Wednesday, January 28, 2015

ကယားပြည်နယ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် တက်ရောက်



နေပြည်တော် ဇန်နဝါရီ ၂၈
ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက် (၉) နာရီအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့တော်ခန်းမ၌ ကယား ပြည်နယ် အတွင်းရှိမြို့နယ် (၈) မြို့နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးနှင့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေး ကယားပြည်နယ် လွှတ်တော်ဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဦးစီးမှူးများ၊ ကယားပြည်နယ်ရှိ မြို့နယ် (၈)မြို့နယ်မှ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်အထောက်အကပြု ကော်မတီဝင်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များ စုစုပေါင်း (၇၀၀) ခန့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာကယားပြည်နယ် ဝန်ကြီးချုပ်ဦးခင်မောင်ဦးက ကယားပြည်နယ်၏ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု လုပ်ငန်းများနှင့် လယ်ယာကဏ္ဍအပါအဝင် ကဏ္ဍစုံ၌ ယခင်ကထက် ဖွံ့ဖြိုးတိုးတက် လာမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကယားပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ကယား ပြည်နယ်ရှိ (၈) မြို့နယ်၏ လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရေအရင်းအမြစ်နှင့် ရေသယံဇာတ ကြွယ်ဝမှု၊ မြေသယံဇာတ ကြွယ်ဝမှု၊ သဘာဝ အခြေအနေပေးမှုနှင့် ပြည်နယ်အတွင်းရှိ အလွန်ရိုးသားဖြူစင်ပြီး ကြိုးစားကြသော တောင်သူ လယ်သမားများ၏ နိုးကြားတက်ကြွမှုတို့ကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းများ အပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် ခေတ်မီနည်းပညာများ၊ လိုအပ်ချက်များအား တိုးတက်ဖြည့်ဆည်း အကောင်အထည် ဖော် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
ကယားပြည်နယ်အတွင်း၌ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စီးဝင်လာစေရေး လိုအပ်ချက် အပေါ်တွင် လာရောက်ရင်းနှီးမြှုပ်နှံကြမည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကို ပြည်နယ်၏ အေးချမ်း သာယာမှု၊ ငြိမ်းချမ်းမှု အခြေအနေများအား အာမခံချက်နှင့်တကွ ဆွဲဆောင်နိုင်ရန် လိုအပ်ကြောင်း။ နိုင်ငံတော် အစိုးရက ကြိုးပမ်းဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွင်း ပြည်နယ်ရှိ ပြည်သူလူထုတစ်ရပ် လုံး၊ တိုင်းရင်းသား အားလုံး တစ်ခဲနက် တစ်ညီတစ်ညွတ်ဖြင့် ပါဝင် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက် ရေးများကို ကဏ္ဍအလိုက်အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဆွေးနွေးတင်ပြချက် များအပေါ် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ရွှေ၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးက မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍများ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းတစ်ရပ်ချင်းစီအား ပြည်နယ်၏ တင်ပြချက်များ အပေါ်တွင် အလျင်အမြန် အကောင်အထည်ဖော်ပေးမည့် လက်တွေ့ လုပ်ငန်းရပ် များကို ရှင်းလင်းဆွေးနွေး ဖြေ ကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် ပါဝင်တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသော လယ်ယာကဏ္ဍဆိုင်ရာ ထွက်ကုန်ပြခန်းများကို ကြည့်ရှု အားပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဆည်မြောင်းရုံး၌ ကယားပြည်နယ်တွင် တာဝန်ထမ်းဆောင် နေကြသော လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဌာနအသီးသီးမှ နိုင်ငံဝန်ထမ်းများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ နှုတ်ဆက်ပြီး ဒေသအကျိုး၊ ပြည်သူများ အကျိုးကို မိမိတို့၏ ဇာတိချက်ကြွေ မွေးရပ်မြေကဲ့သို့ သဘောထား၍ စိတ်ကောင်းစေတနာဖြင့်၊ စိတ်ဓါတ်ကောင်းကောင်းဖြင့်၊ မိမိဌာန တာဝန်များ အောင်မြင်ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment