Wednesday, January 14, 2015

သထုံမြို့နယ် နောင်ဘိုကျေးရွာတွင် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

သထုံ၊ ဇန်နဝါရီ ၁၃
မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာတွင် ဒေသခံပြည်သူများ စာပေဖတ်မှတ်သည့် အလေ့အကျင့် ကောင်းများ ရှင်သန်ပြီး အသိပညာဖွံ့ ဖြိုးတိုးတက်နိုင်စေရန်အတွက် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် နောင်ဘိုကျေးရွာ မျိုးဆက်သစ် လူငယ်စာဖတ်အသင်း တို့ ပူးပေါင်းကာ မိုဘိုင်းစာငှားစနစ်ဖြင့် ဇန်နဝါရီ ၁ဝ ရက်က စတင်ကာ  အ.ထ.က(ခွဲ) တွင် စာအုပ်များအခမဲ့ လိုက်လံငှားရမ်းပေးခဲ့ကြောင်းသိရသည်။




''ရွာမှာ ပညာတတ်လူငယ် အများကြီးရှိသလို ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ဘဲ ကျောင်းထွက်ပြီး လယ်ယာနဲ့ ခြံလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြရတဲ့လူငယ်တွေ အများကြီးပါ။ 
'အတန်းကျောင်းပညာ ဆက်မ သင်ရပေမယ့် စာအုပ်စာပေကရတဲ့ အသိပညာတွေနဲ့ သူတို့ကိုလူရာဝင် အောင် ဖန်တီးပေးနိုင်လိမ့်မယ် ဆိုတာယုံကြည်လို့ ခုလိုစာဖတ် ခွင့်ရအောင်ဖန်တီးပေးတာပါ'ဟု လူငယ်စာ ဖတ်အသင်းမှ ဦးဆောင် လှုပ်ရှားသူ ဦးစောမြတ်ကိုကိုက ပြောသည်။
အဆိုပါလုပ်ငန်းတွင် ခရိုင်ပြည်သူ့စာကြည့်တိုက်မှ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ ဝတ္ထု၊ ဂျာနယ် စသည့်စာအုပ် စာစောင်များ ကို ပြည်သူ့ဝန်ဆောင်မှုအဖြစ် သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အခမဲ့ငှားရမ်းပေးခဲ့ပြီး ယခုအပတ်မှ စတင်ကာ အပတ်စဉ်  စနေနေ့တိုင်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။
သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ယခုကဲ့သို့ မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့လိုက်လံငှားရမ်း ပေးခြင်းကို အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ သထုံမြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများတွင် လိုက်လံဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ အား ဝန်ဆောင်မှုပေးလျက်ရှိသည်။

No comments:

Post a Comment