Wednesday, January 14, 2015

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်း အဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၃
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေး ခန်းမ၌ကျင်း ပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။


အဆိုပါညှိနှိုင်းအစည်းအဝေးသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများနှင့် တိုင်းရင်းသားရေး ရာဝန်ကြီး ၂၉ ဦးတို့ တက်ရောက်ပြီး တွေ့ဆုံညှိနှိုင်းခြင်းဖြစ်၍ ထူးခြားသည့် အစည်းအဝေး ဟု ပြောနိုင်ပါကြောင်း၊ မိမိတို့ လွှတ်တော်များက အလေးထားဆောင်ရွက်နေသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်များကို များစွာအထောက် အကူပြုမည်ဟု ယူဆပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ်ဖော်ပြ ထားချက်အရ ဥပဒေပြုရန် လိုအပ်သည်ဟု ယူဆပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကွတ်ခိုင်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်၏ အဆို တင်သွင်းချက်အရ အဆိုအောင်မြင်၍ တိုင်းရင်းသားရေး ရာဝန်ကြီးများ၊ ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ယင်းသို့ ဆွေးနွေးချက်များ အပေါ်မူတည်၍ ဥပဒေကြမ်း တင်သွင်းခဲ့ပြီး ပြည်သူ့ လွှတ်တော်မှ စတင်ဆွေးနွေးကာ အမျိုးသားလွှတ်တော် သို့ ပေးပို့ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် အလေးအနက်ထားဆွေးနွေးပြီးဖြစ်၍ ပြင်ဆင်ချက် အဆိုများဖြင့် ပြည်သူ့ လွှတ်တော် သို့ ပြန်လည်ပေး ပို့ထား ပါကြောင်း၊ ပြည်သူ့လွှတ်တော် ၌ ဆွေးနွေးပြီးအားလုံးသဘောတူပါ က ပြည်ထောင်စု လွှတ်တော်က သဘောတူသည်ဟု မှတ်ယူကာ နိုင်ငံတော် သမ္မတထံ ပေးပို့ မည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်၌ သဘောတူညီမှု မရှိပါက ပြည်ထောင် စု လွှတ်တော်သို့ ပေးပို့ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း။
တိုင်းရင်းသား ရေးရာဝန်ကြီးများ နေပြည်တော်သို့ ရောက်ရှိခိုက် မိမိတို့ လွှတ်တော်၏ လုပ်ဆောင် ချက်များသိရှိအောင်၊ အကြံပြုချက်များပေးနိုင်အောင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်း မကြာမီ အသက်ဝင်အောင် ကြိုးပမ်း သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ အခန်းကဏ္ဍမြင့်မား လာမည်ဖြစ်ကြောင်း၊ အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၌ ဆောင်ရွက် ထားရှိမှု အခြေအနေကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေး မှူးတို့က တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယကက ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

No comments:

Post a Comment