန့်ကျင်ဘဲ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသား ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ရှိကြပါသည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်တွင်လည်း ရွေးကောက်ပွဲ အနိုင်ရရေး ရည်ရွယ် ချက်မှာ အဓိက ကျသည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် နိုင်ငံရေးပါတီများက စည်းရုံးခွင့်ရှိပါသည်။

၂၊ သို့ရာတွင် နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားမှု ပြုရာတွင် ဥပဒေနှင့်အညီ မှန်ကန်မျှတမှု ရှိစေရေးအတွက် အောက်ပါ ဥပဒေ ပြဋ္ဌာန်းချက်များကို သတိပြု လေးစား လိုက်နာကြရန် ဖြစ်သည်-
(က) နိုင်ငံရေးပါတီ တစ်ရပ်အနေဖြင့် ပါတီစည်းရုံးရေးကိစ္စ အလို့ငှာ စည်းရုံးလှုပ်ရှားရာတွင်-
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက်များကို လည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ဝန်ခံချက်များကို လည်းကောင်း၊ ပုဒ်မ ၁၂ ပါ ပြဋ္ဌာန်းချက်များကို လည်းကောင်း လေးစားလိုက်နာကြရန်၊ (လေးစားလိုက်နာမှု မရှိပါက ပါတီအချင်းချင်း ထိန်းကျောင်းခြင်းနှင့် ကော်မရှင်သို့ တင်ပြတိုင်တန်းခြင်းတို့ ပြုလုပ်ကြရန်)
(ခ) နိုင်ငံရေးပါတီ တစ်ရပ်အနေဖြင့် ရွေးကောက်ပွဲကိစ္စအလို့ငှာ စည်းရုံးလှုပ်ရှားရာတွင်-
ရွေးကောက်ပွဲဥပဒေအခန်း (၁၃)ပါ ရွေးကောက်ပွဲပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အခန်း(၁၄)ပါ တရားမဲ့ ပြုကျင့်မှုများကို ကျူးလွန်မှု မရှိစေရေး လိုက်နာစောင့်ထိန်းရန်၊ (ပြစ်မှု/ပြစ်ဒဏ်များကို ချိုးဖောက်မှု ရှိပါက လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၅ အရ သက်ဆိုင်ရာ ရဲစခန်း အသီးသီးတွင် အမှုဖွင့် တိုင်ကြားရန်)
(ဂ) လွှတ်တော်ကိုယ်စားလှယ်လောင်းများ တင်သွင်းစိစစ် အတည်ပြုပြီးနောက် မဲဆွယ်စည်းရုံးမှု ကာလအတွင်း ဥပဒေဖောက်ဖျက် ကျူးလွန်မှုများ ရှိလျှင်လည်း အထက်အပိုဒ် (က) (ခ) တို့ပါအတိုင်း တိုင်ကြားနိုင်သည့်အပြင် တရားမဲ့ပြုကျင့်မှု များကိုမူ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ အခန်း(၁၅)ပါ အတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းနိုင်ခွင့် ရှိပါသည်။
၃။ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ ပြည်သူများနှင့် ပါဝင်သက်ဆိုင်သူ (Stakeholders)များ၊ မီဒီယာများ အားလုံးတို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်ကြရန် အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment