Saturday, January 17, 2015

လယ်‌ဝေးမြို့နယ်အတွင်းရှိ ကြံစိုက်တောင်သူများကို သိပ္ပံနည်းကျ ကြံ တစ်ဆစ်ခြင်းစီ ပျိုးထောင် စိုက်ပျိုး နည်းစနစ်များအား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်ွမောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ကိုယ်တိုင် လိုက်လံပြသခြင်းနှင့် နေပြည်တော် ကောင်စီနယ်မြေရှိ တဆက်တစပ်တည်း စိုက်ကွင်းများ အား ကြည့်ရှု လေ့လာ ခြင်းသတင်း

နေပြည်တော်၊ ဇန်နဝါရီလ ၁၇ ရက်
ကြံစိုက်ပျိုးကြသော ကြံ စိုက်တောင်သူများကို ၀င်ငွေတိုးတက်စေရေးအတွက် တစ်ဧက ကြံ အထွက်နှုန်း တန်(၈၀)အထိ ထွက်ရှိနိုင်သော၊ တစ်ဆစ်ခြင်းစီ ပျိုးထောင်၍  စိုက်ပျိုးသော နည်း စနစ်အား လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့အောင် နည်းပညာပေးလုပ် ငန်းများ ဆောင်ရွက် လျှက်ရှိပါသည်။


ကြံသီးနှံ အဓိက စိုက်ပျိုးကြသော လယ်‌ဝေးမြို့နယ်မှ တောင်သူလယ်သမားများသို့ စက်မှု သီးနှံဖွံ့ဖြိုးရေး ဦးစီးဌာနမှ တောင်သူပညာပေး စိုက်ခင်းများ ထူထောင်ြပသ ရှင်းလင်းပွဲ အခမ်းအနားအား ယနေ့နံနက် (၇)နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး လယ်‌ဝေးမြို့နယ် ဧလာ ကျေးရွာ အုပ်စုတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် တက်ရောက်၍ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေးပညာရှင် နိုင်ငံဝန်ထမ်း များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဆွေးနွေး မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ တောင်သူ လယ်သမားများအား ကြံသီးနှံအပါအ၀င် စိုက်ပျိုးသည့် သီးနှံများအလိုက် အထွက်နှုန်း တိုးတက်ရေးနှင့် မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်း။ မျိုး‌ကောင်း မှသာ သီးနှံအထွက်နှုန်း တိုးတက်ပြီး ဈေးကောင်းကောင်း ရရှိမည် ဖြစ်ကြောင်း။ ကြံသီးနှံ၏ အရည် အသွေး ကောင်းရန်နှင့် အထွက်နှုန်း သေချာစေရန်အတွက် “သိပ္ပံနည်းကျ ပျိုးထောင် စိုက်ပျိုးသည့်စနစ်” ကို အသုံးချ စိုက်ပျိုးခြင်းအားဖြင့် တစ်ဧကအပေါ်တွင် ကြံမျိုးလိုအပ်ချက်နှင့် ကုန်ကျစရိတ်များ လျော့နည်း သက်သာစေမည့် အပြင်တစ်ဧကတွင် လိုအပ်သော ကြံပင်အရေအတွက် (၁၅၀၀၀) (တစ်သောင်း ငါးထောင်) အတွက် ကြံမျိုး အဆစ် (၁၅၀၀၀) (တစ်သောင်းငါးထောင်) သုံးစွဲခြင်းအားဖြင့် အပင်ပေါက်နှုန်း ကောင်းမွန်ပြီး ညီညာ ဖြစ်ထွန်း မှုကို ရရှိစေမည်ဖြစ်ကြောင်း။
လက်ရှိ ကြံတောင်သူများ စိုက်ပျိုးနေသော နည်းစနစ်မှာ တစ်ဧကလျှင် ကြံမျိုး (၅)တန်ခန့် သုံးစွဲနေရပြီး အထွက် နှုန်းမှာလည်း နည်းပါးနေသည့်အတွက် ယခုကဲ့သို့ မျိုးပြောင်းလဲပြီး သိပ္ပံနည်းကျ စိုက်နည်း စနစ်များဖြင့် စိုက်ပျိုးပါက တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်ထွက်ရှိရန် သေချာသည့် အတွက် မိမိတို့ တစ်ဦးချင်းစီ၏ အကျိုးစီးပွားအတွက် ကြံသီးနှံ အထွက်နှုန်းတိုးတက်ပြီး ဝင်ငွေ တိုးတက်စေရန် စိုက်ပျိုးရေး ပညာရှင်များက နည်းစနစ်နှင့် မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးနေ သည်ကို ပူးပေါင်း ပါဝင်ဆောင် ရွက်ကြရန် တိုက်တွန်းဆွေးနွေး မှာကြားခဲ့ပါသည်။
ထို့နောက် လယ်ဝေးမြို့နယ်မှ လာရောက်လေ့လာကြသော ကြံစိုက်တောင်သူများနှင့် ကြံ သီးနှံ စိုက်ပျိုးရေး ပညာရှင်များတို့ အပြန်အလှန် အကြေအလည် ဆွေးနွေးကြပြီး ကြံတစ်ဆစ်ချင်းစီ ပျိုးထောင်ထားသော ပျိုးခင်းနှင့် ကြံစိုက်ခင်းအား လက်တွေ့ကွင်းဆင်း ကြည့်‌ရှုလေ့လာကြပြီး ပြည်ထောင်စုဝန်ကြီးမှ တောင်သူ လယ်သမားများနှင့်‌ စိုက်ပျိုးရေးပညာရှင်တို့အား တစ်ဆစ်ချင်း ပျိုးထောင်ထားသော ကြံပျိုးပင်များနှင့် စားသောက် ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။
ထို့နောက် လေ့လာရေး တောင်သူ လယ်သမားများသည် ဥတ္တရသီရိမြို့နယ်၊ စက်စက်ယို ဆည်ရေသောက် စနစ် တဆက်တစပ်တည်း ဧက(၉၀၀) စိုက်ကွင်းသို့ ရောက်ရှိကြပြီး အောင်မြင် ဖြစ်ထွန်းနေသည့် တစ်ဧကလျှင် တန်(၈၀) ထွက်ရှိသည့် ကြံတစ်ဆစ်ခြင်းစီ ပျိုးထောင်၍ စိုက်ပျိုး ထားသော တောင်သူ ပညာပေး ကြံသီးနှံ စိုက်ခင်းကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပါ သည်။ ထို့နောက် သိရှိလိုသည်များကို မေွးမန်းကြရာ ပညာရှင်ဝန်ထမ်းများက ပြန်လည်ွဖေကြား ပေးကြပါသည်။
ဆက်လက်၍ တစ်ဧကလျှင် ပိဿာ (၁၂၀၀) ထွက်ရှိသည့် ငွေချည် (၉) နှင့် ရွှေတောင် (၈) ချည်မျှင် ရှည်ဝါသီးနှံ စိုက်ခင်းများကို ကွင်းဆင်းလေ့လာကြည့်ရှုကြရာ စိုက်ခင်းပညာရှင်များက မျိုးကောင်း မျိုးသန့် ရရှိရေးအတွက် မြန်မာ့စိုက်ပျိုးရေး ပညာရှင်များအား မျိုးစပ် ထုတ်လုပ်ခဲ့ပုံ အဆင့်‌ဆင့်နှင့် တောင်သူ လယ်သမား များအတွက် မျိုးစေ့များ ဖြန့်ဖြူးဆောင်ရွက် ပေးနေသည့် အစီအစဉ်များကို ရှင်း လင်း ဆွေးနွေး ပြောကြားကြပြီး လေ့လာရေးတောင် သူများက ဆွတ်ခူး ထားသော ၀ါဂွမ်းများကို လည်‌‌ကောင်း၊ သီးလုံးများနှင့်‌ ဝေဆာနေသော ချည်မျှင်ရှည်ဝါစိုက်ခင်း များကိုလည်းကောင်း  စိတ်ပါ ၀င်စားစွာ ကြည့်ရှု လေ့လာခဲ့ကြပါသည်။
ထိုမှတဆင့် ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုးစနစ်ဖြင့်  တောင်သူပညာပေး စိုက်ပျိုးပြသ ထားသော  နိုင်ငံခြား ဈေးကွက်ဝင် ကညွတ်သီးနှံစိုက်ခင်းကိုလည်းကောင်း၊ အောင်မြင်ဖြစ်ထွန်း နေသော နာနတ်သီး စိုက်ခင်းကို လည်းကောင်း၊ စင်တင်ဘူးသီးစိုက်ခင်းများနှင့် ဈေးကွက်ဝင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ခင်းများကို လည်းကောင်း၊ အသီးသီး ကြည့်ရှုလေ့လာကြရာ စိုက်ကွင်းပညာရှင်များက လိုက်လံရှင်းလင်းပြသကြပြီး တောင် သူများ သိရှိလိုသည်များကို ဖြေကြားပေးခဲ့ပါသည်။
၂၀၁၄ ခုနှစ်မှ စ၍ ကြံတစ်ဆစ်ချင်းစီ သိပ္ပံနည်းကျ ပျိုးထောင်စိုက်ပျိုးသည့် နည်းစနစ်များနှင့် တစ်ဧကလျှင် ကြံတန်ချိန်(၈၀)ထွက်ရှိနိုင်သည့် မျိုးကောင်း မျိုးသန့်များကို နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရ သီရိမြို့နယ်၊ စက်စက်ယို ဆည်ရေသောက်စနစ်၊ တဆက်တစပ်တည်း ဧက (၉၀၀)တွင် မျိုးသန့် မျိုးပွား စိုက်ပျိုးခဲ့ပြီး ၂၀၁၅ ခုနှစ် စိုက်ပျိုးရာသီ၌ တစ်နိုင်ငံလုံး ပျံ့နှံ့ရေး အတွက် ကြံစိုက်ပျိုးသည့် မြို့နယ်များတွင် တောင်သူ ပညာပေး စိုက်ကွင်းများ ထူထောင်ပြသထား ပြီး မျိုးကောင်း မျိုးသန့်နှင့် သိပ္ပံနည်းကျစိုက်နည်းစနစ်များ ရယူလိုကြသည့် တောင်သူလယ်သမား များကို နေပြည်တော် ကောင်စီ နယ်မြေရှိ တောင်သူပညာပေး စံပြစိုက်ကွင်းများတွင် လာရောက် လေ့လာကြပါရန် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီး ဌာနက ကြေငြာ ဖိတ်ခေါ် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment