နေပြည်တော် ဇန်နဝါရီ ၂၁
အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
တတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် အစီအစဉ်(၁၈)ခုဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏
မေးမြန်းချက် များနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က
ပြန်လည်ဖြေကြားသည်။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးသော်ဇင်ဦး၏ ''ခြေမြန်
တပ်မဌာနချုပ်လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များက သိမ်းဆည်းထားသော လယ်မြေနှင့်ကိုင်းမြေဧက(၄၅ဝ)ကို
ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ အဆိုပါမြေသည် ခြေလျင်တပ်ရင်းမှ
တပ်ပိုင်မြေအဖြစ် လုံခြုံရေးအရ သိမ်းဆည်း ဆောင်ရွက်ခဲ့သည့်မြေ ဖြစ်ပါကြောင်း၊ ၄င်းမြေနေရာတွင်
အမှန်တကယ်လုပ်ကိုင်နိုင်သည့်မြေ နေရာ (၂၆၈)ဧကသာ ရှိပြီး ကျန်မြေ (၁၅၃ ဒသမ ၃၈) ဧကသည်
ရေရှိသော အင်းမြေ ဖြစ်ပါကြောင်း၊ တပ်မဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ သက်သာချောင်
ချိရေးအတွက် စိုက်ပျိုးနိုင်သည့်မြေ (၂၆၈) ဧကတွင် နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံစိုက်ပျိုးခြင်းနှင့်
မွေးမြူရေးလုပ်ငန်းများ ခွဲဝေလုပ်ကိုင်ဆောင်ရွက် လျက်ရှိပါကြောင်း။
ယင်းမြေနေရာသည် ပြည်ထဲရေး ဝန်ကြီးဌာန၏
မြေပေးမိန့်ရရှိပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ တပ်ပိုင်မြေ သိမ်းဆည်းရေးဆောင်ရွက်ခဲ့ခြင်း
ဖြစ်ပါကြောင်း၊ အဆိုပါမြေသည် ခြေလျင်တပ်ရင်း၏ မူလတပ်ပိုင်မြေအတွင်း ပါဝင်နေခြင်း၊ လူနေအဆောက်အအုံ၊
အုပ်ချုပ်မှုအဆောက် အအုံများနှင့်နီးကပ်စွာတည်ရှိပြီး လေ့ကျင့်ရေးနှင့် လုံခြုံရေးတို့အား
ထိခိုက်လာနိုင်ခြင်း၊ လက်ရှိအချိန်တွင် တပ်မဌာနချုပ်နှင့်တပ်ရင်းတပ်ဖွဲ့များ၏ မိသားစုဝင်များ
သက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိခြင်းတို့ကြောင့်
လောလောဆယ် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် မရှိပါကြောင်းဖြင့် ဖြေကြားသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးမန်းကံညွန့်၏
''ဝေးလံ ခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများတွင် တာဝန်ထမ်းဆောင်နေရသော နိုင်ငံ့ဝန်ထမ်းများကို
ဒေသစရိတ်ခံစားခွင့်များ ခွင့်ပြုထားသော် လည်း ထိုဒေသများတွင် အခြေစိုက်ဖွင့်လှစ်ထားသည့်
တပ်မတော် တပ်ဖွဲ့ဝင်စစ်သည်များကို ခံစားခွင့် မပြုခြင်းကိစ္စအား သိရှိလိုကြောင်း'' မေးခွန်းနှင့်စပ်လျဉ်း၍
ဒေသစရိတ်ခံစားခွင့်ရှိသည့် မြို့နယ်များတွင် အခြေစိုက် ဖွင့်လှစ်ထားသည့် တပ်မတော် တပ်ဖွဲ့ဝင်
စစ်သည်များအနေဖြင့် ယခင်ကလည်း ဒေသစရိတ် ခံစားရရှိခဲ့မှု မရှိခြင်းကြောင့် ဒေသစရိတ် ခံစားခွင့်မပြုခြင်း
ဖြစ်ပါကြောင်း၊ တပ်မတော်သားများ အတွက် ဒေသစရိတ်ခံစားခွင့် မရရှိသော်လည်း စိုက်ပျိုးရေးနှင့်
မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ၎င်းတို့၏ မိသားစုသက်သာချောင်ချိရေးအတွက် ဆောင်
ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ အိမ်ထောင်စုဝင်
ရိက္ခာများကိုလည်း ထောက်ပံ့ပေးနေပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်
ရွေးကောက်ပွဲများတွင် (PR)စနစ် ကျင့်သုံးခြင်းနှင့်(PR)စနစ် ကျင့်သုံးရေးဆိုင်ရာအဆို
အကောင်အထည်ဖော်ရေးကော်မရှင်၏ အစီရင်ခံစာတွင် ပါရှိသော ရွေးကောက်ပွဲစနစ်ပုံစံ(၂)မျိုးသည်
၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိ အဆုံးအဖြတ်ပြုပေးရန်အတွက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ပေးပို့ခြင်းအား လွှတ်တော်သို့
အသိပေးတင်ပြသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင်
(PR)စနစ် ကျင့်သုံးခြင်း၊ ဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ဆောင်ရွက်စေခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုချန်လှပ်၍ ကျန်တိုင်းဒေသကြီးများနှင့်ပြည်နယ်တို့တွင်
တစ်ပြေးညီကျင့်သုံးရန် လျာထားခြင်းနှင့်တင်ပြထားသော ရွေးကောက်ပွဲပုံစံ (၂)မျိုးတို့သည်
ဖွဲ့စည်းပုံအခြေဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ အဆုံးအဖြတ်ပြုပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
(၂၆)ဦးက လက်မှတ်ရေးထိုး၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
သို့ပေးပို့ရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေတို့နှင့် ညီညွတ်မှုရှိသည့်အတွက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



No comments:
Post a Comment