နေပြည်တော် ဇန်နဝါရီ ၂၄
တတိယအကြိမ်မြောက်
ပြည်ထောင်စု အစိုးရအဖွဲ့ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ဂေါက်ကွင်းနှင့်
ရေပြာဂေါက်ကွင်းတို့၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
တက်ရောက်အားပေးချီးမြှင့်သည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပရာ နေပြည်တော် မြို့တော်ဂေါက်ကွင်း သို့
ရောက်ရှိလာပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ဂေါက်သီးရိုက်ပြိုင်ပွဲ
ဖွင့်ပွဲကို နံနက် ၆ နာရီတွင် မြို့တော်ဂေါက်ကွင်း တီခုံအမှတ် (၁) ၌ကျင်းပရာ ဒုတိယသမ္မတ
ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး
စိုးဝင်းတို့က Flash ball များ ရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကြသည်။
ဖွင့်ပွဲအပြီးတွင်
ဧည့်သည်တော်အတွဲများ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်သမ္မတနှင့်အတူ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊
ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊
ပြည်ထောင်စုတရားသူကြီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊
ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဒုတိယ
ဝန်ကြီးများ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထို့အတူ ရေပြာဂေါက်ကွင်း၌လည်း
ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ဒုတိယဝန်ကြီး
ဦးဇော်ဝင်းတို့က Smoke ball များရိုက်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တတိယအကြိမ်မြောက်
ပြည်ထောင်စု အစိုးရအဖွဲ့ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့ (၁၈) ကျင်း ပြိုင်ပွဲများကို
စတင်ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများမှ ဂေါက်သီးရိုက် အားကစားသမားများသည် မြို့တော်
ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်းတို့၌ အတွဲလိုက်ယှဉ်ပြိုင် ကစားခဲ့ကြသည်။
ယနေ့ကျင်းပလျက်ရှိသော
ဂေါက်သီးရိုက်ပြိုင်ပွဲကို နေပြည်တော် မြို့တော်ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်းတို့၌
ကျင်းပရာ ပြိုင်ပွဲဝင်အသင်း (၃၄) သင်းမှ ဂေါက်သီးရိုက်အားကစားသမား (၂၀၀)ကျော် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြ
ရာ အသင်းလိုက် အကျောပေးပြိုင်ပွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက စုစုပေါင်း ရိုက်ချက်
(၂၄၆) ချက် ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနက စုစုပေါင်းရိုက်ချက် (၂၅၅) ချက်ဖြင့်လည်းကောင်း၊
ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းက စုစုပေါင်းရိုက်ချက် (၂၅၇) ချက်ဖြင့်လည်းကောင်း ဦးဆောင်ကစားလျက်ရှိပြီး
အသင်းလိုက် အကျောမဲ့ ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက စုစုပေါင်းရိုက်ချက်
(၃၀၈) ချက်ဖြင့် လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက စုစုပေါင်းရိုက်ချက် (၃၂၇)
ချက်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းက စုစုပေါင်းရိုက်ချက် (၃၂၈) ချက်ဖြင့်လည်းကောင်း
ဦးဆောင်ကစားလျက်ရှိသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ဖလား
ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်အထိ နေပြည်တော် မြို့တော် ဂေါက်ကွင်းနှင့်
ရေပြာဂေါက်ကွင်းတို့၌ ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို မြို့တော်
ဂေါက်ကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


No comments:
Post a Comment