Sunday, January 25, 2015

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မန္တလေးတိုင်း ဒေသကြီး၊ ဝမ်း တွင်းမြို့ နယ်၊ ရွှေတောင် မျိုးစေ့ထုတ်သုတေသနခြံ၏ ပုလဲသွယ်စပ်မျိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းများ၊ ဝါဂွမ်း မျိုးစေ့ထုတ် လုပ်ငန်းများ အား ကြည့်ရှုအားပေးခြင်းသတင်း

နေပြည်တော် ဇန်နဝါရီလ  ၂၅ ရက်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေး နှင့် နိုင်ငံသားတို့၏ ဝတ်ရေး လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် မျိုးကောင်း မျိုးသန့်များဖြန့်ဖြူးရေးနှင့် တောင်သူ လယ်သမားများ၏ ဝင်ငွေတိုး တက်ရေးကို ရှေ့ရှုပြီး၊ သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။


အခြေခံစပါးသီးနှံစိုက်ပျိုးကြသော တောင်သူ လယ်သမားများအား တစ်ဧက တင်း(၂၀၀) အထက် အထွက်နှုန်း တိုးစေပြီး၊ ဝင်ငွေ(၂)ဆရရှိ ခံစားနိုင်သည့် ပုလဲသွယ်စပ်မျိုးစပါးကို တစ်ရာသီပြီးတစ်ရာသီ၊ စဉ်ဆက်မပြတ် မျိုးစေ့များ ထုတ်လုပ်ပေးရာ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန၏ ရွှေတောင်သုတေသနခြံသည် နိုင်ငံ၏အဓိက အားထားရသော မျိုးစေ့ထုတ်စိုက်ပျိုးရေး ခြံကြီးဖြစ်ပါ သည်။
ဇန်နဝါရီလ(၂၄)ရက်နေ့ နေ့လည်(၃)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် နှင့် ညွှန်ကြားရေးမှူး ချုပ်များသည် ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်မျိုးစေ့ထုတ်သုတေသနခြံသို့ ရောက်ရှိပြီး၊ တစ်ဆက်တစ်စပ်တည်း ပုလဲသွယ်စပ်မျိုးစပါး အဖိုလိုင်းနှင့် အမလိုင်းများ စိုက်ပျိုးထားသော စီမံကိန်းလုပ်ငန်းခွင်နှင့် တစ်ဧကပိဿာ (၁၂၀၀)အထက် ထွက်ရှိနိုင်သော ရွှေတောင် (၉)နှင့် ငွေချည်(၈)ဝါဂွမ်းဖြူ သုတေသနစိုက်ကွင်းများသို့ ရောက်ရှိပြီး၊ စိုက်ကွင်းများအား ကြည့်ရှု စစ်ဆေးအားပေးခဲ့ပါသည်။
ပထမဦးစွာ စိုက်ကွင်းရှင်းလင်းဆောင်၌ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်း၊  စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ရွှေနှင့် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းတို့က ပုလဲသွယ်စပ်မျိုးစပါး F1 မျိုးစေ့ထုတ်လုပ်ငန်း စီမံကိန်းနှင့် ဝါဂွမ်းသီးနှံ F1 မျိုးစေ့ ထုတ်လုပ်ငန်းများကို ကဏ္ဍ အလိုက်ရှင်းလင်းတင်ပြ ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ သုတေသနလုပ်ငန်းများသည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အတွက် မရှိမဖြစ်၊ အသက်သွေးကြော ဦးနှောက် နှလုံးသည်းပွတ်ဖြစ်ပါကြောင်း၊ သုတေသန လုပ်ငန်းမရှိပါက ဦးနှောက်နှင့် ကျောရိုးမရှိသူကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့မျှ ရရှိမည် မဟုတ်ကြောင်း၊ ရရှိလာသော သုတေသန ရလဒ်များကို စိုက်ကွင်းများနှင့် တောင်သူများ လက်ဝယ် သို့အရောက် တစ်ရာသီပြီးတစ်ရာသီ ပို့ဆောင်ပေး ရမည်ဖြစ်ကြောင်း။
ဝန်ကြီးဌာန၏အဓိက တာဝန်ဖြစ်သော စားရေရိက္ခာဖူလုံရေးသည် မျိုးကောင်းမျိုးသန့် ရရှိရေးအပေါ် မူတည် နေ၍ မျိုးကောင်းမျိုးသန့် မျိုးစေ့များကို စဉ်ဆက်မပြတ် သုတေသနပြု မျိုးစပ်ထုတ်လုပ်သွားရန် မှာကြား ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် ရွှေတောင် သုတေသနခြံမှထွက်ရှိသော ပုလဲသွယ် စပ်မျိုးစပါး မျိုးစေ့များကို လည်းကောင်း၊ ပဲသီးနှံမျိုးစေ့များ၊ နေကြာသီးနှံမျိုးစေ့များ၊ ဝါဂွမ်းသီးနှံ မျိုးစေ့များအား လည်းကောင်း ကြည့်ရှုအားပေးခဲ့ပါသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သုတေသန ခြံစိုက်ကွင်းအတွင်း ငွေချည်(၈)နှင့်ရွှေတောင်(၉) ချည်မျှင် ရှည်ဝါစပ်မျိုး မျိုးစေ့ထုတ် စိုက်ကွင်းများကိုလည်းကောင်း၊ တစ်ဆက်တစ်စပ်တည်း ဧက(၅၀၀) ပုလဲသွယ် စပ်မျိုးစပါး အဖိုလိုင်းနှင့်အမလိုင်း F1 မျိုးစေ့ထုတ် စိုက်ကွင်းတွင် မျိုးစေ့များကို သိပ္ပံနည်းကျ ပေါင်စနစ်ဖြင့် ပျိုးကြဲနေမှုများကိုလည်းကောင်း၊ (၁၃)ရက်သားသက်တမ်းရှိ ပုလဲသွယ်စပ်မျိုးစပါးမိဘလိုင်း A လိုင်း စိုက်ခင်းအားလည်းကောင်း၊ ကြည့်ရှုစစ်ဆေးအားပေးပြီး၊ စိုက်ပျိုးရေးပညာရှင်များအား စားသောက် ဖွယ်ရာများနှင့် ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်သုတေသနခြံမှထွက်ရှိသော မျိုးစေ့များကို သတ်မှတ် အပူချိန်ဖြင့် ထိန်းသိမ်း သိုလှောင်ထားရှိမည့် ခေတ်မီအအေးခန်းသိုလှောင် ရုံတည်ဆောက်ရေး လုပ်ငန်းခွင် သို့ ရောက် ရှိပြီး၊ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ ကြည့်ရှု စစ်ဆေး၍ လုပ်သားများအား စားသောက် ဖွယ်ရာများကို ပေးအပ်ခဲ့ပါသည်။
အဆိုပါအအေးခန်း သိုလှောင်ရုံသည် ပုလဲသွယ် စပ်မျိုးစပါးမျိုးစေ့နှင့် ဝါဂွမ်းမျိုးစေ့များ အပါအဝင် သုတေသန ပြုလုပ်ထွက်ရှိ လာသော ပဲသီးနှံမျိုးစေ့အမျိုးမျိုးနှင့် နေကြာသီးနှံမျိုးစေ့ များကို အပူချိန်ထိန်းချုပ်စနစ် (Temperature Control) ဖြင့် ကာလရှည်ကြာစွာ ထားသို နိုင်ရန်အတွက်  အလျား (၁၆၀)ပေ၊ အနံ (၆၀)ပေ၊ အမြင့် (၁၈)ပေရှိသော ကွန်ကရိ အဆောက်အအုံအဖြစ် တည်ဆောက်နေပြီး၊ လာမည့် တောင်သူ လယ်သမားနေ့ အမီ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment