Tuesday, January 20, 2015

မြိတ်မြို့ ဝဋံတက နာရေးကူညီမှုအသင်း ပရဟိတလုပ်ငန်းများအတွက် နာရေးဝန်ဆောင်မှုပစ္စည်းများ လှူဒါန်း

မြိတ် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မဟာသိဒ္ဒိအောင်ပရိယတ္တိစာသင်တိုက်တွင် ပရဟိတလုပ်ငန်းများတွင် အထောက်အပံ့ ဖြစ်စေရန်အတွက် ကိုအောင်ကျော်မြင့် မအိအိလင်း မိသားစု(ရတနာမိုးပြည့်ထွန်း ကုမ္ပဏီ)မှ ဇန်နဝါရီလ (၁၈)ရက်၌ (၁၃)ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ အလှူတွင် ပရဟိတလုပ်ငန်းဝန်ဆောင်မှု ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။




အဆိုပါ လှူဒါန်းပွဲတွင် ရှေးဦးစွာ အလှူရှင်မိသားစုနှင့် တက်ရောက်လာကြသူများက မြိတ်မြို့ ရတနာ့ ဂုဏ်ရည်ရိပ်သာ ကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ထံမှ ပရိတ်တရား တော်များနာယူကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထိုနောက် အလှူရှင် ကိုအောင်ကျော် မအိအိလင်း မိသားစုမှ ဝဋံတက နာရေး ကူညီမှု အသင်း ပရဟိတလုပ်ငန်းများ အတွက် စုစုပေါင်း(၂၃၅)သိန်းတန်ဖိုးရှိ အလျား(၆၀)ပေ၊ အနံ(၂၅) ပေရှိ အဆောက်အဦ (၁)လုံး၊ နိဗ္ဗာန်ယာဉ်(၁)စီး၊ အလျား(၂၀)ပေ အနံ(၁၄)ပေရှိ မဏ္ဍပ်(၂)ခု၊ မီးစက်(၁)လုံး၊ အအေးခန်းတလား (၁)လုံးနှင့် နောက်လယ်ရပ် ဝံသာနုအသင်း အတွက် (၁၅)သိန်းတန်ဖိုးရှိ အအေးခန်းတလား(၁)လုံးတို့ကို လှူဒါန်း ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရတနာ့ ဂုဏ်ရည်ရိပ်သာကျောင်း ဆရာတော်ထံမှ အနုမောဒနာ တရားများ နာယူကြကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်ပရိတ်များ အား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment