Tuesday, January 27, 2015

ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် ဇန်နဝါရီ  ၂၆
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် နိုင်ငံတော်မ္မတထံမှ ပေးပို့ထားသော ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ပြည်ထဲရေးဝန်ကြီးဌာနဆိုင်ရာလုပ်ငန်း(၁)ခု၊ နယ်စပ် ရေးရာဝန်ကြီးဌာန ဆိုင်ရာလုပ်ငန်း(၁)ခု၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်း(၁)ခု၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာနဆိုင်ရာလုပ်ငန်း(၁)ခု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဆိုင်ရာလုပ်ငန်း(၁)ခု၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဆိုင်ရာလုပ်ငန်း(၁)ခု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဆိုင်ရာ လုပ်ငန်း(၁)ခု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဆိုင်ရာလုပ်ငန်း(၂)ခုနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆိုင်ရာ လုပ်ငန်း(၃)ခု စုစုပေါင်းလုပ်ငန်း(၁၂)ခုအတွက် ရန်ပုံငွေ စုစုပေါင်းကျပ်သန်း (၁၂၀၄၃ ဒသမ ၇၇၈၅) ခွဲဝေသုံးစွဲထားရှိမှုကို လွှတ်တော်က မှတ်တမ်းတင်ဆောင်ရွက် သည်။
ထို့နောက် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်သို့ တင်သွင်းသည်။
ထိုသို့တင်သွင်းရာတွင် အခွန်အကောက်မူဝါဒနှင့်ပတ်သက်၍ အခွန်ရငွေနှင့်ဂျီဒီပီအချိုး တိုးတက်လာစေရန်၊ အခွန်အခြေခံချဲ့ထွင်ရန်၊ အခွန်ကင်းလွတ်ခွင့်နှင့် အခွန်လျှော့ပေါ့သက်သာခွင့်များကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျစိစစ်ခွင့်ပြုရန်  အခြေအနေများကိုလည်းကောင်း၊ အသုံးစရိတ်မူဝါဒနှင့် ပတ်သက်၍ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များကို ဆက်လက်မြှင့်တင်သုံးစွဲ ရန်၊ ပြည်သူလူထုကို ချက်ချင်း လက်ငင်းအကျိုးပြုနိုင်သည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲရန်၊ ဝန်ထမ်း ခန့်အပ်မှုများ စနစ်တကျ စိစစ်ခန့်အပ်ရန်၊ စီမံကိန်းများတွင် ဦးစားပေးအဆင့်ခွဲခြား၍ လတ်တလောမလို အပ်သေးသည့် စီမံကိန်းများ ကိုရွှေ့ဆိုင်းဆောင်ရွက်ရန်၊ ပစ္စည်းဝယ်ယူမှုများအား ခြိုးခြံချွေတာသုံးစွဲရန်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား သွက်လက်ထက်မြက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများကို သင့်တင့် မျှတစွာ လစာတိုးမြှင့်ပေးရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးတို့အတွက် တိုးမြှင့်သုံးစွဲရန် ထည့်သွင်းရေးဆွဲထားမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ရေးနှစ် ပြည်ထောင်စု၏ အရ အသုံးခန့်မှန်းခြေ ငွေစာရင်းနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ သာမန်ရ ငွေ၊ ငွေလုံးငွေရင်းရငွေနှင့် ကြွေးမြီရငွေတို့၏ ယမန်နှစ်ပြုပြင်ပြီးခန့်မှန်းခြေနှင့်နှိုင်းယှဉ်ချက်၊  ပြည်ထောင်စု အဆင့်ဌာန အဖွဲ့အစည်းများ၏ စုစုပေါင်းရငွေ၊ စုစုပေါင်းအသုံးစရိတ်၊ လိုငွေတို့၏ ယမန်နှစ် ပြုပြင်ပြီး ခန့်မှန်းခြေနှင့်နှိုင်းယှဉ်ချက်နှင့် ပြည်ပအ ကူအညီရငွေ၊ ချေးငွေနှင့် သုံးစွဲမည့်အခြေအနေများကိုလည်း ကောင်း၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေး ကိစ္စနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများ အခမဲ့ဆေး ကုသပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ အသုံးစရိတ်တွင် ကျပ်(၃၇ ဒသမ ၄၉၂)ဘီလီယံ ထည့်သွင်း လျာထားမှု၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာစရိတ် အတွက် စုစုပေါင်းကျပ် (၂၉၀၁ ဒသမ ၇၆၃)ဘီလီယံသုံးစွဲရန် လျာထားမှု အခြေအနေ များကိုလည်းကောင်း၊ ၂၀၁၅-၂၀၁၆ နိုင်ငံတော်၏ မေခရိုစီးပွားရေးအခြေအနေနှင့်စပ်လျဉ်း၍ နှစ်အလိုက် ဈေးနှုန်းအရ တစ်မျိုးသားလုံး ၏ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး၊ ပုံမှန်ဈေးနှုန်းရ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်း၊ ငွေကြေးဖောင်းပွ မှုနှုန်း၊ ပြည်ပပို့ကုန်တန်ဖိုး၊ ပြည်ပသွင်းကုန်တန်ဖိုး၊ ကုန်သွယ်မှုပမာဏ စုစုပေါင်းတန်ဖိုး၊ ကုန်သွယ်မှုလိုငွေ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း အခြေအနေတို့အားလည်းကောင်း၊ ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီးဌာန၊ လွှတ်တော် ပြည်သူ့ငွေ စာရင်းပူးပေါင်း ကော်မတီ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေး ဘဏ်၊ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံတို့အပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းပြည်၏ဘဏ္ဍာရေး ပိုင်းဆိုင်ရာများ ပွင့်လင်းမြင် သာမှုရှိရေးကို အထောက်အကူဖြစ်စေရန် နိုင်ငံသားများအတွက် (Citizen's Budget) စာစောင်ကို ပြည်သူ လူထုထံဖြန့်ဝေနိုင်ရန် ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း အသေးစိတ်ရှင်း လင်းတင် ပြသည်။  
ယင်းနောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းများတွင်ပါဝင်သော စီမံကိန်းလုပ်ငန်းများ၊ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။ 

ယနေ့အစည်းအဝေးကို ညနေပိုင်းတွင် ရပ်နားလိုက်ပြီး အစည်းအဝေးဆဋ္ဌမနေ့ကို ဇန်နဝါရီ (၂၇)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။   

No comments:

Post a Comment