Wednesday, January 28, 2015

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း မဒဲကျွန်း ရေနံတင်ဆိပ်ကမ်းအကြိုဖွင့်ပွဲနှင့် ရေနံပိုက်လိုင်းလုပ်ငန်းများ ကနဦး စတင်ဆောင်ရွက်ခြင်း အခမ်းအနား တက်ရောက်



ရန်ကုန် ဇန်နဝါရီ ၂၈
အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ နာယက  ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့ ညနေ (၆) နာရီ တွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပသည့် မဒဲကျွန်း ရေနံတင်ဆိပ်ကမ်း အကြိုဖွင့်ပွဲနှင့် ရေနံပိုက်လိုင်း လုပ်ငန်းများ ကနဦး စတင်ဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။ 

မဒဲကျွန်းရေနံတင်ဆိပ်ကမ်းနှင့် ရေနံပိုက်လိုင်းလုပ်ငန်းများ ကနဦး စတင်ဆောင်ရွက်ခြင်း အခမ်းအနားသို့ ဒုတိယသမ္မတနှင့်အတူ  ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်နှင့် ဦးအေးမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီးများ၊  ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang HouLan၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ China National Petroleum Corporation (CNPC) ဥက္ကဌ Mr. Laio Yongyuan နှင့် အဖွဲ့ဝင်များ၊ South East Asia Pipeline ဥက္ကဌ Mr.Jiang Changliang နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင်  စွမ်းအင်ဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း  (South East Asia Pipeline) တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့် မဒဲကျွန်းရေနံတင်ဆိပ်ကမ်းသည်  အရှေ့အလယ်ပိုင်း နိုင်ငံများမှ ရေနံတင်သင်္ဘောကြီးများဖြင့် ရောက်ရှိ လာမည့် ရေနံစိမ်းများကို ကျောက်ဖြူမြို့နယ် မဒဲကျွန်းတွင် ရေနံချခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေနံတင်ဆိပ်ကမ်းကြီးတွင် လုပ်ငန်းခွဲများအနေဖြင့် ရေနံတင်ဆိပ်ကမ်း တည်ဆောက်ခြင်း၊  Work Boat Wharf တည်ဆောက်ခြင်း၊ ရေနံသိုလှောင်ကန် (၁၂) လုံး တည်ဆောက်ခြင်း၊ စီမံကိန်းအဆောက်အအုံများ တည်ဆောက်ခြင်း လုပ်ငန်းများပါဝင်ပြီး ၂၀၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် အဓိကလုပ်ငန်းများဆောင်ရွက်ပြီး စီးခဲ့ပြီးဖြစ်ကြောင်း။
အဆိုပါ စီမံကိန်းအရ  မဒဲကျွန်း ရေနံတင်ဆိပ်ကမ်းမှ ရေနံစိမ်းများကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ပို့ဆောင်ရန်နှင့် ပြည်တွင်း၌သုံးစွဲရန် ရည်ရွယ်၍ အချင်း ၃၂ လက်မ ၊ အရှည် ၇၇၁ ကီလိုမီတာခန့်ရှိ ရေနံစိမ်း ပိုက်လိုင်းစီမံကိန်းကို တည်ဆောက်ခဲ့ပြီး ရခိုင်ပြည်နယ် မဒဲကျွန်းမှစတင်ကာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့ပါဝင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၄) ခုကို ဖြတ်သန်း၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နမ့်ခမ်းမြို့အထိ  ဆက်သွယ်တည် ဆောက်ခဲ့ပြီး ဖြစ်ကြောင်း။
မဒဲကျွန်း ရေနံတင်ဆိပ်ကမ်းကို အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းနှင့် ပူးပေါင်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ငွေပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅၃၂ ဘီလီယံ ရင်းနှီးမတည် တည်ဆောက်ခဲ့ပြီး နိုင်ငံတော်မှ အစု ရှယ်ယာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀၄ ဘီလီယံ ပါဝင်ခဲ့ကြောင်း၊  လုပ်ငန်းဆောင်ရွက်မည့် စီမံကိန်း ကာလမှာ နှစ် ၃၀ ကြာမြင့်မည်ဖြစ်ကာ  နှစ်စဉ် ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ပြည်တွင်းသုံးစွဲမှုအတွက် ခွဲဝေပို့လွှတ်သွားမည်ဖြစ်ကြောင်း။
မဒဲကျွန်းရေနံတင်ဆိပ်ကမ်းကြီးသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင်တည်ဆောက်သည့် နိုင်ငံတကာ အဆင့်မီ ရေနံတင်ဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ဆိပ်ခံတံတားအရှည် ၄၈၀ မီတာ ရှိပြီး၊ ရေနံတန်ချိန် သုံးသိန်းခန့် အထိ တင်ဆောင်နိုင်သည့် ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့် ရေနံတင်ဆိပ်ကမ်းဖြစ်ကြောင်း၊ ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှုနှင့်အတူ အမြင့် ၇၅ ပေရှိပြီး ဂါလံ ၂၂ သန်းခန့် ဝင်ဆန့်သည့် ရေနံသိုလှောင် ကန် ၁၂ လုံးကို ပူးတွဲ တည်ဆောက်ထားပြီးဖြစ်ကြောင်း။
ထို့ပြင် တန်ချိန် ၅၀၀၀ ဆန့်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် အရှည် ၁၅၀ မီတာရှိ Work Boat Wharf ကိုလည်း တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ အဆိုပါဆိပ်ကမ်းကြီးနှင့် ပိုက်လိုင်းတစ်လျှောက်တွင် ရေနံယိုဖိတ် မှုမရှိစေရန်နှင့် ရေနံယိုဖိတ်မှုများကို ထိန်းသိမ်းနိုင်စေရန် အစီအမံများအပြင် မီးဘေးကာကွယ်ရေး အစီအမံများ ကိုလည်း နိုင်ငံတကာအဆင့်မီ ထည့်သွင်း စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် နိုင်ငံတကာအဆင့်မီ ကုမ္ပဏီများကို ငှားရမ်းကာ စနစ်တကျ အချက်အလက်ကောက်ယူပြီး စီမံချက်များပြုစုထုတ်ဝေခြင်း၊ စောင့်ကြည့်ရေး အစီအမံများချမှတ်ခြင်းတို့ကို ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ မဒဲကျွန်းပေါ်တွင် နေထိုင်ကြသည့် ဒေသခံများ ရေချိုအသုံးပြုနိုင်ရန် ရေလှောင်တာတမံတစ်ခု တည်ဆောက်ပေးပြီး မဒဲကျွန်းဒေသကျေးရွာများကို ပိုက်လိုင်းသွယ်တန်း ရေပေးဝေ လျက်ရှိကြောင်း။
ယခုစီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများပို့လွှတ်ပေးနိုင်ရန်သာမက ပြည်တွင်းသုံးစွဲမှု အတွက်ပါ ခွဲဝေပို့လွှတ်သွားမည် ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုပေးနိုင်မည့်အပြင် စီမံကိန်းဆောင်ရွက်သည့် ဒေသရှိပြည်သူများကိုလည်း အကျိုးဖြစ်ထွန်း တိုးတက်စေမည်ဖြစ်၍ နိုင်ငံတော်နှင့် ဒေသခံ ပြည်သူများအတွက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။
ထို့ပြင် နိုင်ငံ့ဝင်ငွေတိုးတက်ရရှိခြင်း၊ ရေနံစိမ်းခွဲဝေသုံးစွဲခွင့်ရရှိခြင်း စသည့်အကျိုး ကျေးဇူးများဖြစ်ထွန်း စေသကဲ့သို့ ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့် အလမ်းများရရှိခြင်း၊ ဒေသအလိုက် လူမှုစီးပွား ကူညီထောက်ပံ့မှုများကြောင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် တိုးတက်ဖွံ့ဖြိုးစေသည့် အကျိုးကျေးဇူးများ ကို ရရှိခံစားကြရမည် ဖြစ်ကြောင်း။
ပိုက်လိုင်းဖြတ်သန်းရာ ပြည်နယ်နှင့်တိုင်းဒေသကြီး (၄) ခု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးနှင့် အခြေခံ အဆောက်အဦ စသောကဏ္ဍများတွင် ပါဝင်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ရေကန်၊ လျှပ်စစ်မီး သွယ်တန်းခြင်း၊ ဆက်သွယ်ရေး၊ တယ်လီဖုန်း စသည်တို့ကို စီမံကိန်းစတင်သည့် ၂၀၁၂ ခုနှစ်မှစတင်၍ ယခု အချိန်အထိ နှစ်စဉ်ပံ့ပိုးကူညီလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၆ သန်း အကုန်အကျခံကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အကူအညီများအဖြစ် ပံ့ပိုးကူညီပေးခဲ့ပြီးဖြစ်ကြောင်း။
နိဂုံးချုပ်အနေဖြင့် အရှေ့တောင်အာရှရေနံစိမ်းပိုက်လိုင်း စီမံကိန်းသည် နိုင်ငံတော်ဝင်ငွေရရှိရေး၊ ပိုက်လိုင်း တစ်လျှောက်ရှိ ဒေသခံပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး လူမှုစီးပွားဘ၀ မြှင့်တင် နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့ကို ရေရှည်အကျိုး ဖြစ်ထွန်းစေနိုင်သည့် စီမံကိန်းကြီး ဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် CNPC ဥက္ကဌ Mr. Laio Yong yuan က ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် CNPC ဥက္ကဌတို့က မဒဲကျွန်း ရေနံတင်ဆိပ်ကမ်း အကြိုဖွင့်ပွဲနှင့် ရေနံပိုက်လိုင်းများ ကနဦးစတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် Global Sansor အား လက်ဖြင့်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ရေနံတင်သင်္ဘောဝင်ရောက်လာပုံနှင့် ဆိပ်ကမ်းစီမံကိန်းနှင့် ပိုက်လိုင်း စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု ရုပ်သံမှတ်တမ်းအား ဖွင့်လှစ်ပြသသည်။ ထို့နောက် ဒုတိယသမ္မတထံ  CNPC ဥက္ကဌက ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင် ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ 

No comments:

Post a Comment