Wednesday, January 28, 2015

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်



နေပြည်တော် ဇန်နဝါရီ ၂၈
နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များသည် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ခဲ့ပြီး နှစ်ဘက်ဆွေးနွေးမှုအရ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ်များက ပူးတွဲကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ယင်းပူးတွဲကြေညာချက်တွင် “(က) အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် National Network for Education Reform (NNER) ကိုယ်စားလှယ်များပါဝင်သော ပထမအကြိမ် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၁) ရက်နေ့၌ ရန်ကုန်မြို့တွင် စတင်ရန်၊ (ခ) လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားကိုယ်စားလှယ်များမှ တင်ပြ သောအချက် (၁၁) ချက်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြရန်၊ (ဂ) ကိုယ်စားလှယ်များအနေဖြင့် အပြုသဘော ဆောင် ဆွေးနွေးပြီး သဘောတူညီမှုများကို ညှိနှိုင်းရယူရန်နှင့် ဆွေးနွေးရန် ကျန်ရှိသည်များကို ဆက်လက် ဆွေးနွေးအဖြေရှာသွားရန်၊ (ဃ) ကျောင်းသားများအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်သည့် နေ့တွင် သပိတ် ရပ်နားသွားမည်” ဟူသည့် အချက် (၄) ချက်အား သဘောတူညီခဲ့ကြကြောင်း ဖော်ပြပါရှိသည်။
အဆိုပါ တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ လွှတ်တော်ကို ယ်စားလှယ်များနှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

ယမန်နေ့က တောင်သာမြို့၌ ညအိပ်ရပ်နားခဲ့သည့် လမ်းလျှောက်ဆန္ဒဖော်ထုတ်လျက်ရှိသော ကျောင်းသား အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထွက်ခွာခဲ့ပြီး ည (၇) နာရီခွဲခန့်တွင် မိုင်တိုင်အမှတ် (၄၂၃) မှ တစ်ဆင့် ပုပ္ပါးသို့ မော်တော်ယာဉ် များဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment