Saturday, January 24, 2015

သမဝါယမဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာကဏ္ဍ မြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်





စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာကဏ္ဍမြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ မြှင့်တင် ရေး တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့ နေ့လည် (၁၃း၀၀) နာရီတွင် ကျင်းပခဲ့ရာ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန် ကြီးချုပ် ဦးသာအေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်ငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးမှ တရားရေးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြု အဖွဲ့ဝင်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမား ကိုယ်စားလှယ် (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ယခုတွေ့ဆုံပွဲကို လယ်သမားများ၏ အခက်အခဲများ ညှိနှိုင်းဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်တာဝန် ပေးချက်အရ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍအပြင် တောင်သူလယ်သမားများ၏ လိုလားချက်ဆန္ဒများအနက် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ငင်းအကျိုးရှိတဲ့၊ တိုက်ရိုက်အကျိုးသက်ရောက်တဲ့၊ မိမိတို့အစိုးရဘက်မှ ဆောင်ရွက်ပေးနိုင်တဲ့အချက်များကို ဦးစားပေး ဖြေရှင်းပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရသည် ယခုမှ ထိုသို့ ဆောင်ရွက်ခြင်း မဟုတ်ပါကြောင်း၊ ပြည်သူများမှ ရွေးချယ်ပေးထားတဲ့ အစိုးရဖြစ်သည်နှင့်အညီ ပြည်သူကို ဗဟိုပြု၍ ပြည်သူတို့ လိုလားသော နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အစိုးရစတင်တာဝန်ယူစဉ်ကတည်းကပင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၆) ဖွဲ့ အနက် (၁၄) ဖွဲ့နှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့ပါကြောင်း၊ နိုင်ငံရေးအယူအဆအမြင်မတူကြသည့်အဖွဲ့ များနှင့်လည်း မတူတာတွေဘေးဖယ်၊ တူတာတွေ ပူးပေါင်းဆောင်ရွက် ဆိုသည့်‌မူအတိုင်း NLD အပါအဝင် ပြည်ပရောက် နိုင်ငံရေးအဖွဲ့များ၊ ပြည်တွင်းမှ နိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင် လာအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက် နိုင်ခဲ့သဖြင့် အမေရိကန်အပါအဝင်၊ ဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့ (EU) တို့၏ Santion များ ရုတ်သိမ်းခြင်း၊ ယခင် အစိုးရလက်ထက်က တင်ရှိခဲ့သော နိုင်ငံခြားကြွေးမြီများ လျှော်ပစ်ခြင်း၊ ပြည်ပအကူအညီ Aids, Grants, Loans များပေးအပ်ခြင်းများစသည့် အကျိုး သက်ရောက်မှုများရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဒီမိုကရေစီ ဖြစ်ထွန်းရေး ဖော်ဆောင်မှုများအနက် ထင်ရှားသည့်‌ အချက်အနေဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးပုံစံကို ကျေးရွာအထိ ပျံ့နှံ့ရောက်ရှိ အောင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ အလားတူအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုခြင်း၊ နိုင်ငံတော်၏ စတုတ္တမဏ္ဍိုင်ဖြစ်သော စာနယ်ဇင်းလွတ်လပ်ခွင့်ရရှိအောင် ဆောင်ရွက် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံဖြစ်သည့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေများအား မိမိတို့ အကောင်းဆုံးစီမံနိုင်သည့်‌ ပေါင်နှံ၊ လွှဲပြောင်းခွင့်ရှိစေမည့်‌ လယ်ယာမြေဥပဒေအသစ်များ ပြဌာန်းပေးနိုင်ခြင်း၊ လယ်သမားများ၏ အကျိုးစီးပွားများ ကာကွယ်ပေးနိုင်စေရန် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေပြဌာန်းပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့ စိုက်ပျိုးထုတ်လုပ်သည့်‌ သီးနှံများ ဈေးနှုန်း အာမခံနိုင်အောင် ဥပဒေပြဌာန်းထားပြီး မကြာမီအသက်ဝင် လာမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသည်လည်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသဖြင့် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်း ရှင်များ၊ မိမိတို့နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံလာနိုင်စေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဌာန်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သီလဝါ စီးပွားရေးဇုန်၊ ကျောက်ဖြူစီးပွားရေးဇုန်၊ ထားဝယ်စီးပွားရေး ဇုန်များ ထူထောင်ကာ ပြည်ပကုန်သွယ်မှု ကဏ္ဍ ( Trade ) မြှင့်တင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုနှုန်း (GDP) ကို ၈ % ထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်းဖြင့် အကျယ်တဝင့် ဆွေးနွေး ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော တောင်သူလယ်သမား ကိုယ်စားလှယ်များက လယ်ယာကဏ္ဍ၊ မွေးမြူရေး ကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ သမဝါယမကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍများမှ လိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ကြပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေက မွေးမြူရေး ကဆိုင်ရာတင်ပြချက်များ/ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တင်ပြချက်များနှင့် ပတ်သက်၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် Delivery Units များ ဖွဲ့စည်းပေးထားပြီး ဖြစ်ပါကြောင်း၊ ချေးငွေအတွက် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ရှိပြီး ဖြစ်ပါကြောင်း၊ ယခုတင်ပြချက်များသည်လည်း မိမိတို့ ဆောင်ရွက်ပေး နိုင်သည့်အချက်များ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဒေသအလိုက်ရှိ ဌာနရုံးများတွင် သွားရောက် ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်းဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးမှ အစိုးရသစ်လက်ထက် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်ခဲ့မှုများ ရှင်းလင်းပြောကြားခြင်း၊ တောင်သူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ငင်း ဆောင်ရွက် ပေးနိုင်သည့်‌အချက်များ ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်ပေးမည့်‌ အစီအစဉ်များ၊ နိုင်ငံတော် အစိုးရ အစီအစဉ်ဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးမည့်‌ အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ယခုဆွေးနွေးပွဲတွင် ကြိုတင် တင်ပြထားသည့်‌ ကဏ္ဍ အလိုက် တင်ပြချက် (၁၈၃) ချက် ရှိပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့် တောင်သူများ၏ လိုအပ်ချက်၊ အခက်အခဲ၊ လိုချင်သည့်‌ ဆန္ဒအားလုံးပြည့်‌ဝအောင် ဖြည့်‌ဆည်းပေးချင်ပါကြောင်း၊ သို့သော်လည်း ဝန်နှင့်အား ပေါ်မူတည်၍ ဆန္ဒရှိသလောက် မဆောင်ရွက်နိုင် ဖြစ်တတ်သည်ကိုလည်း သဘောပေါက် စေချင်ပါကြောင်း၊ မည်သို့ပင်ဖြစ်စေ ယခုတင်ပြချက်များကို နိုင်ငံတော် သမ္မတကြီးထံတင်ပြပြီး တိုင်းဒေသကြီးအစီအစဉ်နှင့် ဘတ်ဂျက်၊ နိုင်ငံတော်အစိုးရ ဝန်ကြီးဌာနများ၏ အစီအစဉ်နှင့် ဘတ်ဂျက်၊ ထို့ပြင် ကိုယ့်အားကိုယ်ကိုးအစီအစဉ် စသည့် နီးလမ်း (၃) မျိုးဖြင့် ကြိုးစားဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment