Wednesday, January 14, 2015

ရမည်းသင်းခရိုင်အတွင်း စပျစ်စိုက်ပျိုးခြင်းဖြင့် တောင်သူများစီးပွားဖြစ်ဝင်ငွေတိုး

ရမည်းသင်း ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရွှေဒါးတိုက်နယ် ဘုရားကုန်းကျေးရွာရှိ တောင်သူများသည် စပျစ်ခြံများကို အလေးထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ်ရာသီ အတွက် စပျစ်သီးများ ဈေးကွက်အတွင်း စတင်ဝင်ရောက် နေရာယူနေပြီဖြစ်သည်။


''စပျစ်သီးကို သီတင်းကျွတ်လဆုတ်ကနေ ကိုင်းကူးပျိုးပြီးတော့ နတ်တော်လဆန်းမှာ စိုက်ပါတယ်။ တစ်နှစ်ကို အနည်းဆုံး နှစ်ခါပုံမှန်ပေါ်ပြီး အများဆုံးသုံးခါပေါ်ပါတယ်။ အခုဆောင်းရာသီဖြစ်တဲ့ တပို့တွဲလကနေစပြီး အသီးတွေကို ခူးရောင်းလို့ရနေပါပြီ။ ဒီနှစ်ကတော့ အစပိုင်းဆိုတော့ ဈေးကောင်းသိပ်မရသေးဘူး။ တစ်ပိဿာကို ငွေကျပ် ၁၁ဝဝ၊ ၁၂ဝဝ လောက်ပဲ ရသေးတယ်။ စပျစ်သီးက အပူစာဆိုတော့ ရာသီဥတု ပူလာရင်ဈေးကောင်းရနိုင်တယ်။ အခု ရာသီဥတု ကအေးတော့ ဈေး ကငြိမ်နေသေးတယ်။ တန်ခူးလလောက် ဆိုရင်တော့ ဈေးကောင်းရပါပြီ။ မနှစ်ကတော့ ပိုမြတ်တယ်။ တစ်ပိဿာကို ပေါ်ပေါ် ချင်း ငွေကျပ် ၁၄၅ဝ၊ ၂ဝဝဝ၊ ၂၃ဝဝ ထိ အစားစားရပါတယ်''ဟု စပျစ်စိုက် တောင်သူ ဦးအောင်ဆန်းက ပြောသည်။
ရမည်းသင်းခရိုင်သည် ကျေးရွာပေါင်း ၂၄ ရွာရှိပြီး စပျစ်စိုက်ဧက ၂ဝဝဝ ကျော်ရှိကြောင်း သိရသည်။ စပျစ်စိုက်ပျိုးရန်အတွက် အပင် ၄၁ဝ ကို တိုင် ၄၆၄ လုံး၊ ဝါး၊ သွပ်ကြိုး၊ ဘေးယောက်တန်း၊ မိန်းနှစ်တန်း၊ အစာဖိုး၊ ဆေးဖိုး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးနှင့် လုပ်အားခပါ အားလုံးပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ သိန်းခန့် ကုန်ကျကြောင်း သိရသည်။ စစိုက်ပြီး တစ်နှစ်ခန့်အကြာတွင် အသီးသီးနိုင်ပြီး ပထမအသီးမှာ လေးလကျော်မှ ရောင်းချရပြီး နောက်ထပ်တစ်လခွဲ နှစ်လလောက်နားပြီး ထပ်၍ရောင်းချ နိုင်သည်။ မိုးတွင်းအသီးဆိုလျှင် သုံးလကျော်ဖြင့် ရောင်းချနိုင်သည်။ စပျစ်ပင်သည် မှင်စက်၊ ရိုးညို၊ မှဲ့ပျောက်စွန်း၊ သံချေးမှို၊ မှိုဖြူအစရှိ သော မှိုအမျိုးမျိုးကျတတ်သဖြင့် မှိုဆေးအမျိုးမျိုး ဖျန်းပေးရကြောင်းလည်း သိရသည်။
စပျစ်စိုက်ပျိုးရာတွင် Black Queen (BQ)၊ Big Black (BB)၊ ပန်းရောင်နှင့် သီးချွန်သီးစသော မျိုးကွဲ များစွာရှိပြီး မျိုးကွဲများအလိုက် ဈေးနှုန်းကွာခြားမှုရှိသည်။ နံပါတ် သုံးအညိုသီးက လူကြိုက်အများဆုံး အသီးဖြစ်ပြီး ဈေးကွက် အတွင်းတွင် လည်း ရောင်းအားအကောင်းဆုံး အသီးဖြစ်သည်။
ရမည်းသင်းခရိုင်အတွင်း ထွက်ရှိ သော စပျစ်သီးများကို အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ ပဲခူး၊ မော်လမြိုင်၊ တောင်ကြီး အစရှိသည့် ဒေသအနှံ့သို့ တင်ပို့ရောင်းချလျက်ရှိ သည်။ ထို့အပြင် ခြံအထိ ပွဲစားများ ကိုယ်တိုင်လည်း လာရောက်ဝယ် ယူကြသည်။
''တစ်နေ့ကို ပုံမှန် ၁ဝ ပိဿာ လောက်တော့ ရောင်းရပါတယ်။ ရောင်းရတဲ့နေ့တွေဆိုရင်တော့ ပိဿာ ၂ဝ လောက်ထိ ရောင်းရပါတယ်။ ပုံမှန်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဆင်ပြေပါတယ်။ ဒီရွှေဒါးတိုက်နယ် အတွင်းမှာရှိတဲ့ အခြေခံလူတန်း စား တွေနဲ့ တောင်သူ အချို့ကတော့ စပျစ်ခြံစိုက်ပျိုးခြင်း၊ ရောင်းဝယ်ခြင်း လုပ်ငန်းနဲ့ပဲ မိသားစုစားဝတ်နေရေး အဆင်ပြေနေကြပါတယ်''ဟု ရွှေဒါး ကားဂိတ်အနီး စပျစ်သီးရောင်းချသူ မအေးအေးအောင်ပြောသည်။
စပျစ်သီးတွင် သကြားဓာတ် ၁၅ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းနှင့် ရေဓာတ် ၇ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင် နှုန်းထိပါဝင်ကြောင်း၊ ထို့အပြင် နှလုံး နှင့်ဆက်စပ်သော ရောဂါများကိုလည်း ကာကွယ်နိုင်ပြီး ဝမ်းချုပ်ခြင်းနှင့် အစာမကြေ ဝေဒနာများအတွက် အထူးကောင်းမွန်ကာ ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာကိုလည်း သက်သာ စေနိုင်သည်။ ကျန်းမာရေးအတွက်လည်း အထူးကောင်း မွန်ပြီး သရေစာအဖြစ် စားသုံးနိုင်သော စပျစ်သီးများကို မြန်မာပြည်အနှံ့သို့ တင်ပို့ရောင်း ချခြင်းဖြင့် တောင်သူများမိသားစု စားဝတ်နေရေးအဆင်ပြေပြီး လူနေမှုအဆင့် အတန်းများလည်း တိုးတက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment