Sunday, January 18, 2015

ယနေ့မြန်မာနိုင်ငံသည် စာပေလွတ်လပ်ခွင့်မြင့်မားသည့်နိုင်ငံ တစ်နိုင်ငံအဖြစ် ရောက်ရှိနေပြီ

နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုဘယ်-မြန်မာစာပေပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ သ၀ဏ်လွှာပေးပို့
ရန်ကုန် ဇန်နဝါရီ ၁၇
''စာအုပ်စာပေ လူ့မိတ်ဆွေ'' ဟူသည့်အတိုင်း စာအုပ်စာပေကို အများပြည်သူတို့ စိတ်ဝင်စားမှု၊ ဖတ်ရှုလေ့လာမှု တိုးတက်လာစေရန်၊ နိုင်ငံတကာ စာပေများ၊ နိုဘယ်ဆုရပုဂ္ဂိုလ်များ၏ စာပေလက်ရာမွန်များဖြင့် မြန်မာစာပေ အားဖြည့် မြှင့် တင်ရန်၊ မြန်မာစာပေ ရေးသားသူတို့၏ စိတ်အားထက်သန်မှု၊ စိတ်ကူးစိတ်သန်း သစ်များနှင့်အတူ တီထွင်ဖန်တီးမှုအသစ်များ



တိုးတက်ဖြစ်ပေါ်လာစေရန်၊ စာပေကျေးဇူး ဖြစ်သည့် အတွေးအမြင် ဗဟုသုတနှင့် သဘောထားအမြင်များ ကြီးမြတ် ကျယ်ပြန့်ခြင်းကြောင့် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းမှု ရရှိစေခြင်း ဖြစ်ကြောင်းကို အများပြည်သူတို့ သိမြင်လာစေရန် ရည်ရွယ်၍ နိုဘယ်-မြန်မာစာပေပွဲတော်ကို ကျင်းပခြင်း ဖြစ်ရာ နိုဘယ်-မြန်မာစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့သည်။
နိုဘယ်-မြန်မာ စာပေပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦး၊ မြန်မာနိုင်ငံစာရေး ဆရာအသင်းနှင့် မြန်မာစာပေ လောကမှ အသင်းအဖွဲ့များ၊ နော်ဝေနိုင်ငံ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ဆွီဒင်နိုင်ငံ စာပေနိုဘယ်ဆု ရွေးချယ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ပြည်တွင်းပြည်ပ စာရေးဆရာများ၊ ကဗျာဆရာများ၊ အယ်ဒီတာများ၊ ကာတွန်း ပညာရှင်များ၊ ပန်းချီပညာရှင်များ၊ စာကြည့်တိုက်ပညာရှင်များ၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။
နိုဘယ်-မြန်မာစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက ဤပွဲတော်ကြီးဖြစ်မြောက် လာရေး အတွက် ကြိုးပမ်းခဲ့သည့် ပုဂ္ဂိုလ်များအားလုံးသည် စာပေ၊ ကဗျာ၊ ထုတ်ဝေရေး စသည်ဖြင့် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် ရှိနေကြသည့်တိုင် စင်စစ်တွင် စာပေချစ်မြတ်နိုးသူများဟူသော ခေါင်းစဉ်တစ်ခုတည်း အောက်တွင် တူညီစွာရှိနေကြသည် ကို တွေ့ရမည် ဖြစ်ကြောင်း၊ စာပေကို ချစ်မြတ်နိုးခြင်းသာမက စာပေထွန်း ကားရေးအတွက် ပြင်းပြသော ဆန္ဒများ ရှိခြင်းနှင့် မိမိစွမ်းနိုင်သည့် အနေအထားမှ စာပေတိုးတက်မြင့်မားရေးကို ဆောင်ရွက်လိုခြင်းဟူသော စိတ်ကောင်း စေတနာတွင်လည်း တူညီစွာ ရှိနေကြသည်ကို ဤပွဲတော်ကြီး ယခုကဲ့သို့ အောင်မြင်စွာ ပေါ်ပေါက်လာခြင်းက သက်သေခံလျက် ရှိကြောင်း၊ မြန်မာစာပေကို နိုင်ငံတကာတွင် ဂုဏ်သိက္ခာ ကြီးစွာဝင့်ထည် ရပ်တည် နိုင်ရေးအတွက် အလွန်အရေးကြီးသည့် တက်လှမ်းမှုတစ်ခုဖြစ်သည့် ယနေ့ပွဲတော်ကြီးသို့ သဝဏ်လွှာ ပေးပို့ခွင့်ရသည့် နိုင်ငံတော်သမ္မတ တစ်ဦးအနေဖြင့် များစွာဂုဏ်ယူ မိပါကြောင်း။
နိုင်ငံတစ်နိုင်ငံ၏စာပေသည် ယင်းနိုင်ငံ၏ လူ့အဖွဲ့အစည်းကို သတ်မှတ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် သည်ဟုဆိုရာ၌ တိုင်းတာရမည့်စံနှုန်းများစွာရှိနိုင်ကြောင်း၊ သိပ္ပံပညာနှင့် အတတ်ပညာ ထွန်းကားပြီး စီးပွားရေး အရလည်း ဖွံ့ဖြိုးတိုးတက်နေသည့်တိုင် အသိပညာနှင့် သက်ဆိုင်သော စာပေယဉ် ကျေးမှု ထွန်းကားခြင်း မရှိခဲ့လျှင် ဦးနှောက်ရှိ၍ နှလုံးသား မရှိသော လူ့အဖွဲ့အစည်းအဖြစ်သာ ပေါ်ပေါက်လာ မည်ဖြစ်ကြောင်း၊ နှလုံးသားကင်းမဲ့သော လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းရေးကို ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိကြောင်း၊ စာပေသည် ငြိမ်းချမ်းရေး လူသားဆန်မှုနှင့် အသိဉာဏ်၏ ပင်မအရင်းအမြစ်ဖြစ်ကြောင်း။
မိမိတို့မြန်မာ့လူ့အဖွဲ့အစည်း မျှော်မှန်းချီတက်နေသည်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ ပွင့်လင်းသော လူ့အဖွဲ့ အစည်းတစ်ရပ်ဆိုသည့်ပန်းတိုင်ပင်ဖြစ်ကြောင်း၊ ပွင့်လင်းသော လူ့အဖွဲ့အစည်းတစ်ရပ် ပိုင်ဆိုင်နိုင် ရန်အတွက် ဒီမိုကရေစီ၏ အနှစ်သာရတစ်ရပ်ဖြစ်သည့် လွတ်လပ်စွာ တွေးတော၊ ရေးသား ဖော်ထုတ်ခွင့်မှာ များစွာ အဓိကကျကြောင်း၊ ထို့ကြောင့်လည်း မိမိတို့အစိုးရ တာဝန်ယူသည့် အချိန်မှစ၍စာပေလွတ်လပ်ခွင့်အတွက် များစွာကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ယနေ့မြန်မာနိုင်ငံသည် စာပေလွတ်လပ်ခွင့်မြင့်မားသည့် နိုင်ငံတစ်နိုင်ငံ အဖြစ်ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထိုအခြေအနေကို အမိအရ အသုံးချ၍ မိမိတို့ လူ့အဖွဲ့အစည်းအတွက် အတွေးအခေါ် ရင့်ကျက်မှုနှင့် နှလုံးသားပြည့်ဝမှုတို့ကို အားပေး သည့်စာပေများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာပေချစ်မြတ်နိုးသူများအားလုံးက ကြိုးပမ်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းအပ်ကြောင်း။
ခေတ်ပြိုင်နိုင်ငံတကာစာပေများ မြန်မာနိုင်ငံတွင် ထွန်းကားရေးနှင့်မြန်မာ့လူ့အဖွဲ့အစည်းကို ဖော်ကျူးသည့် စာပေများ နိုင်ငံတကာ တွင်ပျံ့နှံ့ရေးမှာ ယနေ့မြန်မာစာပေ လောကအတွက် အထူးလိုအပ်ချက် ကြီးဖြစ်နေ သည်ကိုလည်း မီးမောင်းထိုးပြလိုကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၌ ခေတ်ပြိုင်နိုင်ငံတ ကာစာပေများ စတင်ပျံ့နှံ့ လာသည်ကို သတိပြုမိကြောင်း၊ တစ်ဆက်တည်း မှာပင် မြန်မာလူမျိုး စာရေးဆရာများနှင့် မြန်မာနိုင်ငံ အကြောင်း ရေးသားထားသော ရသ၊ သုတ၊ နိုင်ငံရေး စာပေများ နိုင်ငံတကာ စာပေမျက်နှာစာတွင် တလေးတစားဖြင့် အသိအမှတ်ပြု ခံလာရသည်ကိုလည်း ဂုဏ်ယူဝမ်းမြောက် ဖွယ် တွေ့ရှိရကြောင်း၊ ဤအခြေခံကောင်းများကို အမိအရဆုပ်ကိုင်၍ မြန်မာစာပေကို နိုင်ငံတကာစာပေတွင် အဆင့်အတန်းတစ်ခု အခိုင်အမာရရှိအောင် ကြိုးပမ်းကြရမည်မှာ စာပေချစ်မြတ်နိုးသူများ အားလုံး၏ တာဝန် ပင်ဖြစ်ကြောင်း။
တစ်ဆက်တည်းမှာပင် နိုင်ငံအတွက် မြန်မာစာပေလောက၏ အခန်းကဏ္ဍတစ်ခုကိုတွေ့ရှိရကြောင်း၊ ယနေ့ မြန်မာနိုင် ငံနှင့် မြန်မာ့လူ့အဖွဲ့အစည်း၏ ရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး အောင်မြင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် အထောက်အကူပြုစေမည့် စာပေများ ပိုမိုပေါ် ထွက်ပျံ့နှံ့လာရေးပင် ဖြစ်ကြောင်း၊ ယနေ့ အခမ်းအနား တွင်လည်း အဆိုပါရည်ရွယ်ချက်ကို တွေ့ရှိရသည့် အတွက် များစွာဝမ်းမြောက်မိကြောင်း၊ အတွေးအမြင်၊ ဗဟုသုတကြွယ်ဝခြင်းနှင့် သဘောထား ကြီးခြင်းတို့သည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ကြီးမားသော အထောက်အပံ့ဖြစ်သည် ဟုလည်း ယုံကြည်မိကြောင်း။
ထို့ပြင် ကျိုးကြောင်းဆင်ခြင်မှုနှင့် တွေးခေါ်နိုင်စွမ်း မြင့်မားသော၊ နှလုံးသားပြည့်ဝသော လူ့အဖွဲ့အစည်းသည် မိမိလူ့အဖွဲ့အစည်း အတွင်း၌သာမက ကမ္ဘာ့လူ့အဖွဲ့ အစည်း၏ငြိမ်းချမ်းရေးကိုပါ တာဝန်ယူနိုင်သော လူ့အဖွဲ့ အစည်းအဖြစ် ရပ်တည်နိုင် မည်ဟုလည်း အခိုင်အမာ ယုံကြည်မိကြောင်း၊ ထိုသို့ယုံကြည်သည့် အလျောက် နိုင်ငံတော် အစိုးရ အနေဖြင့် လည်း မြန်မာစာပေလောက လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်လာရေး၊ နိုင်ငံတကာစာပေ ရေစီးတွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး အတွက် ကြိုးပမ်းမှုများအားလုံးကို အားပေး ကူညီ သွားမည်ဖြစ်ကြောင်းဖြင့် သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါ သဝဏ်လွှာကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဖတ်ကြားတင်ပြသည်။
ထို့နောက် နိုဘယ်-မြန်မာစာပေပွဲတော်သို့ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက Nobel-Myanmar Literary Festival(Literature for Peace) ပွဲတော်သည် မြန်မာတို့လိုလားနေကြသော ငြိမ်းချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်ရေးအတွက် အမှန်တကယ်လိုအပ်နေသည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ပေးနိုင်ပါစေကြောင်း၊ ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးပြုပြင်ပြောင်း လဲရေးကို ဆောင်ရွက်ရာတွင် အထောက် အပံ့ပြုနိုင်ပါစေရန် ဆန္ဒပြုဆုတောင်းကြောင်းဖြင့် သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါသဝဏ်လွှာကို ပြည်သူ့လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ဖတ်ကြားတင်ပြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့နိုင်ငံ မျက်မှောက်ပြုနေရသည့် ဒီမိုကရေစီအပြောင်းအလဲတွင် အဓိကအကျဆုံးနှင့် အခြေခံအကျဆုံး လိုအပ် ချက်သည် ပြည်သူလူထုတစ်ရပ်လုံး၏ 'စွမ်းဆောင်ရည်မြှင့်တင်ရေး ' (Capacity Building) ဟူ၍ အတွေ့ အကြုံအရ မိမိတို့ သဘောပေါက်နား လည်ရကြောင်း၊'စွမ်းဆောင်ရည် မြှင့်တင်ရေး'၏ လိုအပ်ချက်သည် ပညာရေးနှင့် စာပေဖြစ်ခြင်းကြောင့် မိတ်ဆွေများ ချမှတ်လိုက်သည့် ရည်မှန်းချက်များသည် ယနေ့ လိုအပ် ချက်ကို ကူညီဖြည့်ဆည်းရာ ရောက်သည်ဟု သဘောပေါက်နား လည်ပါကြောင်း။
စာပေပွဲတော်ကြီးသည် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံရေးစနစ် ပြန်လည်အသက်သွင်းနေသည့် ကာလ၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေသည့် အခါသမယနှင့် နိုင်ငံတကာမိသားစုထဲသို့ ပြန်လည် ဝင်ရောက် လာချိန်တို့နှင့် ချိန်ခါသင့်ဖြစ်နေခြင်းသည် အလွန်အဓိပ္ပာယ်ရှိသည့်၊ အပြန်အလှန်ကျေးဇူးပြုနိုင်သည့် ကူညီဖြည့် ဆည်းမှု ဖြစ်သည်ကို အလေးအနက် ပြောကြားလိုကြောင်း၊ စာပေတစ်ရပ် ဖွံ့ဖြိုးတိုးတက်ရန်ဆိုလျှင် ''စာပေလွတ်လပ်ခွင့်'' (Freedom of Expression)က အရေးကြီး သကဲ့သို့ ''စိတ်ကူးလွတ်လပ်ခွင့်'' (Freedom of Imagination)အားကောင်းရန် လိုကြောင်း၊ စာပေပွဲတော်၏ ဒုတိယခေါင်းစဉ်ကို Literature for Peace ဟု ရွေးချယ်ထားခြင်းသည် လွန်စွာမှပင် လျော်ကန်သင့်မြတ်ကြောင်း။
အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရန်ဆိုသည်မှာ နိုင်ငံရေးသဘောတူညီချက်များ၊ စီးပွားရေး သဘောတူညီချက်များ၊ စစ်ရေးသဘောတူညီချက်များ ရရုံမျှနှင့် မလုံလောက်ကြောင်း၊ အပြန်အလှန်နားလည် စာနာနိုင်သည့်၊ အပြန်အ လှန်မေတ္တာထားနိုင်သည့် သဘောထားကြီးခြင်း၊ အမြင်ကျယ်ခြင်းတို့ကို ဖန်တီး ပေးနိုင်သည့် အတွေးအမြင်များ ထွန်းကား ရန်လိုကြောင်း၊ တစ်နည်းဆိုရလျှင် ဦးနှောက်ချင်း ညှိရန်သာမက နှလုံးသား ချင်းညှိနိုင်ကြပါမှ ထာဝရငြိမ်းချမ်းရေးကို ဦးတည်နိုင်မည်ဖြစ်ကြောင်း၊ နှလုံးသားအာဟာရ ဖြည့်ဆည်း ရေးမှာ စာပေသည် အာနိသင်အထက်မြက်ဆုံးဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က စာပေယဉ်ကျေးမှုဟူသည် နိုင်ငံတစ်နိုင်ငံ တည်းသာမက တစ်ကမ္ဘာလုံးအတွက် အရေးကြီးကြောင်း၊ ကျယ်ပြန့်သည် စာပေပွဲတော်များမှတစ်ဆင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ဆက်သွယ် သွားနိုင်မည်ဖြစ်ကြောင်း၊ စာပေတန်ဖိုးသည် လူအများ၏ စိတ်ကူး စိတ်သန်းကို ကျယ်ပြန့်လာအောင် လုပ်ဆောင်ပေးခြင်းဟု နားလည်ကြောင်း၊ စာပေဟူသည် လူအများ၏ နှလုံးသားကို ပိုမိုနွေးထွေးအောင် လုပ်ပေးနိုင်ကြောင်း၊ အတွေးအခေါ်များ ပိုမိုနက်နဲ အောင် အားပေးရမည်ဖြစ်ကြောင်း၊ လူအချင်းချင်း ဆက်သွယ်မှုကို ပိုမိုခိုင်မာစေပြီး အဓိပ္ပာယ်ရှိစေကြောင်း၊ ယခုစာပေပွဲတော် မှတစ်ဆင့် မြန်မာနိုင်ငံက စာပေအနုပညာရှင်များနှင့် ကမ္ဘာကစာပေအနုပညာရှင်များအကြား ပိုမိုထိရောက် သည့် ဆက်ဆံမှုများရအောင် ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ရုပ်သံသဝဏ်လွှာ ပေးပို့ခဲ့သည်။
ထို့နောက် နိုဘယ်-မြန်မာစာပေပွဲတော် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ စာရေးဆရာ ဦးဖေမြင့်က နိုဘယ်- မြန်မာစာပေပွဲတော်ကျင်းပနိုင်ခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားကာ နော်ဝေနိုင်ငံ International Coordinator of the Festival Mr.Audun Aagre၊ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးမှ H.E. Johan Hallenborg နှင့် Hedda မှ Jorgen Lorentzen တို့က နိုဘယ်စာပေဆုနှင့် စာပေဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ်များကို တင်ပြခဲ့ပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ စာပေပွဲတော်ကို ဇန်နဝါရီ ၁၇၊ ၁၈၊ ၁၉ သုံးရက်တိုင်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ည ၁၁ နာရီ အထိ ကျင်းပသွား မည်ဖြစ်ရာ စာပေပွဲတော်တွင် မြန်မာစာရေးဆရာများ၊ စာပေပညာရှင်များက စာတမ်းများ ဖတ်ကြားခြင်း၊ ပြည်တွင်းပြည်ပ စာရေးဆရာများ၊ စာပေပညာရှင်များက အပြန်အလှန် ဆွေးနွေးခြင်း၊ နိုဘယ် စာပေ ဆုရပုဂ္ဂိုလ်များ၏ ဓာတ်ပုံများနှင့် မူရင်းစာအုပ်များ၊ ပြခန်းများနှင့် မြန်မာပြန်လက်ရာစာအုပ်များ ပြခန်းများ၊ စာပေစကားဝိုင်းအစီအစဉ်များ၊ ဓာတ်ပုံ၊ ပိုစတာနှင့် ကာတွန်းပြပွဲများ၊ ရေးသူဖတ်သူဆွေးနွေးပွဲများ၊ ကဗျာနှင့် ရသစာပေ စာရေးဆရာများ၏ စာဖတ်ပွဲများနှင့် စာအုပ်အရောင်း ဆိုင်များဖြင့် ပါဝင်ပြသသွား မည်ဖြစ်ပြီး ညပိုင်းတွင် သဘင်၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်မှ အနုပညာရှင် များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ညစဉ် တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment