ရန်ကုန် ဇန်နဝါရီ ၂၅
ရန်ကုန် တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ ဘုရားကြီး မင်္ဂလာတိုက်ကျောင်းရှိ
မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၌ အလှူရှင်တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက လှူဒါန်းသော
လူနေဆောင်နှစ်ထပ်အဆောက်အအုံ တစ်လုံးနှင့် မင်္ဂလာခန်းမဆောင်ကြီး များပါဝင်သော နှစ်ထပ်အဆောက်
အအုံတစ်လုံး၊ ရေချိုးခန်းဆောင်တစ်ဆောင်နှင့်အိမ်သာရှစ်လုံးတို့ကို ဇန်နဝါရီ ၂၅ ရက်တွင်
တည်ဆောက် လှူဒါန်းရေစက်ချ ကောင်းမှုများပြုခဲ့သည်။ ထို့အပြင် နှစ်ထပ်လူနေ အိပ်ဆောင်တွင်လည်း
လူ ၂ဝဝကျော် စာခုတင်၊ လော်ကာများ၊လိုအပ်သော ပရိဘောဂများနှင့်အတူ တစ်နေ့တာ အကျွေးအမွေးစရိတ်
အပါအဝင် ငွေကျပ် သိန်းပေါင်း ၃ဝဝဝ အကုန်အကျခံ လှူဒါန်းကျွေးမွေးမှုများ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
အဆိုပါ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကို ၁၉၉၅ ခုနှစ် မေလကတည်းက စတင်တည်ထောင်ခဲ့ပြီး
ယခုအခါ လူဦးရေ ၁ဝဝဝ ကျော်ကို ကျွေးမွေးစောင့်ရှောက် ပညာသင်ကြားပေးလျက်ရှိသည်။ ၄င်းမင်္ဂလာလူငယ်ဖွံ့ဖြိုးရေး
ပရဟိတဂေဟာကြီး စတင်အကောင်အထည် ဖော်လုပ်ဆောင်ခဲ့ပုံနှင့်ယနေ့လှူဒါန်း မှုပြုခဲ့သည့်အလှူရှင်၊
ပညာသင်အမှီသဟဲပြုနေသည့် နိုင်ငံတစ်ဝန်းမှမိဘမဲ့၊ ဆင်းရဲနွမ်းပါးသူများနှင့်သဘာဝ ဘေးအန္တရာယ်
ကြုံတွေ့ခဲ့ရသူများ စသည့် နိုင်ငံ့အနာဂတ် သားကောင်းလေးများကို မြန်မာ့အလင်းသတင်း အဖွဲ့က
စေ့ငုမေးမြန်း ဖြစ်ခဲ့သည်။
ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (မိဘမဲ့ဆရာတော်)၊ မင်္ဂလာတိုက်ကျောင်း (မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး
ပရဟိတဂေဟာ)
'' ဒီဂေဟာကို ၁၉၉၅ ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ စတည်ထောင်တုန်းကတော့ ဆရာတော်အနေနဲ့
ဒီအနီးအနားမှာရှိတဲ့ မြို့တွေကိုအလှူခံတယ်၊ တရားဟောတယ်။ အဲဒီလိုနဲ့ ပြုစုစောင့်ရှောက်
ကျွေးမွေးခဲ့တာပါ။ မိဘမဲ့တင်မဟုတ်ဘဲ ဆင်းရဲနွမ်းပါး၊ တိုင်းရင်းသားတွေနဲ့ နာဂစ်ဒဏ်ခံ
ကလေးတွေပါ အုပ်စုခြောက်မျိုးခွဲပြီး သူတို့ရဲ့မိဘရင်းသဖွယ် အဆင့်လိုက် လုပ်ဆောင်ပေး
နေပါတယ်။ ခုနောက်ပိုင်းတော့ အပြင်ထွက် အလှူခံမကျွေးဖြစ်ခဲ့တာ သုံးလေးနှစ်ရှိပါပြီ။
လူမှုဝန်ထမ်း ဦးစီးဌာနကလည်း ခုလို လူတစ်ထောင်လောက်ကို တစ်နှစ်ငွေကျပ် သိန်း ၅ဝ ၊ ၁ဝဝ
လောက်တော့ လှူပါတယ်။ ပညာရေးပိုင်း ဆိုင်ရာမှာတော့ ပညာရေးဝန်ကြီးဌာနက ကျောင်းသုံးပစ္စည်း
တွေနဲ့ စာရေးကိရိယာတွေ လှူပါတယ်။ ကျန်းမာရေးပိုင်းဆိုင်ရာကတော့ ဆေးခန်းလည်းဖွင့်ထားပြီး
ဒေါက်တာခင်မောင်လွင်နဲ့ ရွှေပြည်ဟိန်းအဖွဲ့က အလှည့်ကျလာရောက် ကုသပေးပါတယ်။ ဒီနေ့ကတော့
သူတို့လေးတွေအတွက် တကယ့်အေးချမ်းပြီး ပြည့်စုံတဲ့ လပြည့်ညလေးလိုပါပဲ။ ဒီနေ့လို စေတနာရှင်
အလှူရှင်မျိုး သူတို့တစ်တွေ တကယ်လိုလား တောင့်တနေတာအမှန်ပါ။ နေထိုင်ဖို့ အဆောက်အအုံတွေသာမက၊
အကျွေးအမွေးပိုင်းဆိုင်ရာကအစ အားလုံးပြီးပြည့်စုံတဲ့ အလှူပွဲပါပဲ''ဟု မိန့်ကြားခဲ့သည်။
အလှူရှင်ဦးကိုကိုထွေး
(လူမှုထူးချွန်ပထမဆင့်) (တော်ဝင် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ)
''ဒီမင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ အခုလိုလှူဖြစ်ရတဲ့အကြောင်းရင်းကတော့
နာဂစ်ဖြစ်တုန်း ကလည်း ဒီကိုရောက်ဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် အဲဒီတုန်းက ဒီလောက်လူကလည်း
မများသေးဘူး။ ခုနောက်ပိုင်း ဒီကိုရောက်တော့ လူတွေကလည်းများလာတယ်။ အဆောက်အအုံအတွက် အခက်အခဲဖြစ်တယ်
ဆိုတော့ လှူမယ်ဆိုပြီးတော့ လှူဖြစ်သွားတာပဲ။ ပြီးတော့ သူတို့လေးတွေဟာ တိုင်းပြည်ရဲ့
နောင်အနာဂတ်မှာ ဦး ဆောင်ရမယ့် ရတနာကြယ်ပွင့်လေးတွေ ဖြစ်လာမှာပဲ။သူတို့ လေးတွေရဲ့ဘဝကို
မြှင့်တင်ပေးချင်တယ်။ ပျိုးထောင်ပေးချင်တယ်။ အဲဒါကငယ်ငယ်ကတည်းက ကျွန်တော့်ရဲ့ဝါသနာပါ။
ကျွန်တော့်အနေနဲ့ကတော့ တတ်နိုင်သလောက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ ဘာသာရေးကအစ တတ်အားသရွေ့
အလှူဒါန ပြုနေမှာပါ။ ခုဆိုရင် မြို့နယ် ၈ဝ ကျော်ကို မူလတန်းပညာမသင်ခဲ့ရတဲ့ သူတွေအတွက်
ယူနီဆက်ဖ်နဲ့ပူးပေါင်း ပြီးအကောင်အထည်ဖော် လုပ်ဆောင်ပေးနေပါတယ်။ ဒီပရဟိတဂေဟာအတွက် နောင်ကိုလည်း
လိုအပ်ရင် လိုအပ်သလို လေးထပ်ဆောင်အထိ ဆောက်လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်''ဟု ပြောကြားခဲ့သည်။
နန်းဗိုခမ်း (ပအိုဝ်းတိုင်းရင်းသူ)
နဝမတန်းကျောင်းသူ (မင်္ဂလာလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ)
''ကျွန်မက ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လောင်းမြို့နယ် ပင်တဖြူးရွာကပါ။ ခုနဝမတန်း
တက်နေပါတယ်။ ဒီမှာနေရာတာ ဘုန်းဘုန်းရဲ့ ကျေးဇူးကြောင့် ပညာလည်းကောင်းကောင်း သင်ရပါတယ်။
ဒီကိုရောက်တာ ဗဟု သုတတွေလည်း အများကြီးရပါတယ်။ မသိတာတွေလည်းသိရတယ်။ဘာသာရေး၊ လူမှုရေးကအစ
စည်းကမ်း တကျ ဘုန်းဘုန်းက သင်ပေးပါတယ်။ ဆရာဆရာမတွေကလည်း စေတနာပါပါနဲ့ သင်ပြပေးပါတယ်။
ဆယ်တန်းအောင်၊ ဘွဲ့ရတဲ့အထိ ကြိုးစားသွားမှာပါ။ ဘွဲ့ရရင်တော့ ကျွန်မတို့ဘက်မှာ အခက်အခဲဖြစ်နေတဲ့
ကျောင်းဆရာမအလုပ်ကို မဖြစ်မနေ လုပ်ဆောင်သွားမှာပါ။ အဓိကကတော့ ကိုယ့်နယ်က နောင်မျိုးဆက်သစ်
လူငယ်လေးတွေကို ကျွန်မတို့လို မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့ ကျောင်းဆရာမကို မဖြစ်ဖြစ်အောင်
ကြိုးစားလုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်'' ဟု ရင်တွင်း စကားဆိုခဲ့သည်။
မောင်မျိုးဇော်ဦး
တက္ကသိုလ်ဝင်တန်းကျောင်းသား
(မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး
ပရဟိတဂေဟာ)
''ကျွန်တော်က မကွေးတိုင်းဒေသ ကြီး သရက်မြို့နယ် ညောင်နီကျေးရွာကပါ။ ကျွန်တော်ခု
တက္ကသိုလ်ဝင်တန်း တက်နေပါတယ်။ အမှန်အတိုင်း ပြောရရင် မိဘတွေက ကျောင်းမထားနိုင်လို့ ဒီကိုကျွန်တော်တို့ရွာက
ဦးပဉ္စင်းရဲ့ကျေးဇူးကြောင့် ဒီပရဟိတဂေဟာကို ရောက်လာတာပါ။ကျွန်တော်ဒီမှာ ပညာသင်ကြားပြီး
ဘွဲ့ရ အောင် ကြိုးစားသွားမှာပါ။ ဆရာမတွေကလည်း စာသင်တာရော၊ စာကျက်ခိုင်းတဲ့အခါမှာပါ
ကြပ်ကြပ် မတ်မတ် လုပ်ဆောင်ပေးတယ်။ ညဆိုရင် ၇ နာရီကနေ ၁ဝ နာရီအထိ စာကျက်ရပါတယ်။ ဘာအခက်အခဲမှတော့
သိပ်မရှိပါဘူး။ ဒီမှာက ဘောလုံးလည်း သူ့အချိန်နဲ့သူ ကန်ရတာပါ။ ပိုက်ကျော်ခြင်းလည်း ခတ်ရပါတယ်။
အစားအသောက်ကတော့ အခုလိုအလှူရှင်တွေလာရင် ကျွန်တော့်တို့တစ်တွေ အားလုံးဝမ်းသာမဆုံး ဖြစ်မိကြပါတယ်''ဟု
ဖွင့်ဟခဲ့သည်။
အဆိုပါ တွံတေးမြို့နယ် ဘုရားကြီး မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌အလှူရှင်များ
အကျွေးအမွေးနှင့် ပညာသင်စရိတ်များ လှူဒါန်းလိုပါက တစ်ဦးကို ရိုးရိုးသစ်သီးစုံ နှင့်ပဲကုလားဟင်း
ကျွေးလိုလျှင် တစ်နေ့ငွေကျပ် ၆ဝဝ နှုန်းဖြင့် လည်းကောင်း၊အသားဟင်းများဖြင့် ကျွေးလိုလျှင်
လူတစ်ဦး တစ်နေ့ငွေကျပ် ၁ဝဝဝ နှုန်းဖြင့် လည်းကောင်း၊ ပညာသင် စရိတ်ဒါနပြုလိုလျှင် တက္ကသိုလ်
ကျောင်းသားတစ်ဦး တစ်နှစ်စာငွေ ကျပ်နှစ်သိန်း၊ အထက် တန်းကျောင်းသားတစ်ဦး တစ်နှစ်စာ
ငွေကျပ်တစ်သိန်းခွဲနှင့် အလယ်တန်း ကျောင်းသားတစ်ဦးလျှင် ငွေကျပ် တစ်သိန်း စသည်ဖြင့်
မင်္ဂလာလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဖုန်း-ဝ၉-၈၆၁၅ဝဝ၈နှင့် ဝ၉-၈၆၁၂၃၂ဝ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း
သိရသည်။




No comments:
Post a Comment