Saturday, January 17, 2015

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း လေရှီးမြို့တွင်ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်တက်ရောက် အားပေး



နေပြည်တော် ဇန်နဝါရီ ၁၅
 
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လေရှီးမြို့တွင် ရောက်ရှိနေသော သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့်အတူ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးသာအေး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးတင်ငွေ၊ ဦးသောင်းထိုက်၊ ဒေါက်တာ သိန်းသိန်းဌေး၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မင်းနောင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ ဥက္ကဋ္ဌ ဦးရူစံကြူးနှင့် တာဝန်ရှိသူ များသည် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် လေရှီးမြို့၊ နာဂရိုးရာနှစ်သစ်ကူး ပွဲတော်သို့ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းမှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် နာဂတိုင်းရင်းသားများ၏ အစဉ်အလာမပျက် ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းထားသော နှစ်သစ်ကူးပွဲတော်ဖြစ်ကြောင်း၊ ယခုပွဲတော်ကြီးကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အလှည့်ကျ ကျင်းပလျက်ရှိရာ ယခုနှစ်တွင် လေရှီးမြို့၌ ကျင်းပခြင်းဖြစ်ပါကြောင်း၊ 
 





မြန်မာနိုင်ငံ၏ အနောက် မြောက်ဘက်တွင် တည်ရှိပြီး သဘာဝရေမြေတောတောင် အလှအပတို့နှင့် ပြည့်စုံသော နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် နာဂဒေသခံများ၏ ရိုးရာဓလေ့များ စိတ်ရင်းစေတနာ ကောင်းများဖြင့် ပွင့်လင်းစွာ ဆက်ဆံတတ်သော အမူ အကျင့်များကြောင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်မှု ရှိသည့်အတွက် နိုင်ငံခြားသား ဧည့်သည်များ စိတ်ပါဝင်စား၍ လာရောက် လေ့ လာခြင်း၊ နှစ်သစ်ကူးပွဲတော်သို့ ဒေသခံများနှင့်အတူ ပါဝင်ဆင်နွှဲနေခြင်းများ တွေ့ရသည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊
နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ပြည်သူအားလုံး လိုလား တောင့်တနေသော နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပြီး အောင်မြင်မှုများ ရရှိခဲ့သကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများလည်း ကျန်နေသေးသည့်အတွက် ၂၀၁၅ ခုနှစ်သည် အရေးကြီး သည့်နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊
အရှိန်ရရှိနေပြီဖြစ်သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ပိုမိုခိုင်မာပြီး ရှင်သန် နိုင်ရန်၊ ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် တစ်ချိန်က တိုင်းပြည် တည်ငြိမ် အေးချမ်းမှု အားနည်းခဲ့ခြင်းကြောင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး တွင် နောက်ကျ ကျန်နေခဲ့ပါကြောင်း၊ အထူးသဖြင့် ကျေးလက်နေပြည်သူများ၊ နယ်စပ်ဒေသနေပြည်သူများ ဆင်းရဲမှု လျှော့ချရေး အတွက် ဦးစားပေးလုပ်ငန်းစဉ်များ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊
တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများ တိုးတက်ရေးတွင် အရေး တကြီး ဆောင်ရွက်ပေး ရမှာ ဖြစ်ပါကြောင်း၊
ပညာရေးကဏ္ဍတွင် နိုင်ငံတော်မှ အခြေခံပညာသင်ယူမှုတွင် အခမဲ့ပညာသင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး ကဏ္ဍတွင်လည်း ငွေကြေးချို့တဲ့ သူများကို အခမဲ့ကုသနိုင်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေများဖြင့် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေခြင်းပင် ဖြစ်ကြောင်း၊
နာဂတောင်တန်းဒေသတွင် နေထိုင်လျက်ရှိသည့် တိုင်းရင်းသားများ၏ ဒေသတွင်း သွားလာမှု လွယ်ကူအောင် လမ်းပန်းဆက် သွယ်မှု့ ချောမွေ့စေရေးအတွက် တောင်ပေါ်ဒေသလမ်းများကို တစ်နှစ် ထက်တစ် နှစ်တိုးချဲ့ဖောက်လုပ်ပေးလျက်ရှိသဖြင့် သွားလာမှုအထိုက် အလျောက် တိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊
ထို့အပြင် မိုလ်ဘိုင်းလ်တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများ TV လိုင်းများ တိုးချဲ့ဆောင်ရွက် ပေးနေသဖြင့် အချိန်နှင့်တပြေးညီ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးမှု အခြေအနေများကို လျင်မြန်စွာ လေ့လာသိရှိနိုင်ကြပြီဖြစ်ကြောင်း။
နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတို့၏ လိုအင်ဆန္ဒများ ပူးပေါင်း ဆောင်ရွက် နိုင်စွမ်းနှင့် အစိုးရ၏လုပ်ဆောင်နေမှုများကို ဟန်ချက်ညီညီ ပေါင်းစည်းနိုင်ရေးအတွက် မြို့မိမြို့ဖများပါဝင်သည့် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီများကို ဖွဲ့စည်းကာ ဒေသ လိုအပ်ချက်များကို ပြည်သူ့ ဆန္ဒနှင့်အညီ အကောင်အထည် ဖော်နေကြသည့်အတွက် တစ်နှစ်ထက် တစ်နှစ် သိသိသာသာ တိုးတက်မှုများ ကို တွေ့ရှိရမ ည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီးအတွင်း ထာဝစဉ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းနေထိုင်လိုသော သန္ဒိဋ္ဌာန်စိတ်၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်း အပြန်အလှန် လေးစားမှုများရှိနေသည့် ကာလပတ်လုံး ပြည်ထောင်စုကြီး အမြဲထာဝရ တည်တံ့ ခိုင်မြဲ နေမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ အနာဂတ်ကောင်းမွန်နေရန်အတွက် ပြည်သူအားလုံးတွင် တာဝန်ရှိ ပါကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တစ်ဦးအပေါ်တစ်ဦး မေတ္တာရှေ့ထားပြီး နားလည်မှု၊ သည်းခံမှု၊ ခွင့်လွှတ်မှုကို လက်ကိုင်ထား၍ နိုင်ငံတော်အကျိုး၊ တိုင်းပြည်အကျိုး သည်ပိုးဆောင်ရွက် သွားကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်တို့က နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားများ အသီးသီးပြောကြားပြီး ဒေသခံတစ်ဦးမှ နာဂရိုးရာ နှစ်သစ်ကူး ပွဲတော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့်အဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပြီး ထူးချွန်ကျောင်းသား များအား ဆုချီးမြှင့်သည်။ ထို့နောက် ဌာနဆိုင်ရာ ပြခန်းများ၊ လက်မှုပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ လေရှီးမြို့ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြာ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကွန်ပျူတာသင်ကြားနေမှုအား လှည့်လည် ကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် လေရှီးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ကျင်းပပြု လုပ်သော တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌမှ ဒေသဆိုင်ရာ အချက်အလက် များနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအားလည်းကောင်း၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း မြို့နယ်တာဝန်ခံနှင့် စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှူးတို့က လေရှီး-ထမံသီလမ်း၊ လေရှီး-ဆွမ္မရာလမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ ဒေသခံကျေးရွာကိုယ်စားလှယ် များမှ ကျေးရွာများ အတွက် လိုအပ်ချက်များအားလည်းကောင်း အသီးသီးတင်ပြကြရာ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးရူစံကြူး က ဖြည့်စွက် ရှင်းလင်းသည်။
ထို့နောက် သက်ဆိုင်ရာ ဒုတိယဝန်ကြီးများက မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍများအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးမှ ဒေသအတွင်းဆောင်ရွက်ပေးနေမှု အစီအမံများအား လည်းကောင်း ရှင်းလင်းပြောကြားရာ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက တင်ပြချက် များအပေါ် ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တိုင်းမှူးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ နှစ်သစ်ကူးရိုးရာ ပွဲတော်ကွင်း၌ ကျင်းပသည့် ၂၀၁၅ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် မီးပုံပွဲသို့ တက်ရောက်၍ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်၊ ကျေးရွာ အသီးသီးမှ နာဂရိုးရာအကအဖွဲ့များ စုပေါင်းကပြ ဖျော်ဖြေနေမှုများအား လည်းကောင်း၊
နာဂရိုးရာသီချင်းဖြင့် ဒေသခံပြည်သူများ၊ နိုင်ငံခြားသား ဧည့်သည်များ စုပေါင်း ပါဝင်ဆင်နွှဲမှုများအား လည်းကောင်း ကြည့်ရှု အားပေးပြီး ရိုးရာအကအဖွဲ့များ၊ အဆိုတော်များအား ဆုငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment