Saturday, January 17, 2015

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမှတ်(၆)စက်မှုသင် တန်းကျောင်း(မြင်းခြံ)၏ အမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ပြီး အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်န၀ါရီ(၁၆)
စက်မှုဝန်ကြီးဌာန စက်မှုညွှန်ကြားရေးဦးစီးဌာန အမှတ်(၆)စက်မှု သင်တန်းကျောင်း (မြင်းခြံ)၏ အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်န၀ါရီ(၁၆)ရက် (၉)နာရီ ခွဲတွင် အဆိုပါသင်တန်း ကျောင်း၏ Auditorium ခန်းမ၌ကျင်း ပရာ ပြည်ထောင်စု ၀န်ကြီး ဦးမောင်မြင့် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြား သည်။





ပြည်ထောင်စုဝန်ကြီးက ယနေ့သည် စက်မှုသင်တန်းကျောင်း၊ စက်မှုဝန်ကြီးဌာနနှင့် နိုင်ငံတော် အတွက် မင်္ဂလာ ရှိသည့်နေ့ တစ်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံချမ်းသာကြွယ်ဝလာအောင် ပြုလုပ် ရာတွင် စက်မှုနိုင်ငံ ထူထောင် နိုင်ရေးသည် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် လယ်ယာ စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေး၏ ၇၀% ကျော်သည် ကျေးလက်နေ တောင်သူလယ်သမား များဖြစ်ပါကြောင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အသွင်ကူးပြောင်း နိုင်ရေးသည် အရေးကြီးကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စက်မှုအတတ်ပညာရှင်များ၊ စက်မှုကျွမ်းကျင်လုပ်သားများ များစွာလိုအပ်ပါကြောင်း၊ မိမိတို့ စက်မှုသင်တန်း ကျောင်းများမှ နိုင်ငံတော် အတွက် လိုအပ်သည့် စက်မှုကျွမ်းကျင် လုပ်သားများ လေ့ကျင့်မွေးထုတ် ပေးနေပါကြောင်း၊ သင်တန်း ကျောင်းများမှ စက်မှုပညာရပ်များသာမက စိတ်ဓာတ် ကောင်းမွန်သော၊ စည်းကမ်းရှိသော၊ မျိုးချစ်စိတ် ရှိသော၊ သင်တန်းသားများကို လေ့ကျင့်မွေးထုတ် ပေးလျက် ရှိပါကြောင်း၊ (၁၀)တန်းအောင်မြင်သည့် ကျောင်းသားများအနေဖြင့် အဆင့်မြင့်တက္ကသိုလ်ပညာရပ်များကို သင်ယူဆည်းပူး နိုင်သော်လည်း (၁၀)တန်းအထိသာ ပညာသင်ကြားခဲ့သည့်လူငယ်များကို လမ်းမပျောက်စေဘဲ စက်မှုပညာရပ်များ သင်ယူစေပြီး နိုင်ငံတော်စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပါဝင်လုပ်ကိုင်ခွင့် ရရှိရေးအတွက် စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လေ့ကျင့် သင်ကြားပေးလိုက်ရုံသာမက သင်တန်းကျောင်းဆင်းများ၏ အလုပ်အကိုင်ရရှိရေးအပြင် ၎င်းတို့၏ အနာဂတ်အတွက် Monitoring ပြုလုပ်ပေးလျက်ရှိရာ ၎င်းတို့သည် နယ်ပယ်အသီးသီး၌ အောင်မြင်မှု များရရှိနေသည်ကို ကြားသိရသည့်အတွက် ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သင်တန်းသား/သူများ အနေဖြင့် ဘ၀တိုးတက် အောင်မြင်မှုများရရှိဖို့ Creation၊ Innovation တို့နှင့် ကဉာဏ်ဝီရိယတို့ ပေါင်းစပ်ပြီး ကြိုးစားကြရန် တိုက်တွန်းပါကြောင်း၊ Life  Long  Learning ဆိုသည့် ဘ၀ တစ်လျှောက်လုံး အစဉ်လေ့လာ သင်ယူကြရန်နှင့် မြန်မာနိုင်ငံ၏ စက်မှုနိုင်ငံတော် ထူထောင်ရေးတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စံပြကျောင်းသားဆုရ မောင်သန့်ဇင်ငြိမ်းအား လည်းကောင်း၊ စက်မှု ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသွင်မြင့်မောင်က ဘာသာရပ်အလိုက်ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူ များကိုလည်းကောင်း ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ကြီး ဦးဟန်ငြိမ်းဆွေက သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်းသား ကိုယ်စားလှယ်(၁)ဦးထံ ပေးအပ်သည်။ ၎င်းနောက် ပြည်ထောင်စု ၀န်ကြီးနှင့်အဖွဲ့သည် သင်တန်းဆင်း ကျောင်းသား/ကျောင်းသူများ၏ သင်တန်းဆင်းစွမ်း ရည်ပြသမှု များကို လိုက်လံကြည့်ရှု အားပေးသည်။
အမှတ်(၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ)၏ အမှတ်စဉ်(၁) သင်တန်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အထူးပြုဘာသာရပ်(၈)ခုဖြစ်သည့် Industrial  Electrician၊ Machinist  Fitter၊ Machinist  Turner/Miller ၊ Sheet  Metal & Welding၊ Foundry၊ Tool & Die  Making ၊ CNC  Machinist နှင့် Electronic  Mechanic တို့ကို ကျွမ်းကျင်နည်းပြ ဆရာ/ဆရာမများသည် နိုင်ငံခြားသား ကျွမ်းကျင် ပညာရှင်များနှင့်အတူ လေ့ကျင့် သင်ကြားပေးခဲ့ရာ သင်တန်းသား/သူ(၁၈၀)ဦးအား အောင်မြင်စွာ လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့သည်။
စက်မှုဝန်ကြီး ဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၇၉ ခုနှစ်တွင် အမှတ်(၁)စက်မှု သင်တန်းကျောင်း(ဆင်တဲ)ကို ဂျာမနီနိုင်ငံ၊ ၂၀၀၈ ခုနှစ်တွင် အမှတ်(၂)စက်မှု သင်တန်း ကျောင်း(မန္တလေး)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၂၀၀၉ ခုနှစ်တွင် အမှတ်(၃)စက်မှုသင်တန်း ကျောင်း (သာဂရ)ကို ကိုရီးယားသမ္မတနိုင်ငံ၊ ၂၀၁၀ ပြည့်နှစ်တွင် အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ)ကို အိန္ဒိယနိုင်ငံ၊ ၂၀၁၁ ခုနှစ်တွင် အမှတ်(၅)စက်မှု သင်တန်းကျောင်း(မကွေး)ကို ကိုရီးယား သမ္မတနိုင်ငံ၊ ၂၀၁၃ ခုနှစ်တွင် အမှတ်(၆)စက်မှု သင်တန်းကျောင်း(မြင်းခြံ)ကို အိန္ဒိယနိုင်ငံ စသည့် ဖွံ့ဖြိုးပြီးဖြစ်သော မိတ်ဖက် နိုင်ငံများ၏ အထောက်အပံ့များဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး စက်မှု ကျွမ်းကျင်လုပ်သား(၁၀၀၀)ကျော်ကို နှစ်စဉ်လေ့ကျင့် မွေးထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအနီးရှိ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)သို့ရောက်ရှိပြီး ရှင်းလင်းဆောင်၌ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးသောင်းနှင့် စက်ရုံမှူး ဦးအေးဝင်းတို့က စီမံကိန်း၏သမိုင်းအကျဉ်း၊ စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာရေးနှစ်အလိုက် ကုန်ချောထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု အခြေအနေ၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအစီအစဉ်များ၊ စီမံကိန်းပြီးစီးသည့်အခါ ရရှိမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ၀န်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်စွက်မှာကြားပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ) စီမံကိန်းသည် Steel Mill Complex အသွင် တည်ဆောက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းကြောင့် စီမံကိန်းလုပ်ငန်းများပြီးစီးပါက စက်မှုလုပ်ငန်း သုံးနှင့် တည်ဆောက်ရေး လုပ်ငန်းသုံးသံ မဏိပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိက ကုန်ကြမ်းများ ဖြစ်သော Steel  Billet နှင့် Steel  Slab များသာမက အမိုးပြားများ၊ သံချောင်းလုံးများ၊ သံမဏိသံပေါင်များ၊ ပိုက်များ၊ မီးရထားသံလမ်းများ စသည်တို့ကို တစ်နေရာတည်းတွင် ထုတ်လုပ် နိုင်မည်ဖြစ်သည်။
ယင်းကဲ့သို့ သံမဏိထုတ်ကုန်အမျိုးမျိုးကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည့်အတွက် သွင်းကုန် အစားထိုး ဆောင် ရွက်နိုင်ခြင်း၊ နိုင်ငံခြားငွေ သက်သာနိုင်ခြင်း၊ နည်းပညာရရှိနိုင်ခြင်း၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment