Tuesday, January 27, 2015

ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကိုယနေ့ နံနက် ၁၀နာရီတွင် ကျင်းပသည်။


အစည်းအဝေးတွင် ၀န်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်၏ “စာပေဗိမာန်အသင်းကိုမူလ ရည်ရွယ်ချက် အတိုင်း ဆောင်ရွက်နိုင်ခြင်းရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက နိုင်ငံသားများ၏ အကျိုးကိုဖြစ်ထွန်းစေ နိုင်သည့် နိုင်ငံတကာစာအုပ်များကို ဘာသာပြန် စာအုပ်များ အဖြစ်လည်းကောင်း၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာဆိုင်ရာ စာအုပ်စာစောင်များကို စာပေဗိမာန် ထုတ်စာအုပ်များအဖြစ်လည်းကောင်း ထုတ်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စာပေဗိမာန်၏ မူလရည် ရွယ်ချက်များနည်းတူမြန်မာ့စာပေဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါ ကြောင်းဖြင့် ပြန်လည်ရှင်းလင်းဖြေကြား သည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် မေးခွန်းများအပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ “လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ- ၇) အား ဘဏ်တစ်ခုခုတွင် ပေါင်နှံခွင့်ရရှိရန် စိုက်ပျိုးစရိတ်ချေးငွေအား နှစ်လတ်၊ နှစ်ရှည် ချေးငှားနိုင်ရေးဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ချေးငွေထုတ်ပေးရာတွင် ပဲခူးတိုင်း ဒေသကြီး တစ်ခု တည်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအမံဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)မူ ရင်းဖြင့် ထုတ်ချေးပေးခဲ့ခြင်းရှိသော်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ပုံစံ(၇)မူရင်း ရယူ၍ ချေးငွေထုတ်ချေးပေးရမည်ဟု ညွှန်ကြားထားခြင်း မရှိပါသဖြင့် ပဲခူးတိုင်းဒေသကြီးမှအပ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)မိတ္တူဖြင့်သာ ထုတ်ချေးပေး ခဲ့ပါကြောင်း။
ပုံစံ(၇)မရှိသေးဘဲ အမှန်တစ်ကယ်လုပ်ကိုင်လျက်ရှိသော တောင်သူလယ်သမား များ၏ စိုက်ပျိုး စရိတ်ချေး ငွေကို သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ အမှန် တကယ်စိုက်ပျိုးလုပ်ကိုင် ကြောင်း စိစစ်ထောက်ခံချက်ဖြင့် ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ သစ်တောမြေနှင့် စားကျက်မြေများတွင် လယ်ယာစိုက်ပျိုးလျက်ရှိသော တောင် သူများကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ စိစစ်ထောက်ခံချက်၊ သက်ဆိုင်ရာဌာန ၏ စိုက်ပျိုး ခွင့်ပြုကြောင်း ထောက်ခံချက်ဖြင့် ထုတ်ချေးပေးလျက်ရှိပါကြောင်း။
စိုက်ပျိုးစရိတ်ချေးငွေအား တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေများအရ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဖြေ ကြားခဲ့သည်။
တမူးမဲဆန္ဒနယ်မှ ဦးခင်မောင်ရွှေ၏ “မြေလွတ်၊မြေလပ်၊မြေရိုင်း တစ်ပိုင် တစ်နိုင် လုပ်ပိုင်ခွင့်ကို မည့်သည့်ပုံစံဖြင့် မည်သည့်နေရာ သို့လျှောက်ထားရမည်နှင့်လက်ရှိပုံစံပါ စည်းကမ်းချက်များအားလျှော့ပေါ့၍ သီးခြားပုံ တစ်ခုဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း (၁၀)ဧကအောက် တစ်ပိုင် တစ်နိုင် လုပ်ပိုင်ခွင့်အတွက် ပုံစံ(၁)ဖြင့် နည်းဥပဒေ ၄ (က) အရ တိုင်းဒေသကြီး၊ ပြည်နယ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့သို့ လျှောက်ထား ရန်ဖြစ်ပြီး သက်ဆိုင်ရာ  မြို့နယ်မြေစာရင်း ဦးစီးဌာနရုံးများမှ  လျှောက်ထားလာမှု များအားစုစည်းလျက် တိုင်းဒေသကြီး၊ ပြည်နယ် လုပ်ငန်းအဖွဲ့သို့ တင်ပြဆောင်ရွက် ပေးသွားရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း။
တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်သူများအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက် ပြီး နည်းဥပဒေအရ ဆောင် ရွက်ခြင်းဖြစ်သဖြင့် ဧက(၅၀)အထက် လျှောက်ထားသူများ ၏လုပ်ငန်းသူများ၏ လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်သည့် ငွေကြေးအင် အား ရှိ၊ မရှိကိုသာ ရည်ရွယ်စိစစ်ခြင်းဖြစ်ရာ ကျေးလက် နေတောင်သူလယ်သမားနှင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလိုသူများအတွက် ငွေကြေးအင်အား ရှိ/မရှိ ဆိုသည့် အချက်အား လျှော့ပေါ့ဆောင်ရွက်ပေးသွားနိုင်ကြောင်းနှင့် သီးခြားပုံစံ(၁)ခုဖြင့် ဆောင် ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။
ထို့ပြင် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက  တောင်သူလယ်သမားများ၏  စိုက်ပျိုးရေးလုပ်ငန်းအတွက် လက်ရှိဆောင်ရွက်နေသော စိုက်ပျိုးရေးစရိတ်ချေးငွေ စနစ်အစား သင့်တင့်သောအရင်းအနှီးများရှိရေးအတွက် နှစ်ပေါက်၊ နှစ်တိုနှင့် နှစ်ရှည် ချေးငွေ ရရှိနိုင်ရေးကို ကောင်းမွန်သောချေးငွေစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။။

အဆိုနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီးဦးအုန်းသန်းက တောင်သူလယ်သမားများသို့ ငွေထုတ်ချေးရန် လိုအပ်သော ရန်ပုံငွေကို မြန်မာ့စီးပွားရေးဘဏ်မှ အတိုးဖြင့်ချေးယူ ရပါကြောင်း၊ ချေးငွေသည်ကာလအလိုက် တောင်သူများ ထံမှ ကောက်ခံပြီးလျင် မြန်မာ့စီးပွား ရေးဘဏ်သို့ပြန်ဆပ်ရသည့် နှစ်ချင်းဆပ်ချေးငွေအမျိုးအစားဖြစ်ပါ ကြောင်း၊ ယခုအခါတွင် တောင်သူများထံ၌ ကြွေးကျန်ရှိလာခြင်း၊ သမ၀ါယမ၀န်ကြီးဌာန ကလည်း လယ်ယာ သုံးစက်ကိရိယာများကို အရစ်ကျချေးငွေစနစ်ဖြင့် ရောင်းချပေး လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လက်ရှိဆောင်ရွက်နေသော စိုက်ပျိုးစရိတ်ချေးငွေစနစ်အစား သင့်တင့်သော အရင်းအနှီးများ ရရှိရေးအတွက် နှစ်ပေါက်၊ နှစ်တိုနှင့် နှစ်ရည်ချေးငွေများ ရရှိနိုင်ရေးကို ပိုမိုကောင်းမွန်သော ချေးငွေစနစ်ဖြစ်စေရေးအတွက် လက်ရှိတည်ဆဲမြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဥပဒေကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့တင်ပြ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအဆိုကို မှတ်တမ်း တင်ထားရှိသင့် ပါကြောင်း ဖြင့်ပြန်လည်ရှင်းလင်းခဲ့သည်။ 

No comments:

Post a Comment