Monday, January 26, 2015

ပုသိမ်မြို့ ဗုဒ္ဓမြတ်စွယ်တော် မြောင်းမြမြို့သို့ အပူဇော်ခံရောက်ရှိ

မြောင်းမြ ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်မြတ်၌ ကိန်းဝပ်အပူဇော်ခံလျက်ရှိသည့် စွယ်တော်မြတ် (ဗုဒ္ဓစွယ်တော်ပွား)သည် ရဟန်းရှင်လူ၊ပြည်သူ များဖူးမြော်ကြည်ညိုနိုင်ရန်အလို့ငှာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၂ မြို့နယ်သို့ ဇန်နဝါရီ ၂၂ရက်မှ မတ် ၆ ရက်အထိ ဒေသစာရီကြွရောက် လှည့်လည် အပူဇော်ခံလျက်ရှိရာ ဇန်နဝါရီ ၂၄ ရက် ညနေ ၃နာရီတွင် လပွတ္တာမှတစ်ဆင့် မြောင်းမြသို့ရောက်ရှိလာခဲ့သည်။

လပွတ္တာမြို့မှ မြောင်းမြမြို့သို့ ပင့်ဆောင်ရာ ခရီးတစ်လျှောက်တွင်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များက မြောင်းမြမြို့နယ် နယ်နိမိတ်အစပ် ပင်လယ်လေးကြိုးတံတားမှ ယာဉ်တန်းများဖြင့် ကြိုဆိုပင့်ဆောင်ကြရာ လမ်းခရီးတစ်လျှောက် ကျေးရွာများမှရဟန်းရှင်လူ ပရိသတ်များက အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခြင်း၊အလှူငွေများ ထည့်ဝင်ခြင်း၊ လှူဖွယ်ပစ္စည်းများ ကပ်လှူခြင်းတို့ဖြင့် ကုသိုလ်ယူသူများနှင့် စည်ကားစွာ ဖူးမြော်ခဲ့ကြသည်။
မြောင်းမြမြို့အဝင်၌ မြို့မိမြို့ဖများ၊ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရဟန်းရှင်လူပရိသတ် များစွာတို့က လမ်းဘေးဝဲယာမှ ကြိုဆိုပင့်ဆောင်၍ မြောင်းမြမြို့အတွင်း လှည့်လည် အပူဇော်ခံပြီး မြို့လယ်ရှိ ရွှေသာလျောင်း ဘုရားကြီးရင်ပြင်တော် ယာယီမဏ္ဍပ်၌နှစ်ညတာ ကိန်းဝပ်အပူဇော်ခံ မည်ဖြစ်သည်။

ညပိုင်းတွင် ဝတ်ရွတ်အဖွဲ့များက ဓမ္မစကြာ၊ ပရိတ်၊ပဋ္ဌာန်းများ၊ အလှည့်ကျ ရွတ်ပွားပူဇော်ကြပြီး အောင်စိုးမင်း မင်္ဂလာဆိုင်းဝိုင်းက ဓမ္မပူဇာတေးများ ပူဇော်လျက် ဘုရားဖူးလာ ရဟန်းရှင်လူပရိသတ်များဖြင့် အထူးစည်ကား လျက်ရှိကာ စွယ်တော်မြတ်သည် ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီတွင် အိမ်မဲမြို့သို့ ဆက်လက် အပူဇော်ခံကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment